All News Local News

ကယားပြည်နယ်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို တပ်မတော်သားတစ်ဦးက အဓမ္မပြုကျင့်

ကယားပြည်နယ်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို တပ်မတော်သားတစ်ဦးက အဓမ္မပြုကျင့်

ရန်ကုန်၊ စက်တင်ဘာ ၂၆

ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ်အတွင်း ၊ နယ်မြေခံ ခြေမြန်တပ်ရင်း ခမရ ၄၂၈ က တပ်မတော်သားတစ်ဦးက အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး ယင်းအမှုကို အရပ်ဘက်တရားရုံးတွင် စစ်ဆေးပေးရန် မိန်းကလေးငယ်၏ မိဘဆွေမျိုးများနှင့် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

အဆိုပါအမှုှကို တပ်ပိုင်းဆိုင်ရာ စစ်ခုံရုံးတွင် တရားစီရင်မှု မလုပ်ဆောင်ဘဲ အရပ်ဖက်တရားရုံးတွင်သာ စစ်ဆေးအရေးယူပေးရန် ကယားပြည်နယ် အခြေစိုက် အမျိုးသမီး အဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်းများက တိုင်ကြားစာ တစ်စောင်အား ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ ရက်စွဲဖြင့် ဝန်ကြီးချုပ် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၊ လူမှုဝန်ထမ်းဦးစီးဌာန ၊ ဒေသကွပ်ကွဲရေးဦးစီးဌာန ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ တို့ထံ လိပ်မူကာ စာပေးပို့ထားကြောင်း သိရသည်။

လက်ရှိတွင် မိန်းကလေးငယ်နှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ ကူညီစောင့်ရှောက်မှု နှင့် လုံံခြုံရေး အပါအဝင် ဆောင်ရွက်ရမည့် အမှုကိစ္စများကို အရပ်ဘက်အဖွဲ့အစည်းများက လိုက်ပါဆောင်ရွက်ပေးနေကြောင်း ၊ အမှုအား အရပ်ဖက်တရားရုံးတွင် စစ်ဆေးပေးရန် တောင်းဆိုမှုတွေ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်နီ အမျိုးသမီး အစည်းအရုံး ( KNOW ) ဥက္ကဋ္ဌ မမီးမီး က ပြောသည်။

“ကျမတို့ကတော့ ကလေးကို နှစ်သိမ့်တာတွေ ၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လုပ်ပေးတယ်။ ကလေးရဲ့ လုံံ့ခြုံမှု ဆိုင်ရာကိုလည်း ကူညီပေးတယ်။ တရားရေးပိုင်းကတော့ တရားရေးကူညီပေးနေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ၊ သူတို့ဆီက အကြံဉာဏ်ယူပြီး လုပ်ပေးထားတယ်။ အခု အခြေအနေကတော့ စစ်တပ် ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း သူတို့ လုပ်သွားမယ်ဟာမျိုး ပြောတယ်။ ဒါပေမဲ့ CSO အဖွဲ့တွေကတော့ အရပ်ဖက်တရားရေးကို လွှဲပြောင်းပေးဖို့ ပြောနေတယ်။ ဒါပေမဲ့ သူတို့ က မလွှဲပေးဘူး ပြောတယ်။ သူတို့စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း စစ်ခုံရုံး မှာ စီရင်မယ်ဆိုရင် သူတို့က တကယ်စီရင်လား ၊ မလားဆိုတာ အဲဒါက ဘယ်သူမှာ ပြောလို့မရဘူး ။ဘာမှ မလုပ်ပေးဘူးဆိုရင် ရှေ့ဆက်ပြီး တစ်ခုခု လုပ်ဆောင်သွားမယ်” ဟု ၎င်းက ပြောဆိုသည်။

စက်တင်ဘာ ၂၂ ရက်နေ့ က ဖရူဆိုမြို့နယ် ၊ ရာဧပရားကျေးရွာမှာ နေထိုင်သော အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်သည် အစ်မဖြစ်သူဆီ အလည်သွားရောက်နေထိုင်စဉ် အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

မုဒိမ်းကျင့်ခံရမှုနှင့်ပတ်သက်၍ မိန်းကလေးငယ်၏ ဖခင်ဖြစ်သူက တရားလိုလုပ်ကာ ဖရူဆိုမြို့နယ်ရဲစခန်းသို့ တိုင်ကြားထားပြီး သက်ငယ်မုဒိန်းမှု ပုဒ်မ ၃၇၆ ဖြင့် တရားစွဲဆိုထားကြောင်း ၊ အမှုကို အရပ်ဖက်တရားရုံးတွင် စစ်ဆေးပေးရန် တောင်းဆိုထားကြောင်း ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။

“ကလေးမက အသက်မပြည့်သေးဘူး။ ကျနော်တို့ သိရသလောက် တပ်မတော်သားက အသက်ကြီးနေပြီ ။ အိမ်ထောင်လည်း ရှိဖူးတယ်။ အိမ်ထောင်ကွဲ ၊ ရှေ့တန်းကနေ အခုမှ ပြန်လာတယ်လို့ ကြားတယ်။ ဒါက သက်ငယ်မုဒိန်းမှုဖြစ်တာ နောက်ပိုင်းတော့ သိလိုက်တယ်။ ဒီအမှုကို ပိတ်ဖို့ အမှုမဖွင့်ဖို့ စီစဉ်နေတယ်လို ကြားတယ်။ ကျနော်တို့ ၊ အမျိုးသမီးအဖွဲ့အစည်းတွေက ဒီကိစ္စကို ကျေအးပေးဖို့ မဖြစ်တော့ မဖြစ်မနေ တရားစွဲရမယ်။ အခုက ကလေးမက အခု အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားနေတဲ့ ကရင်နီအမျိုးသမီးအဖွဲ့ ဆီ ရောက်နေတယ်။ ဆေးစစ်ဆေးမှုတွေကိုလည်း ပြည်နယ်ဆေးရုံမှာ သွားရောက်စစ်ဆေးတယ်။ မနေ့ကတည်းက ၊ ဒီကိစ္စကို ကလေးမရဲ့ အဖေကိုယ်တိုင် တရားလိုလုပ်ပြီး တရားစွဲမယ် ။ အမှု သွားဖွင့်ထားတယ်။ တရားခံကတော့ တပ်ဘက်ကနေ ချုပ်ထားပြီး စစ်ခုံရုံးမှာ တရားစီရင်ရေး လုပ်သွားမယ်လို့ သိရတယ် “ ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် အဆိုပါအမှုကို စစ်ခုရုံးတွင် စစ်ဆေးဖြစ်ပါက အမှုအတွက် ပွင့်လင်းမြင်သာမှု အပေါ် သံသယရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။

“ တကယ်လို့ စစ်ခုံရုံးက စစ်ရင် ဘယ်လောက်အထိ သိခွင့် ရှိမလဲ ၊ ဘယ်လောက်အထိ ပွင့်လင်းမြင်သာမှု ရှိမလဲဆိုတာ သံသယဖြစ်တယ်။ အရပ်ဖက်တရားရုံးဘက်ကို ပြောင်းပြီး တရားခံက ပြစ်မှုပြစ်ဒဏ် ဘယ်လောက်ကျတယ်ဆိုတာ လူထုဘက်က သိချင်တယ်။ ထိုက်သင့်တဲ့ ပြစ်ဒဏ်လည်း ချမှတ်စေချင်တယ်။ စစ်ဘက်ခုံရုံးကနေ တရားရေးစီရင်ရေးလုပ်မယ်ဆိုရင် ဘယ်လောက်အထိ ကြုံရမလဲ ၊ အဲ့တာက မေးခွန်းမေးစရာ ရှိပါတယ် “ ဟု ၎င်းက ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts