All News Local News

USDP တင်သွင်းသော ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်းကို NLD ဦးဆောင်သော ၄၅ ဦးကော်မတီလုပ်ငန်းစဉ် ထည့်သွင်းမှု တပ်မတော်ကန့်ကွက်

USDP တင်သွင်းသော ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်းကို NLD ဦးဆောင်သော ၄၅ ဦးကော်မတီလုပ်ငန်းစဉ် ထည့်သွင်းမှု တပ်မတော်ကန့်ကွက်

ရန်ကုန်၊ သြဂုတ် ၂၄

ကြံ့ခိုင်ရေးပါတီ(USDP)မှ ဒေါက်တာ မောင်သင်း တင်သွင်းလာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်းကို NLD ပါတီမှ အမတ်များဦးဆောင်သော အခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်များတွင် ထည့်သွင်းခြင်းကို တပ်မတော်က ကန့်ကွက်လိုက်သည်။

ယမန်နေ့ နေပြည်တော်တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ထိုသို့ ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးဇော်မင်းဦးက “ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစီစစ်ရေးပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက် အစီရင်ခံစာသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၃ ၊ ပုဒ်မ ၄၃၅ တို့ နှင့် ပြည်ထောင်စု လွှတ်တော်ဆိုငရာ နည်းဥပဒေ ၁၃၃ မှ ၁၃၉ အထိ ဆောင်ရွက်ရမည်လုပ်ငန်းစဉ်များ နှင့် ညီညွတ်မှု မရှိခြင်း ၊ ဥပဒေကြမ်းကော်မတီသည် ဒေါက်တာ မောင်သင်း တင်သွင်းသည့်ဥပဒေကြမ်းကို စီစစ်ရန် ပျက်ကွက်ခြင်းတို့ကြောင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီအရင်ခံစာ ကန့်ကွက်ကြောင်း ၊ ဥပဒေပြုလွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ) ပါ ပြဋ္ဌာန်းချက်များ ၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့် အညီ တိကျစွာ လိုက်နာဆောင်ရွက်ပြီး ဥပဒေ နှင့်အညီ ပြန်လည်ဆောင်ရွက်ပေးရန် ထောက်ပြတိုက်တွန်းလိုတယ်” ဟု ပြောဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ကို ပြင်ဆင်လိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ၊ အခန်း ( ၁၂) ပါ ပုဒ်မ ၄၃၃ ၊ ၄၃၄ ၊ ၄၃၅ နှင့် ၄၃၆ ပြဋ္ဌာန်းချက်များ နှင့် အညီ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၊ ၄၅ ဦးကော်မတီ ဖွဲ့စည်းပြီး လုပ်ဆောင်နေမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်မှ ကျော်လွန်နေကြောင်း ၊ ဒေါက်တာ မောင်သင်းက ဥပဒေနှင့်အညီ တင်သွင်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ကြမ်းအား ဥပဒေ နှင့် ညီညွတ်ခြင်း မရှိသော ၄၅ ဦးကော်မတီ၏ လုပ်ဆောင်ချက် ၊ လုပ်ငန်းစဉ်အတွင်းသို့ ထည့်သွင်းရန် မသင့်လျော်ကြောင်း တွေ့ရှိရကြောင် း ၎င်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ( ၂၀၀၈) ပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းမှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၃၅ အရ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းသည် မှန်ကန်သော်လည်း လေ့လာစီစစ်ရေးပူးပေါင်းကော်မတီအနေဖြင့် လိုက်နာရမည့်အချက်များဖြစ်သော ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅ အားလိုက်နာခြင်း မရှိခြင်း ပြန်လည်သုံးသပ်သင့်ကြောင်း ၊ ၄၅ ဦးကော်မတီဖြင့် ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်နေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ) ပြင်ဆင်ရေး လုပ်ငန်းစဉ် နှင့် ဒေါက်တာမောင်သင်း အပါအဝင် ကိုယ်စားလှယ် ၁၄၅ ဦး ဖွဲ့စည်းပုံ အခြေခံဥပဒေ ၉၂၀၀၈ ) ပြင်ဆင်ရေးအတွက် ဥပဒေ ၊ နည်းဥပဒေပြဋ္ဌာန်းချက်များနှင့် တင်ပြလုပ်ဆောင်ခဲ့သော လုပ်ငန်းစဉ်များ နှင့် လုံးဝမတူညီကြောင်း တပ်မတော်သားအမတ်များက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ) ပြင်ဆင်ရေးကော်မတီ ၄၅ ဦးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၊ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများနှင့် အညီ ဖွဲ့စည်းထားမှု မရှိကြောင်း ၊ ၎င်းကော်မတီသည် ပြင်ဆင်ပယ်ဖျက်ရန် တင်ပြချက် ၃၇၆၅ ချက်အား ဥပဒေမူကြမ်းအဖြစ် ရေးဆွဲရန် လုပ်ငန်းစဉ်များ ကျန်ရှိ၍ အချိန်ကြန့်ကြာနိုင်ကြောင်း ၊ ဒေါက်တာ မောင်သင်း နှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးက လက်မှတ်ရေးထိုးတင်သွင်းတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းအား အဆိုပါ ၄၅ ဦးလုပ်ငန်းကော်မတီတွင် သဘောတည်း ထည့်သွင်း စီစစ်ရန် ဥပဒေမူကြမ်းလေ့လာပူးပေါင်းကော်မတီ ၏ အစီရင်ခံစာ အပိုဒ် ၈ ပါ သဘောထားမှတ်ချက်အား လုံးဝကန့်ကွက်ကြောင်း ၊ ဥပဒေ ၊ နည်းဥပဒေများ နှင့် တင်သွင်းထားတဲ့ဥပဒေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အညီ ပြင်ဆင်သင့်ကြောင်း တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ညွန့်ဆွေက ထောက်ပြ ပြောဆိုသည်။

လက်ရှိတွင် NLD ပါတီမှ လွှတ်တော်အမတ်များ ဦးဆောင်သော ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၅ ဦးကော်မတီ၏ အစီရင်ခံစာအရ ဥပဒေကြမ်းရေးဆွဲနိုင်ရေး လွှတ်တော်တွင် ဆွေးနွေးနေကြခြင်းဖြစ်ပြီး အပြီးသတ် ဆွေးနွေးမှုများကိုလ ာမည့် အပတ် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေး ဆုံးဖြတ်မည်ဖြစ်သည်။

Photo Credit- Time

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com