All News interview Local News Peace

UNFC နိဂုံးချုပ်သွားခြင်းက တိုင်းရင်းသားစည်းလုံးမှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ်မှာ ဘယ်လိုတွေသက်ရောက်မှုရှိမလဲ

UNFC နိဂုံးချုပ်သွားခြင်းက တိုင်းရင်းသားစည်းလုံးမှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ်မှာ ဘယ်လိုတွေသက်ရောက်မှုရှိမလဲ

By နန့်အိသူ/ ရန်ကုန်ခေတ်သစ်

ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ( PNLO ) ၊ ဦးဆောင်နာယက – ဗိုလ်မှူးကြီး ခွန်ဥက္ကာ နှင့် ဆက်သွယ်မေးမြန်းချက်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်တွင် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့က ကျင်းပခဲ့သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အရေးပေါ်အစည်းအဝေးတွင် UNFC အဖွဲ့ကို ယာယီရပ်ဆိုင်းကြောင်း ဆုံးဖြတ်လိုက်သည်။ ၂၀၁၁ ခုနှစ်က တိုင်းရင်းသားအားလုံး စုစည်းညီညွတ်မှုဖြင့် ဖွဲ့စည်းခဲ့သော UNFC သည် ၈နှစ်ကျော်အကြာတွင် နိဂုံးချုပ်သွားခဲ့ပြီး ယင်းသို့ နိဂုံးချုပ်မှုက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အပေါ် မည်သို့ မည်ပုံ သက်ရောက်နိုင်သည်ကို UNFC အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့သော PNLO မှ ဗိုလ်မှူးကြီး ဦးခွန်ဥက္ကာကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ UNFC အဖွဲ့ ဘာကြောင့် ရပ်ဆိုင်းသွားတယ်လို့ ထင်လဲ။

ဖြေ။ ။ ကျနော်တို့က ၂၀၁၅ ၊ နိုဝင်ဘာလထဲက ကျနော်တို့အဖွဲ့ကို ယာယီ ထုတ်ပယ်ထားတော့ ၂၀၁၆ နှစ်ကုန်လောက်မှာ ကျနော်တို့ ( PNLO ) အဖွဲ့ က UNFC ကနေ အပြီးတိုင် နှုတ်ထွက်ထားတယ်။ ကျနော်တို့အဖွဲ့ UNFC မှာ အဖွဲ့ဝင်မဖြစ်တာ တော်တော်ကြာသွားပြီ ။ ၃ နှစ်ခွဲလောက် ရှိပြီ။ ကျနော်တို့ သိတာက UNFC က ယာယီရပ်နားလိုက်တာလို့ ကြားတယ်။ လုပ်ငန်းတွေကိုယာယီရပ်နားတဲ့သဘော ဖြစ်မှာပေါ့။

မေး ။ ။ UNFC ယာယီရပ်ဆိုင်းလိုက်တဲ့ အပေါ် ဘယ်လို သုံးသပ်ချင်လဲ။

ဖြေ။ ။ UNFC ယာယီရပ်ဆိုင်းလိုက်ရတာက နံပါတ် ၁ က အလုပ်မဖြစ်တော့လို့ ရပ်ဆိုင်းလိုက်တာပေါ့။ နံပါတ် ၂ က ကျန်ခဲ့တာ အဖွဲ့ဝင် ၅ ဖွဲ့ဆိုတာ မဟုတ်ပါဘူး။ အဖွဲ့ဝင် ၂ ဖွဲ့ ပဲ ကျန်တော့တယ်။ ဒီ UNFC စတည်ထောင်တုန်းက ကျနော်တို့ ကိုယ်တိုင် ပါတယ်။

အဖွဲ့ဝင်ဖြစ်တော့ UNFC အပေါ်မှာ အဖွဲ့ဝင် ၊ အဖွဲ့တစ်ခုဟာ လုံလောက်တဲ့ အကြောင်းပြချက်နဲ့ နှုတ်ထွက်ပြီ ဆိုပြီး စာတင်ရင် အဲ့တာက ထွက်ပြီးပြီ လို့ ယူဆတယ် ။ အဲ့တာကြောင့် KIO နှင့် SSPP က ထွက်ပြီးပါပြီ ။ နောက်ပြီး လားဟူ နှင့် မွန်ကလည်း ထွက်ပြီးပြီ ။ လားဟူ နှင့် မွန်က ပိုဆိုးတာက NCA ပါ လက်မှတ်ထိုးထားပြီးသား ဖြစ်နေတယ်။ ဒါကြောင့် သူတို့က UNFC အဖွဲ့ဝင် မဟုတ်တော့ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ပြောရရင် မဟုတ်တော့ပါဘူး။

သို့သော်လည်း နည်းနည်းလေး လှလှပပဖြစ်အောင် ယဉ်ကျေးမှုအရ ထွက်ထားတယ်။ ဒါပေမဲ့ ထွက်ခွင့် မပေးလို့ ဖမ်းထားတာ။ တကယ် ကျန်ခဲ့တာက ၂ဖွဲ့ပဲ ကျန်တော့တယ်။ ၂ ဖွဲ့ ပဲ ကျန်တော့ ၂ဖွဲ့ထဲမှာ KNPP က အဓိက တာဝန်ယူနေတော့ သူကလည်း NCA လက်မှတ်ထိုးရေး ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ပါဝင်ရေး ခြေလှမ်းပြင်နေတဲ့ အခါကျတော့ UNFC မှာ အဖွဲ့ဝင် သိပ်တန်ဖိုး မရှိတော့ဘူး ဖြစ်သွားမယ်။ အဲ့တာကြောင့်မို့ UNFC ယာယီရပ်ဆိုင်းလိုက်တာပဲ ကောင်းပါတယ်။ အဲ့လို့ ယူဆပါတယ်။

မေး ။ ။ UNFC ယာယီ ရပ်ဆိုင်းလိုက်တဲ့အပေါ် လက်ရှိအကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဘာများ ဖြစ်လာမလဲ ။

ဖြေ ။ ။ ငြိမ်းချမ်းရေး ပိုအလားအလာ ပိုကောင်းတာပေါ့။ လက်ရှိ အဖွဲ့ဝင်တွေက လွတ်လွတ်လပ်လပ် ပိုလုပ်လာနိုင်တယ်။

မေး ။ ။ ဘယ်လို အချက်တွေကြောင့် ငြိမ်းချမ်းရေးအပေါ် လွတ်လပ်စွာ လုပ်ဆောင်လာနိုင်တယ်လို့ ပြောတာလဲ ။

ဖြေ။ ။ KNPP က နောက်ဆံ မတင်းတော့ဘူးလေ။ ဘာကြောင့်လဲဆိုတော့ KNPP က NCA မှာပဲ တာဝန်ဆက်ယူ နေရမလား ၊ UNFC ကိုပဲ စောင့်ရှောက်ရမလဲ မသိဘူးဖြစ်နေတယ်။ အခုလို ရပ်နားလိုက်တော့ ဆုံးဖြတ်ချက်ကို လွတ်လွတ်ကျွတ်ကျွတ် ချလို့ ရသွားတာပါ။

မေး ။ ။ နှုတ်ထွက်သွားတဲ့ UNFC အဖွဲ့ဝင်တွေက ငြိမ်းချမ်းရေးအပေါ် ဘယ်လို့ ပုံစံမျိုးနဲ့ လုပ်ဆောင်သွားဖို့ ရှိနိုင်လဲ။

ဖြေ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ရိုးရိုးရှင်းရှင်းလေးပါ။ UNFC က ပုံစံတမျိုး ၊ အသွင်တမျိုး နှင့် နေရာပြောင်းသွားတာပဲ။ အားလုံး UNFC အဖွဲ့ဝင်တွေက ရှိနေပါတယ်။ သို့သော်လည်း အသွင်တစ်မျိုး ၊ နေရာ တမျိုး ပြောင်းသွားတဲ့ဟာကို ကျနော်တို့က တစ်ဖက်မှာ ယာယီ ရပ်နားပြီတော့ ၊ တစ်ဖက်မှာ ပုံစံတစ်မျိုးနဲ့ အလုပ်လုပ်လို့ရအောင် ၊ တိုင်းရင်းသားတွေကတော့ ညီညီညွတ်ညွတ် နဲ့ စုပေါင်း လုပ်မှာပဲ။ ဒါပေမဲ့ အဲ့ဒီနေရာမှာ တစ်ခါတစ်လေ ခွဲလိုက် ၊ စုလိုက် ပြန်ဖြစ်တက်ပါတယ်။လုံးဝ ပျက်ဆီးယိုယွင်းသွားတဲ့ ပုံစံမျိုး ၊ ပျက်သွားတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ အသွင်ပြောင်းသွားတဲ့ သဘောပါ။

အခု ငြိမ်းချမ်းရေး လှုပ်ရှားမှုမှာ UNFC က အဖွဲ့ဝင်တွေက စနစ်တကျ ပါလာနိုင်တဲ့ သဘောတော့ ဖြစ်သွားတာပေ့ါ။ ဘာကြောင့်လဲဆိုတော့ နောက်ဆံမတင်းတော့ဘူး ။ မဟုတ်ရင် နှစ်ဖက် ဖြစ်နေတာပေါ့ ။ ဒီဘက်မှာ လက်မှတ်ထိုးထားတဲ့ PPST ဆိုပြီး အပစ်အခတ်ရပ်ထားတာ တစ်ခု ရှိတယ်။ နောက် UNFC က ကျန်နေတယ်ဆိုရင် လုပ်ရကိုင်ရ ပိုခက်တာပေါ့။

ဥပမာ – မွန်ပြည်သစ် ပါတီ အဖွဲ့လိုမျိုးပေါ့။ သူတို့က NCA လက်မှတ်လည်း ထိုးပြီးပြီ။ UNFC ဆီမှာလည်း မရှင်းမရှင်း ဖြစ်နေတော့ လုပ်ရကိုင်ရ မကောင်းတော့ PPST မှ လာပြီးတော့ ထဲထဲဝင်ဝင် အလုပ်လုပ်ဖို့ နည်းနည်းအခက်အခဲ ဖြစ်တာပေါ့။ အခုဆိုရင် အဲဒီအခက်အခဲကို ကျော်လွှားကုန်တဲ့ သဘော တော့ ရှိတာပေါ့။

မေး ။ ။ လက်ရှိအစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ ငြိမ်းချမ်းရေးအပေါ် လုပ်ဆောင်နေတဲ့ တခြား အဖွဲ့အစည်းတွေကော ရှိသေးလား။

ဖြေ။ ။ ကျနော်တို့ကတော့ လောလောဆယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဖွဲ့စည်းတာ ရှိတယ်။ UPDJC ၊ JIC ၊ အများကြီး ရှိတယ်။ ဒါက NCA ထိုးပြီး ဖွဲ့ထားတဲ့ ဟာ ၊ ဒါကြောင့် UNFC အဖွဲ့က လက်ကျန်အဖွဲ့တွေ ဒီ ပူးပေါင်းဖွဲ့ထားတဲ့ အဖွဲ့ထဲမှာ နောက်ဆက်တွဲပါလာဖို့ အခွင့်အလမ်း ပိုများတာပေါ့ ။

မေး ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အစိုးရ နှင့် တိုင်းရင်းသားအဖွဲ့တွေအကြား UNFC လို ကိုယ်စားပြုနိုင်တဲ့ အဖွဲ့ ရှိနိုင်သေးလား။

ဖြေ။ ။ UNFC ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ တပ်ပေါင်းစု အနေနဲ့ ပါတာ မဟုတ်တာ။ အပြင်မှာပဲ ရှိတာ။ အပြင်မှာ ကျန်တာက မြောက်ပိုင်းမဟာမိတ်အဖွဲ့ပဲ ကျန်တယ်။ အဲဒါက သူတို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ ဘောင်မဝင်သေးဘူး ပြောတာပဲ ။ သို့သော် ဘောင်ဝင်လာမယ် အဖွဲ့တွေက PPST မှာ အစုဖွဲ့တယ်။ နောက်ပြီးတော့ NCA ပြဋ္ဌာန်းချက်အတိုင်း အစိုးရ ၊ တပ်မတော်နှင့် ဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်တဲ့ အဖွဲ့တွေလည်း ရှိတယ်။ အဲဒီမှာလည်း ပါလာကြတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts