All News Local News

NLD ဦးဆောင်သော ဖွဲ့စည်းပုံပြင်ရေးပူးပေါင်းကော်မတီကို “ချောင်ချိုချောင်ကြားက သွားမယ့်လူတစ်စု” ဟု တပ်မတော်သားလွှတ်တော်အမတ် ဗိုလ်ကြီးဒေါ်အေးသဉ္ဇာကျော်ပြော

NLD ဦးဆောင်သော ဖွဲ့စည်းပုံပြင်ရေးပူးပေါင်းကော်မတီကို “ချောင်ချိုချောင်ကြားက သွားမယ့်လူတစ်စု” ဟု တပ်မတော်သားလွှတ်တော်အမတ် ဗိုလ်ကြီးဒေါ်အေးသဉ္ဇာကျော်ပြော

နေပြည်တော်၊ သြဂုတ် ၂၃

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်အေးသဉ္ဇာကျော်က ခြေ/ဥ ပြင်ဆင်ရေး အခန်း ၁၂ ကို “ဖြူးနေအောင်ဖောက်လုပ်ပေးထားတဲ့လမ်းမကြီး” ဟု ခိုင်းနှိုင်းခဲ့ပြီး NLD က ဦးဆောင်ပြုလုပ်နေသည့် ခြေ/ဥပြင်ဆင်ရေး ၄၅ဦးပူးပေါင်းကော်မတီကို “ချောင်ချိုချောင်ကြားသွားမယ့်လူတစ်စု” ဟု ခိုင်းနှိုင်းပြောကြားခဲ့သည်။

ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးကြရာ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်အေးသဉ္ဇာကျော်က အထက်ပါအတိုင်းပြောကြားဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း ဦးဆောင်၍ ကိုယ်စားလှယ် ၁၄၅ ဦးက တင်သွင်းထားသော ခြေ/ဥ ပြင်ဆင်ရေးဥပဒေမူကြမ်းသည် ဥပဒေနှင့်အညီတင်သွင်းလာခြင်းဖြစ်ပြီး ဆက်လက်လုပ်ဆောင်ရန်ခွင့်ပြုပေးသင့်ကြောင်း ၎င်းကဆိုသည်။

ဒေါက်တာမောင်သင်းတို့ ၁၄၅ ဦးတင်သွင်းသည့် ဥပဒေမူကြမ်းကို NLD လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ရွက်သော ခြေ/ဥပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီ၏ ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များတွင် ထည့်သွင်းစီစစ်ဆောင်ရွက်သင့်သည်ဟု သဘောထားမှတ်ချက်ပေးထားခြင်းကိုလည်း ဗိုလ်ကြီးဒေါ်အေးသဉ္ဇာကျော်က ကန့်ကွက်ခဲ့သည်။

ယင်းသို့ သဘောထားမှတ်ချက်ပြုခြင်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေကိုသိသိကြီးနှင့်တမင်ချိုးဖောက်သကဲ့သို့ဖြစ်နေသည်ဟုလည်း ၎င်းကဆိုသည်။

“ရှေ့ကသွားနှင့်မယ်ဆိုတော့လည်း မထားခဲ့နဲ့ အတူတူသွားရအောင် ဆိုပြီးတားတယ်။ နောက်ကလိုက်ခဲ့ပါဆိုလို့ လိုက်ပြန်တော့လည်း အချိန်တွေသာကုန်သွားတယ် မောင်ပုံ က အခုထိ စောင်းတီးသင်လို့ကို မပြီးသေးဘူးဆိုတာမျိုးလိုဖြစ်နေပါတယ်။ ဘာနဲ့အလားသဏ္ဍာန်တူသလဲဆိုရင် ဖြူးနေအောင်ဖောက်လုပ်ပေးထားတဲ့လမ်းမကြီး ဘေးကင်းလုံခြုံစိတ်ချရတဲ့လမ်းမကြီး ၊ သွားမယ့်ခရီးကိုတိကျသေချာစွာရောက်အောင် သွားနိုင်တဲ့လမ်းမကြီးတစ်ခုကို အဆင်သင့်လည်းဖောက်ပေးထားပြီးပြီ။ အဲ့ဒီလမ်းကိုတစ်ကယ်အားကိုးယုံကြည်ဆုပ်ကိုင်ပြီးသွားဖို့လုပ်နေတဲ့လူတစ်စုကို ဒီလမ်းချိုးကဝင် ဟိုလမ်းချိုးကထွက် ဖောက်ပေးထားတဲ့လမ်းကိုမသုံးဘဲ ချောင်ချိုချောင်ကြားသွားမယ့်လူတစ်စုနဲ့အတူ လိုက်သွားပါလားလို့ အကြံပြုသလိုဖြစ်နေပါတယ်” ဟု ဗိုလ်ကြီးက ဆိုသည်။

၄၅ ဦးကော်မတီအနေဖြင့် လွှတ်တော်အတွင်း လမ်းကြောင်းတစ်ခုကသွားနေသည်ဖြစ်သည့်အတွက် ကိုယ့်လမ်းကိုယ်ဆက်လျှောက်သင့်ကြောင်း၊ ဒေါက်တာမောင်သင်းတို့အဖွဲ့အနေဖြင့် ဥပဒေကြောင်းအရ ဖွဲ့ထားသည့်အဖွဲ့ဖြစ်သည့်အတွက် သတ်မှတ်ထားသည့်လမ်းကြောင်းအတိုင်းဆက်လျှောက်သွားရန်ခွင့်ပြုသင့်ကြောင်း ၎င်းကဆိုသည်။

“ထင်သာမြင်သာမရှိတဲ့ အင်မတန်ကြံ့ကြာနိုင်တဲ့လမ်းကြောင်းဖြစ်တာကြောင့် အတူတူလျှောက်ဖို့ အကြံပြုတာကိုတော့ လုံးဝလုံးဝလက်မခံနိုင်ပါကြောင်း ကန့်ကွက်ပါကြောင်းပြောလိုပါတယ်။ ဘာလို့လဲဆိုတော့ ခရီးပေါက်အောင်သွားနိုင်တဲ့သတ်မှတ်လမ်းနဲ့ အမြန်နှုန်းခြင်းမတူလို့ဖြစ်ပါတယ်။ ပြည်သူလူထုဆီ ပြည်သူလူထုအကျိုးရှိတာကို ပြည်သူများအမြန်ရရှိခံစားစေနိုင်ဖို့ အလျင်လိုတာကိုအရင်ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း အကြံပြုလိုပါတယ်” ဟု ၎င်းကပြောသည်။

ဥပဒေမူကြမ်းနှင့်ပတ်သက်၍ ပြင်ဆင်သည့်လုပ်ငန်းစဉ် ၂ ရပ်အပြိုင်တင်သွင်းလာသည့်အခါ သီးခြားဆောင်ရွက်ရန်လုပ်ငန်းစဉ်များဖော်ပြထားခြင်းမရှိသည့်အတွက် လွှတ်တော်အဆုံးအဖြတ်ကိုရယူဆောင်ရွက်ခဲ့သည်ဟု လေ့လာတွေ့ရှိရကြောင်း ၊ လုပ်ငန်းစဉ် ၂ ရပ်အပြိုင်တင်သွင်းသည်ဟု ဆိုပါကလည်း တစ်ခုက ဥပဒေမူကြမ်းဖြစ်ပြီး တစ်ခုကပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ရန် ဝိုင်းဝန်းအကြံပြုသည့်အဆင့်သာရှိသေးခြင်းကြောင့် အဆင့်ချင်းမတူသည်ကို သတိချပ်သင့်ကြောင်း သူက ပြောသည်။

လွှတ်တော်အဆုံးအဖြတ်ရယူဆောင်ရွက်ခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၁၂ နှင့်အညီဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်းလား မျှတမှုရှိလားဆိုသည်ကိုလည်း လွှတ်တော်နာယကအပါအဝင် ကိုယ်စားလှယ်များက အပြန်ပြန်အလှန်လှန်ဝေဖန်ပိုင်းခြားသုံးသပ်ပြီးမှဥပဒေနှင့်အညီဖြစ်စေရေး မှန်ကန်စွာစဉ်းစားဆုံးဖြတ်သင့်ကြောင်း ၎င်း ကထပ်လောင်းပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts