All News Local News

NLD အစိုးရလက်ထက်တွင် လွတ်လပ်စွာ ပြောဆိုခွင့်ပိတ်ပင်ခံရဟု တရားစွဲဆိုခံ ကရင်နီလူငယ်များ ပြော

NLD အစိုးရလက်ထက်တွင် လွတ်လပ်စွာ ပြောဆိုခွင့်ပိတ်ပင်ခံရဟု တရားစွဲဆိုခံ ကရင်နီလူငယ်များ ပြော

ရန်ကုန်၊ သြဂုတ် ၁

NLD အစိုးရလက်ထက်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင်ခံထားရကြောင်း တရားစွဲဆိုခံ ကရင်နီလူငယ်များက ယနေ့ ရုံးထုတ်တွင် ပြောဆိုလိုက်သည်။

ကယားပြည်နယ်အစိုးရက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် လုံခြုံရေး ဥပဒေ ပုဒ်မ ၁ဝ ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် ကရင်နီလူငယ် ခြောက်ဦးက ယနေ့ လွိုင်ကော်ခရိုင် တရားရုံးထုတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုကိစ္စ ဆက်လက်ကန့်ကွက်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။

အဆိုပါ လူငယ်ခြောက်ဦးသည် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖယ်ရှားပေးရန် ကတိပျက်ကွက်ခဲ့သော ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ကို နိုင်ငံရေး ရာဇဝတ်ကောင် များ ၊ ကရင်နီ အမျိုးသား သစ္စာဖောက် များ ၊ တိုင်းရင်းသားသွေးစည်း ချစ်ကြည်ရေး၏ ဘုံရန်သူများ ၊ ကျေးဇူးကန်းသူများဟု လက်မှတ်ထိုး ကြေညာခဲ့ခြင်းကြောင့် မေလ ၁၆ ရက်နေ့တွင်တရားစွဲဆို ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“ကျွန်တော်တို့ နဂို ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကိစ္စကို ကျွန်တော်တို့ဆက်ပြီးတော့လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အနှေးနဲ့ အမြန်ပဲရှိပါတယ်။ ကျွန်တော်တို့ ဒီနေရာမှာ ရပ်တည်ပြီး စကားပြောနေရတာလည်း ကျွန်တော်တို့ ကရင်နီသမိုင်းကိစ္စဖြစ်ပါတယ်။ ဒီသမိုင်းမှန်ဖော်ထုတ်ဖို့အတွက် လှုပ်ရှားမှုတွေဆက်ပြီးတော့လုပ်သွားမှာဖြစ်ပါတယ်” ဟု ကရင်နီ လူငယ်များကဆိုသည်။

ထို့ပြင် သမိုင်းမှန်ဖော်ထုတ်ရာတွင် ပြည်နယ်ရှိ တိုင်းရင်းသား ညီနောင်များ အချင်းချင်း စည်းလုံးရန်လုပ်နေခြင်းသည် တစ်စုံတစ်ခုအတွက် အာဏာရ ပုဂ္ဂိုလ်များကို တိုက်ခိုက်နေခြင်းမဟုတ်ကြောင်း၊ အရှိတရားကိုသာ ဖော်ထုတ်ခြင်းဖြစ်ပြီး လက်ရှိ NLD အစိုးရလက်ထက်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ အကြီးအကျယ်ပိတ်ပင်ခံနေရကြောင်း ၎င်းတို့ကဆက်လက်ပြောဆိုသည်။

လက်ရှိချိန်တွင် ကရင်နီ လူငယ် ခြောက်ဦးကို လွိုင်ကော်မြို့နယ်တရားရုံးတွင် ၇ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလို သက်သေတစ်ဦးအား စစ်ဆေးခဲ့ပြီး နောက်လာမည့်ရုံးချိန်းတွင် လျောက်လဲှချက်တင်ရန်အတွက် နောက်လာမည့် သြဂုတ်လ ၁၅ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts