All News Local News Peace

NCA လက်မှတ်ထိုးမှု ၄ နှစ်နီးပါးရှိလာချိန် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် လမ်းစ ဝေဝါးနေဆဲဟု PPST ယာယီခေါင်းဆောင်ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

NCA လက်မှတ်ထိုးမှု ၄ နှစ်နီးပါးရှိလာချိန် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် လမ်းစ ဝေဝါးနေဆဲဟု PPST ယာယီခေါင်းဆောင်ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

ရန်ကုန်၊ သြဂုတ် ၂၁

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး(NCA) စာချုပ် လက်မှတ်ရေးထိုးမှု ၄ နှစ်နီးပါးရှိလာပြီဖြစ်သော်လည်း ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလမ်းစ ဝေဝါးနေဆဲဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုလိုက်သည်။

သြဂုတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပနေသည့် PPST အစည်းအဝေး ဖွင့်ပွဲတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီး အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပလျက်ရှိနေသည်။

“ကျနော်တို့ NCA ကို လက်မှတ်ရေးထိုးခဲ့တာ အခုဆိုရင် ၄ နှစ် တင်းတင်းပြည့်ဖို့ နီးကပ်လာပါပြီ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ပြန်သုံးသပ်ကြည့်ရင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လမ်းစက ဝေဝါးနေဆဲပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုသည်။

လက်ရှိ ကျင်းပနေသည့် PPST အစည်းအဝေးတွင် PPST စုဖွဲ့မှု ကိစ္စကို ဆွေးနွေးမည်ဖြစ်သည့်အပြင် ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန် ငြိမ်းချမ်းရေး အခင်းအကျင်းနှင့်ပတ်သက်၍ တိတိကျကျ မူဝါဒ ချမှတ်မည်ဖြစ်ကြောင်း၊ အစိုးရ အဆိုပြုသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၄ ရပ် အဆိုပြုမှုနှင့်ပတ်သက်ပြီး ဘုံသဘောထားချမှတ်ရန်လည်း လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်ဆိုင်းနေသည်မှာ တစ်နှစ်ကျော်လာပြီဖြစ်ပြီး လုပ်ငန်းစဉ် ပြန်စနိုင်ရေး မျှမျှတတ အလျှော့အတင်းလုပ်ပြီး နည်းလမ်းရှာရန် အရေးတကြီးလိုအပ်နေကြောင်း၊ တပ်မတော်၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးသည် သြဂုတ်လအကုန်တွင် သက်တမ်းကုန်မည်ဖြစ်ပြီး သက်တမ်း ထပ်မတိုးခဲ့ပါက အပစ်ရပ်ကာလအလွန် ငြိမ်းချမ်းရေး အခင်းအကျင်းများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုထားသည်။

အစိုးရဘက်က အဆိုပြုထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၄ ရပ်မှာ NCA အကောင်အထည်ဖော်နေသည့်ကိစ္စများ ပြန်သုံးသပ်ခြင်းနှင့် NCA တွင်ပါသည့် စကားရပ်များ အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ ဖက်ဒရယ်အခြေခံမူဝါဒနှင့်လုပ်ငန်းစဉ် ညှိနှိုင်းခြင်း၊ ၂၀၂၀ မတိုင်ခင် နှင့် ၂၀၂၀ အလွန် မပြီးသတ်သေးသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အာမခံရှိရှိ ဆက်လက်ဆွေးနွေးနိုင်ရေး ညှိနှိုင်းခြင်း ၊ NCA လက်မှတ်ထိုးပြီးသောတိုင်းရင်းသားလက်နက်ကိုင်များ သက်ဆိုင်ရာဒေသများတွင် ပြည်သူနှင့့်တွေ့ဆုံခြင်း၊ ဖွံ့ဖြိုးရေးကိစ္စများ ဆောင်ရွက်နိုင်ရေး ဆွေးနွေးခြင်း တို့ဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts