All News Local News

MCE ဆပ်ပြာစက်ရုံအလုပ်သမား သပိတ် ၈ ရက်ကြာသည်အထိ မပြေလည်သေး

MCE ဆပ်ပြာစက်ရုံအလုပ်သမား သပိတ် ၈ ရက်ကြာသည်အထိ မပြေလည်သေး

ရန်ကုန်၊ သြဂုတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် ဦးချိမ့်လမ်း စက်မှုဇုန် (၁)ရှိ MCE ဆပ်ပြာစက်ရုံအလုပ်သမားများက လုပ်ခကျွမ်းကျင်ကြေး တိုးတောင်းမှုအပေါ် အလုပ်ရှင်က သဘောတူခြင်းမရှိသေးသောကြောင့် အလုပ်သမား ၁၀၀ ဝန်းကျင်က သပိတ်မှောက်တောင်းဆိုလျက်ရှိပြီး ယနေ့ သြဂုတ်လ ၂၉ရက်နေ့ ၈ရက်ကြာ သည်အထိ မပြေလည်သေးကြောင်း သိရှိရသည်။

သြဂုတ်လ ၂၂ရက်နေ့မှစတင်၍ MCE ဆပ်ပြာစက်ရုံအလုပ်သမားများက စတင် သပိတ်မှောက်လျက်ရှိပြီး အလုပ်ရှင်ကိုယ်စားလှယ်အဖွဲ့နှင့် အလုပ်သမားများအကြား မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် ၃ရက်ဆက်တိုက် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်နေသော်လည်း ပြေလည်မှုမရရှိသေးကြောင်း အလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေသူ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးမှူး ကိုကျော်မျိုးကဆိုသည်။

‘ မန်နေဂျာကို ထုတ်ခိုင်းတဲ့အချက်ရယ် ကျွမ်းကျင်ကြေး တိုးတောင်းထားတဲ့ အချက်ရယ် အဲ့ဒီနှစ်ချက် အဆင်မပြေဘူး။ ကျန်တဲ့အချက်တွေက ဥပဒေပါ အချက်အလက်တွေကတော့ ပြဿနာမရှိဘူးလေ အဲဒီနှစ်ချက်ကတော့ မပြေလည်သေးဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနကတော့ ခုံသမာဓိတင်ဖို့ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကတော့ ခုံသမာဓိ ဆက်တက်ဖို့မရှိဘူး။ ဒီမှာတင်ပြန်ပြီးတော့ ညှိဖို့ ကြိုးစားအုန်းမယ်။ သပိတ်စခန်းကတော့ ဆက်ဖွင့်ထားဦးမယ် ’ဟု ၎င်းကဆိုသည်။

အလုပ်သမားများတောင်းဆိုထားသောအချက်များမှာ လုပ်ငန်းကျွမ်းကျင်ကြေးအား တစ်နှစ်လျှင် သုံးသောင်းကျပ် နှစ်စဉ်တိုးမြှင့်ပေးရန်၊ လက်ထောက်မန်နေဂျာ ဒေါ်နှင်းအိဝင်းကို အလုပ်မှထုတ်ပယ်ပေးရန်၊ အလုပ်သမားများအား ခွဲခြားဆက်ဆံခြင်း မပြုလုပ်ရန်၊ ထမင်းစားချိန်အား တိကျစွာသတ်မှတ်ပေးရန်၊ အချိန်ပို OT ကြေးအား ရက်အတွင်းရှင်းပေးရန်စသည့် အချက် ၁၃ချက်ကို အလုပ်ရှင်ထံမှ တောင်းဆိုထားခြင်းဖြစ်သည်။

အလုပ်ရှင် အလုပ်သမားများ ၃ရက်ဆက် ညှိနှိုင်းရေး အလုပ်သမား ကိုယ်စားလှယ်ဖြင့်ပါဝင်ခဲ့သော ပြည်သူ့ပါတီ ရန်ကုန်တိုင်းတောင်သူလယ်သမားနှင့်အလုပ်သမားရေးရာကော်မတီ တာဝန်ခံ ကိုမြတ်ကျော်က‘ အလုပ်သမားတွေ သပိတ်မှောက်တောင်းဆိုမှုဟာ ထိုက်တန်တဲ့ လုပ်အားအဖိုးအခကိုတောင်းတာပဲ။ သပိတ်မှောက်အလုပ်သမားတွေကို မေးကြည့်တဲ့အခါ အနည်းဆုံးလုပ်ခလစာ တနေ့ ၄၈၀၀ကလွဲရင် အခြားဘာခံစားခွင့်မှ မရှိဘူး။ ဒီခေတ်ဒီအခြေအနေဒီကုန်ဈေးနှုန်းနဲ့ ထိုက်သင့်တဲ့ လုပ်အားခကို တောင်းတာဖြစ်လို့တရားမျှတတယ်’ဟု ပြောသည်။

ထို ညှိနှိုင်းဆွေးနွေးပွဲများ တွင် လုပ်ငန်းရှင်ဘက်က မီတာခ တက်ခြင်းအပါအဝင် အခြားဈေးနှုန်းများ တက်ခြင်းကြောင့် အလုပ်သမားများ တောင်းဆိုချက်ကိုမလိုက်လျောနိုင်ကြောင်း ပြောဆိုကြောင်း ၊အဆိုပါ MCE (ဝရိန်းဘိုး)ဆပ်ပြာစက်ရုံတွင် အလုပ်သမား ၃ဝဝကျော် အလုပ်လုပ်ကိုင်လျက်ရှိသော ပုဂ္ဂလိက စက်ရုံတစ်ခုဖြစ်ကြောင်း အလုပ်သမားများထံမှ သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက MCE အလုပ်ရှင်ဘက်သို့ ဆက်သွယ်ရန် ကြိုးပမ်းသော်လည်း ယင်းစက်ရုံပါ ဖုန်းနံပါတ်များမှာ ခေါ်ဆိုချိန်တွင် ခေါ်ဆို၍ မရဖြစ်နေသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာနထံ ဆက်သွယ်သော်လည်း တာဝန်ခံ ဖြေဆိုမည့် သူမရှိဟုဆိုကာ ဖုန်းချသွားခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com