interview political news

KBC ဥက္ကဋ္ဌ ကို တရားစွဲဆိုခြင်းဖြင့် တပ်မတော်က ဘာသာရေးနှင့် လွတ်လပ်စွာ ပြောဆိုခွင့် ဖိနှိပ်နေမှုကို ပြသ

KBC ဥက္ကဋ္ဌ ကို တရားစွဲဆိုခြင်းဖြင့် တပ်မတော်က ဘာသာရေးနှင့် လွတ်လပ်စွာ ပြောဆိုခွင့် ဖိနှိပ်နေမှုကို ပြသ

By နန့်အိသူ/ ရန်ကုန်ခေတ်သစ်

အမေရိကန်သမ္မတထရမ့်နှင့် တွေ့ဆုံပြီး စစ်တပ်က ခရစ်ယန်များအပေါ် ဘာသာရေး ဖိနှိပ်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သူ ကချင်နှစ်ခြင်းခရစ်ယန်အသင်းတော် ဥက္ကဋ္ဌ ဒေါက်တာဆလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တရားစွဲဆိုရန် မြစ်ကြီးနားမြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ပြီး လာမည့် စက်တင်ဘာလ ၉ ရက်နေ့တွင် တရားရုံးက ဦးတိုက်လျှောက်ထားမှုနှင့်ပတ်သက်၍ အမိန့်တစ်ရပ် ချမှတ်မည်ဖြစ်သည်။ ယင်းသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒေါက်တာဆလမ်ဆမ်ဆွန်အပေါ် တရားစွဲရန် တရားရုံးဦးတိုက်လျှောက်ထားမှုသည် တပ်မတော်အနေဖြင့် ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အမှန်တကယ် ဖိနှိပ်နေသည်ကို သက်သေပြရာရောက်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ထုတ်ဖော်ပြောဆိုလိုက်သည်။ ရန်ကုန်ခေတ်သစ်က လူ့အခွင့်အရေးလှုပ်ရှားသူများကို ဆက်သွယ်မေးမြန်းထားပါသည်။

ဒေါ်ခွန်ဂျာ ( ကချင်ငြိမ်းချမ်းရေးကွန်ရက် )

နံပါတ် ၁ က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လို့ ပြောတဲ့အခါ မှန်ကန်တဲ့ အရာတွေကိုထုတ်ဖော်ဖို့ ကြောက်သွားတယ်ဆိုရင် အဆင်မပြေဘူး။ အထူးသဖြင့် ဒီမိုကရေစီ ဦးတည်နေတဲ့အခါ ၊ ထိန်းကျောင်းဖို့က ကျမတို့ သတင်းအချက်အလက်တွေ လိုအပ်တယ်။ ဒါကြောင့်မို့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပြောဆိုတဲ့သူကို ထိန်းကျောင်းလိုက်သလို ဖြစ်နေရင် ကျမတို့ ဒီမိုကရေစီ မှန်ကန်ဖို့ Check & Balance ပိုင်းကို တော်တော်လေး ခက်ခဲရှိလာမယ်လို့ ယူဆတယ်။

အခုလိုများ ပြောရမယ်ဆိုရင် KBC ဆိုတာ ကချင်လူမျိုးတွေ ရဲ့ ၅၅ ရာခိုင်နှုန်း လောက်ကို လွှမ်းခြုံမှုတဲ့ အသင်းတော်ဖြစ်တယ်။ ဒီအသင်းတော်ရဲ့ ဥက္ကဋ္ဌ ၊ အကြီးဆုံးခေါင်းဆောင်တစ်ယောက်ကို ဒီလိုတရားစွဲဆိုတယ်ပြောတဲ့အခါ သူတောင်တရားစွဲဆို ရရင် ကျန်တဲ့ သူတွေအတွက် အခက်အခဲရှိတယ်။။ နောက်ပိုင်းတွေမှ မည်သည့်ကိစ္စမဆို အမှန်တရားတွေ ထွက်ပေါ်ဖို့ လူတွေ ကြောက်နေရင် ၊ သိပ်မပြောပဲ ပြန်ပြီးတိတ်ဆိတ်သွားကြမလား ၊ အဲဒါကို စိုးရိမ်မိပါတယ်။

ကျမအနေနဲ့တော့ တပ်မတော်ကြီးကပဲ တရားစွဲဆိုတာ မဟုတ်တာ တွေ့ပါတယ်။ အစိုးရဘက်ကလည်း တရားစွဲဆိုတာ ရှိတယ်။ တခြားနေရာတွေမှ လွှတ်တော်အမတ် ၊ NLD ပါတီဝင်တွေက တရားစွဲဆိုတာ ရှိတယ်။ ကျမတို့ပြည်သူ့လူထု နဲ့ အရပ်သားတွေအတွက် သူ့လူလို့ ထင်တဲ့သူကို တရားစွဲ ၊ ကိုယ်လူလို့ထင်တဲ့လူကို သူကတရားစွဲတဲ့ ပုံစံမျိုး ၊ နှစ်ဖက်စလုံးက မဟုတ်တဲ့လူတွေကိုတော့ နှစ်ဖက်စလုံးက စွဲဆိုတဲ့ အချိန်ကာလဆိုပြီး ကျမတို့ သံသယဖြစ်မိတယ်။

လောလောဆယ်တော့ ကျမတို့က တရားစွဲဆိုတယ်လို့ သိတယ်။ ဘာပုဒ်မနဲ့ စွဲတယ်ဆိုတာ မထွက်သေးဘူး ။ ပြီးရင် ဒီတရားစွဲဆိုမှုကို အမှု တကယ်တမ်း စီရင်ပေးမလား ကျမတို့ မသိသေးတဲ့အတွက် ကျမတို့ အဖွဲ့က ဒီတုံပြန်မှုကို မလုပ်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်လောက်အတိုင်းအတာအထိ ရှိမလဲ။ ဥပမာ- တရားစွဲဆိုတယ်ပြောပေးမယ့် တရားရုံးက တရားသေ လွှတ်မှာလဲ ၊ မပြောတတ်သေးဘူး ၊ ဒါကြောင့်မို့ ထိခိုက်မှုအတိုင်းအတာ မူတည်ပြီး ကျမတို့ ပြန်ပြီး တုံပြန့်ဖို့ ရည်ရွယ်ပါတယ်။ တုံပြန့်တယ်ပြောတာက အနာဂတ် ဒီမိုကရေစီလမ်းစဉ်မှာ ဖြောင့်ဖြောင့်တန်းတန်း ထိန်းကျောင်းနိုင်ဖို့ ဒီကဏ္ဍကနေ သွားရကြမှာပါ။

ဦးဇော်မိုင် ၊ ကချင်လူမှုဖွံဖြိုးရေးကွန်ရက်အဖွဲ့

ဒီကိစ္စနှင့် ပတ်သက်ပြီး လွတ်လပ်ခွင့် မရှိဘူးလို့ မြင်တယ်။ တခြားဘာသာတွေကို ဖိနှိပ်တဲ့အမြင်တွေ ရှိတာပေါ့ အခုဆိုရင် ဿသနာရေးဝန်ကြီးတို့ ရှိတယ်။ ရှိတယ်ဆိုပေမဲ့ ဗုဒ္ဓဘာသာအတွက် ပိုပြီး Highlight လုပ်တာ ကျနော်တို့ တိုင်းရင်းသား ၊ တခြားဘာသာဝင်တွေအနေနဲ့ မြင်တွေ့ရတယ်။ အဲ့တာကို မြင်တွေ့ခြင်းဖြင့် တခြားဘာသာမတူတဲ့သူတွေက စိတ်မကောင်းဘူးပေါ့ ။ တကယ်ဆိုရင် ဒါတွေက တစုတည်းနေတာ ။ အကုန်လုံးတန်းတူပဲ ဖြစ်ရမှာပေါ့ ။

တရားလွှတ်တော်ရှေ့နေ ဦးဒေါင်ခေါင်

ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၀၀ နဲ့ ဦးတည်လျှောက်ထားတာ ၊ တပ်မတော် မပခ က ၊ ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က ၊ ပြစ်ချက် ၂၀၀ နဲ့ ဦးတည်လျှောက်ထားတယ်။ ဒါကို စက်တင်ဘာလ ၉ ရက်နေ့ ရုံးချိန်းပြန်ချိန်းထားတယ်။ အဲ့နေ့ကျရင် တရားသူကြီးက တစ်ခုခု ချမှတ်မှာပေါ့ ။ တစ်ကယ်လို့ စစ်ချက်ဆိုတာက တရားသူကြီးနှင့် တိုင်ကြားသူ ကို စစ်ချက်ယူရတာကိုး ။ တရားသူကြီး ရဲ့ အဆုံးအဖြတ်အပေါ် ၊ ဥပဒေကြောင်းအရ ထွက်တဲ့အပေါ် တစ်ခုခု ချမှတ်လိမ့်မယ်။ ဥပဒေတစ်ခုခု မဟုတ်ရင် ပြစ်ချက် ၂၀၃ နဲ့ ပလပ် ပါလိမ့်မယ်။ မဟုတ်ရင် ပြစ်ချက် ၂၀၄ နဲ့ သဗ္ဗန်စာဖြစ်ဖြစ် (သို့မဟုတ် ) ဝရမ်းဖြစ်ဖြစ် ဆင့်ခေါ်နိုင်တယ်။ ထုချေဖို့ ၊ အဲ့လို့ ရှိနိုင်တယ်။ ထုချေရှင်းလင်းဖို့ တစ်ခုခု ပေါ်ပေါက်လာရင် ဘာ ဥပဒေ ၊ ဘယ် ပုဒ်မနဲ့ သွားတာဆိုတာ သက်ဆိုင်ရာ ရှေ့နေတွေက တစ်ဆင့်လုပ်ဖို့ ရှိမယ်။ ဥပဒေနဲ့ ညီညွတ်လား ၊ မညီညွတ်ဘူးလားဆိုတာ တစ်ဆင့်လုပ်ဖို့ ရှိမယ်။ မညီညွတ်ဘူးဆိုရင် ဥပဒေလမ်းကြေင်းအရ အမှုချေဖျက်ဖို့ သွားရမယ်

အမှုတည်ဆောက်ဖို့ ကိစ္စက ကျနော် အမြင်ပြောနိုင်တာက ဒါကတရားသူကြီးအဆုံးအဖြတ်နဲ့ သွားရမယ့် ကိစ္စ ၊ နောက်ပြီးတော့ တရားစီရင်ပိုင်ခွင့် ၊ (တခြားနိုင်ငံ)မှာပြောတဲ့ ကိစ္စ ၊ ဒါတွေရှိတဲ့ စီရင်ပိုင်ခွင့် မရှိဘူးဆိုတဲ့ အခန်းကဏ္ဍ ရှိတာပေါ့ ။ ဒါပေမဲ့ ဥပဒေလမ်းကြောင်းအရ ကျနော်တို့ နိုင်ငံရဲ့ အနေအထားကို တင်ပြတဲ့အနေအထားဆိုတော့ ကျနော်အနေနဲ့ ထင်မြင်ချက် တစ်ခုအနေနဲ့ ၊ ရနိုင်လား ၊ မရနိုင်ဘူးဆိုတာ လောလောဆယ်တော့ မသုံးသပ်ချင်ဘူး။ ဒါက တရားသူကြီးရဲ့ ထင်မြင်ယူဆမှု ၊ တရားသူကြီးရဲ့ အပေါ်မှာပဲ မူတည်လိမ့်မယ်။

ဒေါက်တာ ခင်ဇော်ဝင်း ( တပ္ပဒီပအင်စတီကျူ – ဒါရိုက်တာ )

ပြောရမယ်ဆိုရင် ဒါက သူတို့အနေကျတော့ လုပ်နေကြအလုပ်တစ်ခု ၊ မကျေနပ်လို့ သူတို့က တစ်ခုခု ဖန်တီးပြီး အရေးယူတာ ၊ ဟိုဘက်က သမ္မတနဲ့ သွားတွေ့တာ ၊ ပြောတာဆိုတာ ဘာလို့ ထုတ်ပြန်တာလဲ။ ခက်သားပဲ ။ မထုတ်ပြန်ရင်လည်း သတင်းထိန်ချန်ထားတာ ဖြစ်အုံးမယ်။ အကုန်လုံး သူပြောတာ လူတကာသိကြတယ်။ အင်တာဗျူးလည်း လုပ်ထားတယ်။ ဆိုရှယ်မီဒီယာမှာလည်း တင်ထားတယ်။ Open Knowledge ပဲ။ အဲ့တာကိုး ဘာကြောင့် သူတို့က တရားစွဲဖို့ ဖြစ်ရတာလဲ ၊ ကျနော်အမြင်ပြောရရင် ဒီကိစ္စမျိုးက ရပ်တည်ချက်မှန်ပြီး လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် ရှိတယ်ဆိုရင် ဒီလို့အမှုမျိုး လက်ခံမှာ မဟုတ်ဘူး။ တွေ့ရင် ပလပ်လိုက်မှာပဲ။ အခုလက်ခံတယ်ဆိုကတည်းက မဟုတ်တော့ဘူးလေ။ ဒီကိစ္စက ခိုးကြောင်ခိုးဝှက်လုပ်တာလည်း မဟုတ်ဘူး။ နိုင်ငံကြီး တစ်ခုရဲ့ သမ္မတနဲ့ သွားတွေ့တာ ခေါင်းဆောင်နဲ့ တွေ့တဲ့ကိစ္စတွေလေ။ အဲ့တာက သူတို့က တရားစွဲဆိုတာက တစ်ခုခု တင်နေပြီပဲ။

သူကဘာသာရေးခေါင်းဆောင်တစ်ယောက် ၊ ပြောရရင် သူက ဒီကိစ္စကို သမ္မတ ထရမ့်ကို သွားပြောတယ်။ ဒါတွေကို ဘာကြောင့် အပြစ်ရှာရတာလဲ ၊ သူတို့က ရည်ရွယ်ချက်တစ်ခုအနေနဲ့ လုပ်နေတာ ။ သူတို့လုပ်ခြင်းအားဖြင့် ဘာသာရေး ၊ လွတ်လပ်စွာပြောဆိုခွင့် သွားပြီး ထိခိုက်တယ်။ တစ်ချက်ထဲနဲ့ အကုန်ဝင်သွားတာ။ ပြောချင်တာက စစ်တပ်က တရားစွဲတယ်။ တိုင်းပြည်ခေါင်းဆောင်တွေအနေနဲ့ စစ်တပ်ကို တစ်နည်းအားဖြင့် မေးခွန်းထုတ်ရမယ်။ ဘာလို့ လုပ်ရသလဲ ။ အခုက စစ်တပ်က လုပ်ရင် အရပ်ဖက်က ဘာမှ မပြောဘူး။ လွှတ်ထားတယ်။ သူရဲ့ အကြောင်းတွေ ဒီလိုရှိလို့ပေါ့ ။

အခြေခံဥပဒေမှာ ပါတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ အခြေခံလွတ်လပ်ခွင့် အဲ့တာလည်း သွားးပြီး ရိုတ်ခတ်တယ်။ နောက်တစ်ခုက ဘာသာရေး ၊ လွတ်လပ်ပြောဆိုခွင့် သွားပြီးထိခိုက်တယ်။ နှစ်ခုစလုံးမှာ မျက်နှာပူစရာကြီးတွေပဲ။ လုပ်နေတာက ၊ ဒါက တခြား အခြေခံဥပဒေ ပြောနေတာမဟုတ်ဘူး။ ၂၀၀၈ က သူတို့ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေတွေပဲ။ ခက်တာက ဒီနိုင်ငံက တရားသူကြီး ၊ ရှေ့နေတွေက ဒီကိစ္စမှာပြတ်ပြတ်သားသား ရဲရဲဝဲ့ဝဲ့ ထွက်မပြောရဲကြဘူး။ ပြောလည်း ဒါက အလကားပဲ။ အဖြေသိပြီးသား ပဲပေါ့။အားလုံးပြောနေကြတာပဲ။ နောက်ဆုံးကျတော့ တရားသူကြီး စာရွက်လေးထုတ်ပြီး အဲ့အတိုင်း ဖတ်ရတာပဲလေ။ အဲ့အတိုင်း အမိန့်ချရတာလေ။ အဲ့တိုင်း တချို့က မပြောင်းလဲသေးဘူး။ ပြောင်းလဲဖို့ လိုနေတယ်။

အခု ဘာသာရေးခေါင်းဆောင်က မြန်မာနိုင်ငံသားဖြစ်နေတယ်။ ဟိုမှာ ပြောခဲ့တယ်။ အထောက်အထားတွေ ရှိခဲ့တယ်။ အပြည်ပြည်ဆိုင်ရာ စာစောင် ဒီလိုရေးခဲ့တယ်။ အဲ့တာကိုင်ပြီး ပြောလိမ့်မယ်။ခင်ဗျား.. ပြောခဲ့လား ၊ ပြောခဲ့တယ်ဆိုရင် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီလိုဖြစ်တယ်။ ဒီကိစ္စက အမျိုးမျိုး လုပ်လို့ရတယ်။ အမှုတည်ဆောက်ဖို့က မခက်ခဲနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူက မြန်မာနိုင်ငံသားဖြစ်နေတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com