interview Peace political news

DSTA တိုက်ခိုက်ခံရမှု သံသယနဲ့ ရှမ်းကျောင်းဆရာ ၂ ဦးကို စရဖနဲ့ အာဏာပိုင်တွေ ဘယ်လို ဖမ်းဆီးသွားလဲ

DSTA တိုက်ခိုက်ခံရမှု သံသယနဲ့ ရှမ်းကျောင်းဆရာ ၂ ဦးကို စရဖနဲ့ အာဏာပိုင်တွေ ဘယ်လို ဖမ်းဆီးသွားလဲ

By နန့်အိသူ/ ရန်ကုန်ခေတ်သစ်

ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် DSTA ကျောင်းတိုက်ခိုက်ခံရမှုတွင် ပါဝင်ပတ်သက်သည်ဆိုသော သံသယဖြင့် ရှမ်းပရဟိတကျောင်းဆရာနှစ်ဦးကို နေပြည်တော် စစ်ဖက်ရေးရာ လုံခြုံရေး(စရဖ) နှင့်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်။ ကျောင်းဆရာနှစ်ဦး၏ မိဘများနှင့် မိတ်ဆွေများ၊ ရှမ်းပြည်နယ်မှ တက်ကြွလှုပ်ရှားသူများက ရှမ်းကျောင်းဆရာ ၂ ဦးသည် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ လုံး၀ ပတ်သက်မှုမရှိကြောင်း အခိုင်အမာပြောဆိုထားသည်။ ရန်ကုန်ခေတ်သစ်က ဖမ်းဆီးထိန်းသိမ်းခံထားရသော ရှမ်းပရဟိတ ကျောင်းဆရာ ၂ ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသော ရှမ်းပရဟိတ ကျောင်းဆရာ ၂ ဦး၏ ဖခင်ဖြစ်သူ ဦးစိုင်းစောလှနှင့် ဆက်သွယ်မေးမြန်းချက်

မေး။ ။ ပထမဦးဆုံး သားနှစ်ယောက် ဘယ်လိုဘယ်ပုံ ဖမ်းဆီးထိန်းသိမ်းခံရတဲ့အကြောင်းလေး ပြောပြပေးပါ။

ဖြေ။ ။ ကျနော် သားအလတ် စိုင်းခွန်မှိုင်း က ၂၀၀၉ ကနေ ၂၀၁၈ ဇန်နဝါရီလအထိ ရှမ်းပရဟိတကျောင်းမှာ ကျောင်းဆရာအလုပ်လုပ်တာ ။ အဲ့နောက်ပိုင်းမှာ စိုက်ပျိုးရေးလုပ်ငန်းမှာ အလုပ်ပြန်လုပ်နေတယ်။ သားအငယ် စိုင်းလျန်းစင်းကတော့ လက်ရှိကျောင်းဆရာလုပ်နေတယ်။ သူက ပြင်ဆင်စရာရှိတယ်ဆိုပြီး ၈ လပိုင်း ၇ ရက်နေ့မှာ အိမ်ပြန်ရောက်လာတယ်။ ကျောင်းမှ စာကြည့်တိုက်ကိစ္စ မပြီးသေးလို့ ၁၅ ရက်နေ့က ပြန်သွားခဲ့တယ်။ သြဂုတ် ၁၇ ရက်နေ့ ညနေ ၅ နာရီလောက်က နေပြည်တော် စရဖ နှင့် ရပ်ကွက်လူကြီး က ခွင့်တောင်းပြီး တိုင်တဲ့သူရှိလို့ ရှာဖွေပါရစေ ပြောတယ်။ ဒါကြောင့် ရှာဖွေဖို့ ခွင့်ပြုပေးလိုက်တယ်။

မေး။ ။ အိမ်ကို ဘယ်လိုပုံစံတွေနဲ့ ဝင်ရောက်ရှာဖွေတာရှိလဲ။

ဖြေ။ ။ ပထမတော့ ခြံထဲ ပတ်ပြီး လျှောက်ရှာတယ်။ ဘာမှ မတွေ့ဘူး။ အိမ်ပေါ်ရောက်တော့ သားအလတ် နှင့် သားအငယ် နှစ်ယောက်စလုံးနေတဲ့အခန်း စားပွဲပေါ်မှာ စကားပြောစက် ၊ မြေပုံတွေ ကြည်တဲ့ GPS အသေးစားလေးတစ်ခု တွေ့တယ်။ တွေ့တော့ ဒါကို သက်သေခံ ပစ္စည်းအဖြစ် သူတို့က လာပြီး စာရင်းထည့်တယ်။ နောက်ထပ်ရှာတော့ အိပ်ယာခင်း ၊ ခြင်ထောင် ၊ ကြိုးပုခက် ၊အဲဒါတွေက ကွန်မန်ဒို အစ ( ပြောက်ကျားအဆင် ) နဲ့ လုပ်ထားတော့ ယူလာပြီး ရှာဖွေရေးပုံစံထဲမှာ ထည့်လိုက်တာ။

သားအလတ်ကတော့ အဲဒါက ကျောင်းမှာ ခရီးထွက်တုန်းက သုံးတဲ့ဟာတွေ ၊ ကျောင်းမှာ ကျောင်းသားတွေကို စိုက်ပျိုးရေး ၊လေ့လာရေးခရီးထွက်တဲအခါ အဲဒါတွေ သုံးတာပါ ။ အဲဒါတွေ သုံးဖို့အတွက် ဝယ်ထားတယ်လို့ ပြောတယ်။ အဲဒါက သူတို့က ဒါ စစ်တပ်ပစ္စည်း တဲ့။ နောက်တော့ ရှာဖွေပုံစံ ထဲ သားအလတ် စိုင်းခွန်းမှိုင်းကို လက်မှတ်ထိုးပြီးတော့ ခေါ်သွားတာပဲ။ လာရောက်ရှာဖွေတုန်းက ပထမက လူ ၁၅ ၊ ၂၀ ယောက်လောက် ၊ ခြံထဲ ရှာတဲ့ လူ ၃၀ ၊ ၄၀ ၊ ကားတွေကလည်းတော်တော်များများ လာတယ်။ နောက်ပိုင်း မိုးချုပ်သွားတော့ ည ၁၀ နာရီခွဲအထိ ရှာတယ်။ ခြံထဲမှာ ရှာတာလည်း ဘာမှ မတွေ့ဘူးလေ။

အဲဒီနေ့မှာ အိမ်မှာ ကျနော်ရယ် ၊ သူတို့အမေ ၊ စိုင်းခွန်းမှိုင်း ၊ အလုပ်သမားတွေ ဒါတွေပဲ ရှိတာလေ။ သားအငယ် စိုင်းလျန်းစင်းကတော့ ၁၅ ရက်နေ့က ကျောင်းကို ပြန်သွားတယ်။ သူတို့က ရှာဖွေပုံစံမှာတွေ့ပြီးတော့ သားအလတ် စိုင်းခွန်းမှိုင်းကို လက်မှတ်ထိုးခိုင်းတော့ ၊ စိုင်းခွန်းမှိုင်းက သူတစ်ယောက်တည်းနဲ့ တာဝန်ယူနိုင်ပါတယ်ဆိုပြီး လက်မှတ်ထိုးတယ်။ သူတို့ က ည ၁၀ နာရီခွဲလောက် ပြန်သွားကြတယ်။ ပြန်သွားတော့ တစ်ပါတည်း စိုင်းခွန်းမှိုင်းကို ခေါ်သွားတယ်။

နောက်နေ့မနက် စိုင်းခွန်းမှိုင်းဆီ ဖုန်းဆက်ကြည့်တော့ မြို့မရဲစခန်းမှာ ရောက်နေတယ် ပြောပြတော့ ကျနော်တို့ မြို့မရဲစခန်းကို လိုက်သွားတယ်။ ရဲစခန်းရောက်သွားတော့ သူတို့နဲ့ အတူ စားခိုင်းသောက်ခိုင်းပါတယ်။ နောက်တော့ ကျနော်လည်း ပြန်လာခဲ့တယ်။ သူတို့ က စစ်ဆေးစရာ ရှိတယ်ဆိုပြီး စစ်ဆေးတယ်။ သြဂုတ်လ ၁၈ ရက်နေ့ ညနေ ၅ နာရီ ရောက်တော့ ကျနော် ကိုလာခေါ်သွားတယ်။ သူတို့ မေးတာက မိသားစု သမိုင်းကြောင်းတွေ မေးတယ်။ ည ၁၁ နာရီလောက် အိမ်ပြန်ပို့တယ်။

သူတို့က သားအငယ် စိုင်လျန်းစင်းကို ခေါ်ပေးစေချင်တဲ့အကြောင်း ပြောတော့ ကျနော်တို့သားအငယ် က သြဂုတ်လ ၁၉ ရက်နေ့က ပြန်ရောက်လာတယ်။ အဲဒီတော့ ကျနော်က သြဂုတ်လ ၁၉ ရက်နေ့ မနက် ၉ နာရီလောက် သွားပို့လိုက်တယ်။ အဲဒီကနေ သူတို့ က စစ်ဆေးဖို့ ဆိုပြီး တစ်ခါတည်း ဖမ်းလိုက်တာပဲ။

မေး။ ။ လက်ရှိ ဘယ်လို့ပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ သိပါသလား။

ဖြေ။ ။ ဘယ်လို့ပုဒ်မတွေဆိုတာ သူတို့ မပြောသေးဘူး။ ဘာကြောင့်လဲဆိုတော့ ဥပဒေရုံးကို မတင်ရသေးဘူးလေ။ ဒါပေမယ့် သူတို့ သိမ်းသွားတဲ့ ပစ္စည်းအနေအထားအရ ၁၇ (၁) နဲ့ ငြိတယ်ဆိုပြီး ဒီလို့ပဲ ပြောသွားတာပဲ။ ဆက်သွယ်ရေးဥပဒေ ၊ ဆက်စပ် သံသယ ရှိခေါ်သွားတာပဲ။

မေး ။ ။ အခုလိုဖြစ်ရပ်အပေါ် သက်ဆိုင်တဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေ အကူအညီတောင်းခံခဲ့တာ ရှိလား။

ဖြေ။ ။ လွှတ်တော်ကိုယ်စားလှယ် ၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တို့ကို အကူအညီတောင်းထားတာ ရှိပါတယ်။

မေး။ ။ အခုလို့ သားနှစ်ယောက် ဖမ်းဆီးထိန်းသိမ်းခံရတဲ့အပေါ် ဘာများပြောဆိုချင်တာရှိလဲ။

ဖြေ။ ။ ဒီမှာ စစ်ဆေးပြီးရင် ဥပဒေရုံးကို တင်မယ်။ ဥပဒေရုံးတင်ပြီးရင် ဆိုင်ရာ ပုဒ်မ တွေ တပ်ပြီး အဲဒီကျမှ ရှေ့နေ တွေနဲ့ ရှင်းရမယ့် သဘောရှိပါတယ်။ အဲဒီအခါကျ ရှင်းရတဲ့အခါ တရားသဖြင့် တရားသောနည်းလမ်းဖြင့် သားတွေ ပြန်လွတ်လာနိုင်မယ်လို့ အဲဒီလိုပဲ မျှော်လင့်ပါတယ်။

မေး။ ။ ပြင်ဦးလွင်နှင့် နောင်ချိုဘက်မှာ ဖြစ်တဲ့ အခင်းအကျင်းက အခုဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေနဲ့ ဆက်စပ်နိုင်လား ။

ဖြေ။ ။ ပထမ တော့ သူတို့က အဲဒီလိုပြောတယ်။ တစ်ဖက်က အဖွဲ့က သူတို့ဘာသာဝန်ခံသွားတော့ ကျနော်တို့သားနဲ့ မဆိုင်တော့ဘူးလို့ ထင်တယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ဘယ်လို့ သဘောထားလဲဆိုတာ ကျနော်တို့က မသိနိုင်ဘူးလေ။

မေး။ ။ အဲဒီတော့ ပတ်သက်မှု မရှိဘူးဆိုတဲ့ သဘောလား။

ဖြေ။ ။ အဲဒါက ကျနော်က လုံးဝတာဝန်ယူပါတယ်။ ဒီဖြစ်စဉ်မှာ ဗုံးခွဲတဲ့ ဖြစ်စဉ်ဟာ ကျနော်သားတွေနဲ့ လုံးဝ ပတ်သက်မှု မရှိဘူးဆိုတာ ရဲရဲကြီး အာမခံပါတယ်။ ကိုယ်သားသမီးတွေကိုလည်း ဆိုးရွားတဲ့ အကျင့်စရိုက်တွေ သင်ပြထားတာ မရှိဘူးလေ။ သူတို့လုပ်တာလည်း ကျနော်တို့က မလိုလားခဲ့ပါဘူး။ ကြိုက်လည်း မကြိုက်ခဲ့ဘူး။

နောက်ဆိုရင် ဒီလိုမဖြစ်စေဖို့ ဆင်ခြင်ဖို့ ၊ အရာရာအတိုင်း သတိနဲ့နေဖို့ပဲ ကျနော်တို့ ပြောချင်တယ်။ ကိုယ်သားသမီးတွေ ဒီလိုဖြစ်သွားတယ်ဆိုတာက ကျနော်တို့က ဗုဒ္ဓဘာသာဝင်ဆိုတော့ ကံတရားပဲလေ။ ပေးဆပ်ရမယ့် ကံရှိနေတော့ ဒါ ပေးဆပ်ရတာပဲလို့ အောက်မေ့လိုက်ပါတယ်။

မေး ။ ။ ထိန်းသိမ်းခံရပြီး သားတွေနဲ့ စကားပြောဖြစ်သေးလား။

ဖြေ။ ။ တွေ့လည်း ခဏလေးပဲ။ စားရေးသောက်ရေး အခြေအနေပဲ ပြောဖြစ်တယ်။ အဝတ်အစားလိုလား ၊ ပိုက်ဆံလိုလား ဒါပဲ မေးဖြစ်တယ်။ ကျန်တာ ဘာမှ ပြောလို့မရဘူး ၊ ကျန်းမာရေးအခြေအနေက နည်းနည်းတော့ ပိန်သွားကြတယ်။ ဒီကနေ့ တွေ့ဖို့တောင်းတော့ သူတို့က တွေ့ခွင့် မပေးတော့ဘူးလေ။

မေး။ ။ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ရဲစခန်းဘက်က မိဘတွေကို ဘာတွေ ပြောထားတာရှိလဲ။

ဖြေ။ ။ ကျနော်တို့ဆီကို ဘာတစ်ခုမှ ပြောထားတာ မရှိဘူး။

မေး ။ လက်ရှိ တရားရုံး တင် ၊ ရုံးထုတ်မယ်အကြာင်းတွေ ဘာတွေသိရတာ ရှိလဲ။

ဖြေ။ ။ သားတွေနဲ့ တွေ့တုန်းကတော့ ရမန်ယူဖို့ စက်တင်ဘာ ၂ ရက်နေ့ ရုံးထုတ်မယ်လို့ အဲဒီလိုပဲသိရပါတယ်။ ပြင်ဦးလွင် တရားရုံးမှာ ၊

မေး ။ ။ နောက်ဆုံး ဘာများ ဖြည့်စွက်ပြောပြချင်တာ ရှိလဲ။

ဖြေ။ ။ တရားဥပဒေအရ ဆုံးဖြတ်ပြီ း ပြန်လွတ်လာမယ်လို့ မျှော်လင့်မိပါတယ်။ ကျန်တာတော့ မျှော်လည်း မမျှော်လင့်ရဲပါဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com