Local News Peace political news

“DSTAကျောင်းကို တိုက်ခိုက်မှု နှင့် နောင်ချို တိုက်ပွဲများသည် တပ်မတော်၏ ထိုးစစ်ပြင်းထန်မှုကို ခုခံကာကွယ် တုံ့ပြန်ခြင်းဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ပြောဆို”

“DSTAကျောင်းကို တိုက်ခိုက်မှု နှင့် နောင်ချို တိုက်ပွဲများသည် တပ်မတော်၏ ထိုးစစ်ပြင်းထန်မှုကို ခုခံကာကွယ် တုံ့ပြန်ခြင်းဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ပြောဆို”

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

မန္တလေးတိုင်း ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် DSTA ကျောင်းကိုလည်းကောင်း၊ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်းရှိ ဂုတ်တွင်းတံတားနှင့် ရဲစခန်းကိုလည်းကောင်း ပလောင် TNLA အဖွဲ့များပါဝင်သော ညီနောင် မဟာမိတ်အဖွဲ့ ၃ ဖွဲ့က ယနေ့ တိုက်ခိုက်လိုက်သည်။ သေဆုံး၊ ဒဏ်ရာရမှုများရှိနေသည့် ယင်းတိုက်ခိုက်မှု မည်သည့်အတွက်ကြောင့် ဆောင်ရွက်သည်ကို သိရှိနိုင်ရန် TNLA အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာအိုက်ကျော်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ဒီနေ့ ပြင်ဦးလွင်နဲ့ နောင်ချိုမှာ TNLA ပါဝင်တဲ့ ညီနောင် မဟာမိတ် ၃ ခုက ဝင်တိုက်တဲ့ အကြောင်း သိချင်ပါတယ်။

ဖြေ။ ။ မနက်ကတော့ တိုက်ပွဲ ၅ နေရာဖြစ်တယ်။ ပြင်ဦးလွင်မှာ ၂ နေရာ ၊ နောင်ချိုမှာ ၃ နေရာလောက်ဖြစ်တယ်။ ဖြစ်တာက ညီနောင်မဟာမိတ် TNLA ၊ AA ၊ ကိုးကန့်တပ်ဖွဲ့ ( MNDA ) သုံးဖွဲ့ ၊ ဖြစ်တဲ့အကြောင်းအရင်းကတော့ ကျနော်တို့လှုပ်ရှားနေတဲ့ နေရာကို တပ်မတော်က ထိုးစစ် ဆင်ပြီး တိုက်ခိုက်လာ တယ်။ ထိုးစစ်က ပြင်းထန်လာတဲ့အတွက် တိုက်ပွဲလည်း ပိုပြီး ပြင်းထန်လာတယ်။ ကျနော်တို့ နယ်မြေမှာ စစ်ရေးကတော်တော်လေး ပြင်းထန်နေတယ်။ အဲ့တာကြောင့်မို့ ကျနော်တို့က ခုခံကာကွယ် တဲ့ပုံစံမျိုးနဲ့ ပြန်လည်ပြီး တိုက်ခိုက်တာ ဖြစ်တယ်။ တိုက်ပွဲအခြေအနေအသေးစိတ်ကတော့ မသိရသေးဘူး။ တိုက်ပွဲဖြစ်တာတော့ မှန်တယ်။

ကျနော်တို့ တစ်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ထားတယ်။ ထုတ်ပြန်ချက် တစ်စောင်ထုတ်တဲ့အချိန်မှာ တပ်မတော်က ထိုးစစ်တွေက အတော်လေးပြင်းထန်တယ်။ ထိုးစစ်တွေ လျှော့ဖို့ လိုတယ်။ ဒါပေမဲ့ ထုတ်ပြန်ချက်ထုတ်ပြန်လည်း ဘာမှထူးခြားလာတာ မရှိဘူး။ ကျနော်တို့ ဒေသမှ စစ်ရေးကပြင်းထန်နေဆဲပဲ ဖြစ်တယ်။ အဲ့တာကြောင့်မို့ ကျနော်တို့က ခုခံကာကွယ်တဲ့စနစ်ပုံစံမျိုးနဲ့ ပြန်လုပ်တာဖြစ်တယ်။

ဒီထိုးစစ်လျှော့ဖို့ လိုအပ်တယ်။ ကျနော်တို့ ဒေသမှ ထိုးစစ်ဆင်တာတို့ ၊ တိုက်ပွဲဖန်တီးတာတို့ ၊ လူထုကို ဦးတည့်ပြီး တိုက်ခိုက်နေတာတို့ စစ်ရေးလျှော့ချဖို့ လိုတယ်။ တိုက်ပွဲဆင်လာတာ ၊ စစ်ရေးအရ လုပ်ဆောင်တာ မှန်ကန်တဲ့ နည်းလမ်းတော့ မဟုတ်ဘူး။ ဆွေးနွေးအဖြေရှာဖို့တော့ လိုတယ်။

သတင်းထုတ်ပြန်ချက်ကတော့ မဟာမိတ်သုံးဖွဲအနေနဲ့ ထုတ်မယ်။ တခြား TNLA အနေနဲ့တော့ ထုတ်ဖို့ မရှိပါဘူး။

မေး။ ။ ညီနောင်မဟာမိတ် အဖွဲ့ သုံးဖွဲ့ ကနေ သြဂုတ်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ သဘောထား ကြေညာချက် ဘာကြောင့် ထုတ်ပြန်လိုက်တာလဲ ။ ဒီအကြောင်းလေး ပြောပြပေးပါ။

ဖြေ။ ။ ထုတ်ပြန်ချက် ပထမ တစ်ခုက တွေ့ဆုံဆွေးနွေး မှု အပိုင်း က ကျနော်တို့က မူလပုံမှန်အားဖြင့် NRPC တွေ့ဆုံဆွေးနွေးမှု ရှိတယ်။ နောက်ပိုင်း မှတော့ ပမာဏအပစ်ရပ်စဲရေး လုပ်ဖို့၊ နောက်ပိုင်း ကျတော့ တစ်ဖွဲ့ နှင့် တစ်ဖွဲ့အကြားး ဆက်ပြီး ပုံမှန် တွေ့ဆုံ ဖို့ သဘောတူထားတယ်။ နောက်ပြီးမှ အစိုးရအဖွဲ့ကတော့ အတွင်းပိုင်း မှာ သူတို့က ဆွေးနွေးဖို့ လိုတယ်။ တွေ့ဆုံဆွေးနွေးဖို့ နေပြည်တော် ၊ MPC အဲ့လိုအတွင်းပိုင်းမှာ တွေ့ဆုံလိုတယ်ဆိုတာ ကျနော်တို့ကို စကားပြောတာ ရှိတယ်။

ကျနော်တို့က အဲ့လိုသွားဖို့ကျတော့ အဆင်မပြေဘူး။ ကျနော်တို့ လက်မှတ်ထိုးပြီးသား အဖွဲ့ မဟုတ်တော့ သွားဖို့ လာဖို့က ကျနော်တို့အတွက် လုံခြုံရေး ရှိတဲ့နေရာပဲ လိုချင်တယ်။ အထူးသဖြင့် တရုတ်နိုင်ငံ နယ်စပ်ဒေသတစ်နေရာမှ အဲ့လိုမျိုး တွေ့ဆုံချင်တာ ဖြစ်တယ်။ သူတို့ပြောတဲ့နေရာက တွေ့ဆုံမှု လုံးဝ မဖြစ်တဲ့နေရာဖြစ်တယ်။ အဲ့တာကြောင့်မို့ ဒီတွေ့ဆုံမှုက မဖြစ်နိုင်တဲ့ နည်းလမ်းပဲ ကမ်းလှမ်းနေတာပေါ့ ။

နောက်တစ်ခု တိုက်ပွဲတွေက ကျနော်တို့ဒေသမှာ ပြင်းထန်လာတယ်။ တိုက်ပွဲပြင်းထန်လာတဲ့အကြောင်းအရင်းက စစ်တပ်ဘက်က ထိုးစစ်တွေ တော်တော်လေးပြင်းထန်လာတယ်။ သူတို့ဘက်က အပစ်ရပ်ကြေညာထားပေမဲ့ ကျနော်တို့ဒေသဘက်မှ တိုက်ပွဲမဖြစ်တာ မရှိဘူး။ သူတို့ကြေညာတဲ့ ဒီဇင်ဘာ နောက်ပိုင်းဆိုရင် ဇူလိုင်လတစ်လပဲ တိုက်ပွဲမဖြစ်တာ ။

တိုက်ပွဲကတော့ တစ်လျှောက်ဖြစ်တာပဲ။ ဒီကြားမှ သူတို့ ကြေညာထားတဲ့အချိန်မှာ စခန်းအသေး ၄ ခု လောက်ကို ထပ်မံပြီး ထိုးစစ်တက်လာတယ်။ ပိုပြီး သိသာတာက ၆ လပိုင်းလောက်မှာ ကျနော်တို့ လှုပ်ရှားတဲ့နေရာကို တစ်လျှောက် သူတို့ လိုက်လာတယ်။ လိုက်လာတော့ တိုက်ပွဲက ပြန်ပြီးဖြစ်လာတယ်။ တိုက်ပွဲက ၆ လပိုင်းထဲ အကြိမ် ၂၀ လောက် ပြန်ဖြစ်လာတယ်။
ဇူလိုင်လထဲမှာ ၁၁ ကြိမ် ၊ သြဂုတ်လထဲ မနေ့က ၊ ဒီမနက်ထိ တိုက်ပွဲ က ၁၄ ကြိမ်လောက် ဖြစ်သွားတယ်။ အဲ့တာဘာကြောင့်လဲဆိုတော့ တစ်ဖက်က အပစ်ရပ်ကြေညာတယ်။ တစ်ဖက်က စစ်ရေးပြင်ဆင်မှု လုပ်လို့ရအောင် လုပ်တာပေါ့။ တပ်ဘက်က ဒီလိုမျိုး ထိုးစစ်ဆင်ပြုလုပ်လာမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း ဘယ်လို့မှ ရှောင်လွှဲလို့မရဘူး ။ မလွဲမသေတိုက်ပွဲက ပြန်ဖြစ်သွားမှာပဲ။

မေး ။ ။ ဒီထုတ်ပြန်ချက်အပေါ် လက်ရှိ ငြိမ်းချမ်းရေးအပေါ် အလားအလာပြောင်းလဲမှု ဖြစ်လာနိုင်လဲ။

ဖြေ။ ။ ဟုတ်ကဲ ၊ ဖြစ်သွားနိုင်မှု ရှိ ၊ မရှိ ဆိုတာ အစိုးရ ဘက် နှင့် တပ်ဘက်က ဘယ်လိုလာမလဲ ၊ ဘယ်လို အလေးထားမလဲ ၊ ဘယ်လောက်အထိ လိုက်လျောမလဲ မူတည်တယ်။ တစ်ဖက်တည်းနဲ့တော့ မပြီးဘူးပေါ့။

မေး။ ။ ထုတ်ပြန်ချက်ရဲ့ အဓိက အကြောင်းအရင်းက ဘာများလဲ ။

ဖြေ။ ။ အဓိက အစောကပြောထားတဲ့ တွေ့ဆုံဆွေးနွေးမှုမှာ အစိုးရဘက်ကတော့ ကျနော်တို့အတွက် အဆင်မပြေနိုင်တဲ့ တွေ့ဆုံဆွေးနွေးမှု ကိုပဲ ကမ်းလှမ်းလာတယ်။ တွေ့ဆုံဆွေးနွေးမှုကတော့ အလုပ်မဖြစ်တဲ့ ကမ်းလှမ်းမှုမျိုးဖြစ်နေတယ်။ နောက်တစ်ဖက်က တပ်ဘက်က ထိုးစစ်တွေ တစ်လျှောက်တက်လာတယ်။ ဒါကြောင့် တိုက်ပွဲတွေ ပြင်းထန်လာတယ်။ ဒီအတိုင်းပဲ ထိုးစစ်တွေ ဆင်လာမယ်ဆိုရင်တော့ ကျနော်တို့ဘက်က ဘယ်လိုမှ ရှောင်လွှဲလို့မရဘူး ။ တိုက်ပွဲက ဆက်လက်ဖြစ်လာနိုင်တယ်။

မေး ။ ။ လက်ရှိ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ တွေ့ဆုံမည့်နေရာ နွေးမှု နေရာ အခက်အခဲ ရှိတယ်လို့ ကြားမိတယ်။ ဒီအပေါ် ဘာကြောင့် ကြန့်ကြာမှုတွေ ရှိနေတာလဲ။

ဖြေ။ ။ အဲဒါက သူတို့ဘက်က မဖြစ်နိုင်တဲ့ နေရာ ပေးတယ်။ ဒီဟာက ဘာဖြစ်လဲဆိုတော့ ကျနော်တို့က လက်မှတ်ထိုးပြီးသား အဖွဲ့ မဟုတ်သေးဘူး။ အဲ့လိုမျိုး လက်မှတ်ထိုးပြီးသား အဖွဲ့ မဟုတ်တော့ ကျနော်တို့ဘက်က လူတွေက သွားဖို့ အဆင်မပြေဘူး။ ကျနော်တို့အတွက် လုံခြုံမှုက လိုသေးတယ်။

မေး ။ ။ တပ်ဘက်ကတော့ တွေ့ဆုံညှိနှိုင်းဖို့အတွက် လုံခြုံရေးပြင်ဆင်ထားတဲ့အပေါ် စိတ်ပူစရာ မလိုတဲ့အကြောင်း ပြောဆိုထားတာတွေ ရှိနေတော့ ဒီပြောဆိုမှုအပေါ် ဘာများ ပြောချင်တာ ရှိလဲ။

ဖြေ။ ။ ဒီဟာကတော့ သူတို့အပြောပေါ့ ။ ပြောရမယ်ဆိုရင် တစ်ဖက် နှင့် တစ်ဖက် အဲဒီလောက်ညှိနှိုင်းမယ်ဆိုရင် တွေ့ဆုံမှုက ပြေလည်လောက်မှာပေါ့ ။

မေး ။ ။ တပ်မတော်ကနေ အဆိုပြုထားတဲ့ ပဏာမ အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို ဆွေးနွေးဖို့ ကြိုးပမ်းနေတဲ့ အခြေအနေလေး ပြောပြပေးပါ။

ဖြေ။ ။ ဒီဟာကတော့ တစ်ဖက် နှင့် တစ်ဖက် ပြန်လည်ညှိနှိုင်းရမယ် ။ သူတို့အဆိုပြုထားတာ အားလုံး ကျနော်တို့ လက်ခံ တဲ့ အပိုင်း ရှိချင်မှာ ရှိမယ် ။ တချို့ အပိုင်းကတော့ လက်ခံနိုင်မယ်။ တချို့အပိုင်းကလည်း လက်မခံနိုင်တဲ့ အပိုင်းရှိမယ်။ ကျနော်တို့ ပေးတဲ့ဟာလည်း ထိုနည်းတူ ၊ သူတို့ လက်ခံချင်တဲ့ဟာ လက်ခံမယ် ၊ လက်မခံနိုင်တဲ့ အပိုင်းလည်း ရှိတယ်။ ဒါကတော့ ဆက်ပြီးတော့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖို့တော့ လိုတယ်။ မညှိနှိုင်းနိုင်တော့ အဖြေမထွက်ဘူး။ ဒါကတော့ ဒီအတိုင်းပဲ ပေးထားရင် ဒါကတော့ အလုပ်မဟုတ်သေးဘူး။

မေး ။ ။ လက်ရှိ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်အကြား တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအခြေအနေ ရှိရင်ပြောပြပေးပါ။

ဖြေ။ ။ ရှိပါတယ်။ အထူးသဖြင့် ကျနော်တို့ နောက်ပိုင်း ပြန်လည်တွေ့ဆုံမှုကတော့ တရုတ်နိုင်ငံက ပြန်ပြီး ညှိနှိုင်းပေးလို့ ပြန်ပြီးတွေ့ဆုံတာ ဖြစ်တယ်။

မေး ။ ။ လက်ရှိ အခြေအနေအရ ပင်လုံညီလာခံဆွေးနွေးမှုကော ပြန်လည်စတင်နိုင်လား ။ ဒီအပေါ် ငြိမ်းချမ်းရေးအပေါ် ဘာများ ပြောဆိုချင်တာ ရှိလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးအပေါ် ဘယ်လို့ပြောချင်သလဲဆိုတော့ အထူးသဖြင့် ဒီအနေအထားမှ တိုက်ပွဲ ကတော်တော်လေး ပြင်းထန်တယ်။ အဓိကကတော့ ကျနော်တို့ဒေသမှ တိုက်ပွဲ အရင်ရပ်ဖို့ လိုတယ်။ ၂၁ ရာစု ပင်လုံညီလာခံ ကတော့ တော်တော်လေး ဝေးသေးတယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုက လုပ်နိုင်တဲ့ အဆင့်ကို မရှိသေးဘူး။ အဓိကကတော့ တိုက်ပွဲလျှော့ချနိုင်ဖို့ ၊ အဲ့တာအရင်လုပ်ရမယ် ။

မေး။ ။ မြောက်ပိုင်းအဖွဲ့ ၇ ဖွဲ့ မှာ လက်ရှိ ညီနောင် မဟာမိတ် ၃ ဖွဲ့ ရဲ့ ရပ်တည်မှုက သီးခြားစီ ကွဲထွက်နေတဲ့ အနေအထားဖြစ်နေသလား။

ဖြေ။ ။ မြောက်ပိုင်း ၇ ဖွဲ့ဆိုတာ FPNCC ဆိုတာကို ပြောတာ။ ကျနော်တို့ထုတ်ပြန်ချက်ခေါင်းစဉ်မှာ ညီနောင်မဟာမိတ် လို့ ခေါင်းစဉ်တပ်ထားတယ်။ တချို့နေရာတွေမှ FPNCC အနေနဲ့ ကျနော်တို့ ပူးပေါင်းတာ ရှိတယ်။ ပြောရမယ်ဆိုရင် FPNCC ဆိုတာ စစ်ရေးအရ ပူးပေါင်းတာ မဟုတ်ဘူး။ နိုင်ငံရေး မဟာမိတ်အနေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts