Features Local News political news

ဦးဝီရသူနှင့် ဘူးလက်လှဆွေကို ဖမ်းမမိနိုင်လောက်သည်အထိ ရဲတပ်ဖွဲ့ ညံ့ဖျင်းနေပြီလား

ဦးဝီရသူနှင့် ဘူးလက်လှဆွေကို ဖမ်းမမိနိုင်လောက်သည်အထိ ရဲတပ်ဖွဲ့ ညံ့ဖျင်းနေပြီလား

By မိုးယံခ/ ရန်ကုန်ခေတ်သစ်

နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် အစိုးရက တရားစွဲဆိုထားသော ဦးဝီရသူနှင့် ဘူးလက်ဦးလှဆွေကို ယခုအချိန်အထိ ဖမ်းမမိနိုင်သေးသည်မှာ ရဲတပ်ဖွဲ့၏ ညံ့ဖျင်းမှုကြောင့် ဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများ၊ ရှေ့နေများနှင့် ရဲအရာရှိဟောင်းများက ပြောဆိုသည်။

ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲခံထားရသော တရားခံ ၂ ဦးစလုံးကို ဖမ်းမမိသေးခြင်းသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် အားနည်းချက် ရှိနေခြင်းဖြစ်ကြောင်း ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က ပြောသည်။

“ဦးဝိရသူနဲ့ ဘူးလတ်လှဆွေးကိုဖမ်းဆီးဖို့ ဒီလိုကြန့်ကြာတာ သူတို့ရဲတပ်ဖွဲ့အနေနဲ့ ဆောင်ရွက်ချက် အားနည်းတယ်လို့ ကျွန်တော်ကတော့ မြင်တာပေါ့။ တကယ်တမ်းကတော့ ရဲဆိုတာက သူတို့တခြား ထင်ရှားကျော်ကြားတဲ့သူတွေ ဥပမာ နေမျိုးဇင်တို့ ဘာတို့ပေါ့ဗျာ။ ဆိုရင် ရဲတပ်ဖွဲ့က စောင့်ကြည့်နေကျပဲ။ ဒီလိုမျိုးလူတွေဆိုရင်လည်း ဒါသူတို့ စောင့်ကြည့်ရမှာပဲ။ စောင့်ကြည့်ပြီးတော့ မြန်မြန်ဆန်ဆန် လုပ်နိုင်ရမှာပေါ့။ အားနည်းတာတော့ အားနည်းတယ်ပေါ့ဗျာ။ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်က စုံစမ်းတာတွေဘာတွေ အရမ်းအားနည်းတယ်လို့မြင်တာပေါ့” ဟုဒုရဲမှူးဟောင်းဦးမိုးရန်နိုင်ကဝေဖန်ပြောဆိုသည်။

ဒီမိုကရေစီဘက်တော်သားများကို မဆိုင်းမတွ ဖမ်းဆီးနိုင်သော်လည်း စစ်တပ်လိုလားသူများကို ဖမ်းမမိခြင်းမှာ စဉ်းစားစရာများစွာနှင့် သံသယဖြစ်ဖွယ်များရှိနေကြောင်း ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က ဆိုသည်။

“ရဲတပ်ဖွဲ့က အလုပ်မလုပ်ဘူးဆိုတာထပ် ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ ဥပမာ နေမျိုးဇင်တို့ဘာတို့ဆိုရင် သူတို့ကို အတိုက်အခံလုပ်တဲ့သူတွေလောက်တော့ လျှင်လျှင်မြန်မြန် ဖမ်းဆီးနိုင်ပြီးတော့ ဒီလိုလူတွေကို မဖမ်းဆီးနိုင်တာတော့ ပြောရမယ်ဆိုရင် ရဲတပ်ဖွဲ့အနေနဲ့ လူထုအနေနဲ့က သံသယဖြစ်စရာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် မိစရာကောင်းတဲ့သူတွေကို တွက်လို့ရတယ်လေ။ ဒါတွေက သူတို့ဆိုရင် မြန်မြန်ဆန်ဆန် မိရမယ့် မိစရာကောင်းတဲ့သူတွေကို မမိတာဟာ ရဲတပ်ဖွဲ့ရဲ့ ကျွန်တော့်အမြင်မှာ ဂုဏ်သိက္ခာကျဆင်းစေတယ်ပေါ့။ ဒီအမိန့်ပဲ သွားရင်းနဲ့ တစ်ခါတလေ ကိုယ်ဟာကိုထိုးဖောက်ပြီးတော့ ဒါလေးကတော့ ဒီကိစ္စလေးကတော့ လုပ်သင့်တယ် ဥပဒေနဲ့ညီတယ်။ ရဲတပ်ဖွဲ့အနေနဲ့ကလည်း အဲဒီလိုလုပ်တတ်တဲ့သူကို ဖိနှိပ်တဲ့ သဘောတရားလေးတွေရှိတော့ ကြည့်ရတာ အကြောက်တရား ကိန်းအောင်းလာလို့ တော်ရုံ မလုပ်တော့ဘူးပေါ့။ အထက်အမိန့်အရလုပ်လိုက်မယ်။ မရရင် မလုပ်ဘူးဆိုတော့ ဖြစ်လာတာပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိ တရားခံ ၂ ဦးကို ဖမ်းမမိခြင်းသည် ရဲတပ်ဖွဲ့အတွက် ဂုဏ်သိက္ခာကျဆင်းစရာနှင့် ဒီမိုကရေစီ မလိုလားမှု အဖြစ် ပြည်သူက ရှုမြင်လာနိုင်သည်ဟု ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က ဆက်ပြောသည်။

“ကူညီပါရစေ ဆိုင်းပုဒ်အတိုင်းဖြစ်လာဖို့ ပြင်ဆင်သင့်တဲ့ အချက်တွေကတော့ ရဲတပ်ဖွဲ့ကြီးအနေနဲ့ဆိုရင် အများကြီးပါပဲ ပြင်ဆင်ရမယ့် အချက်တွေကတော့ ကျယ်ပြန့်ပါတယ်။ ဒီမိုကရေစီ လိုလားသူတွေကိုတော့ အလျှင်အမြန်ဖမ်းဆီးနိုင်တယ်။ မလိုလားသူကျတော့ လျှင်လျှင်မြန်မြန် မဖမ်းဆီးနိုင်ဘူး ဆိုတဲ့ သဘောမျိုးသက်ရောက်တာ ပြည်သူလူထုက အမြင်တစ်မျိုးမြင်စေနိုင်တယ်။ ရဲတပ်ဖွဲ့ကို အားကိုးလိုစိတ် အထင်ကြီးစေလိုတဲ့စိတ်တို့ မရှိတော့ဘူးပေါ့။ ဒါဟာအများကြီး ရဲတပ်ဖွဲ့အတွက် အများကြီးနစ်နာတယ်လို့တော့ ကျွန်တော်တော့မြင်တယ်” ဟု ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က သုံးသပ်သည်။

သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် အစိုးရ ကိုလည်းကောင်း၊ ဘာသာရေးနှင့်လူမျိုးရေးဆိုင်ရာ ပဋိပက္ခများ သို့ ဦးတည်စေသော အမုန်းစကားများကို လည်းကောင်း ပြောဆိုခဲ့ကြသည့် ဦးဝီရသူနှင့် ဘူးလက်လှဆွေတို့ကို သက်ဆိုင်ရာအာဏာပိုင်များက ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆို အရေးယူခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ရဲတပ်ဖွဲ့က ၎င်းတို့နှစ်ဦးစလုံးကို ယခုအချိန်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ ရှိနေသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ဦးဝီရသူနှင့် ဘူးလက်ဦးလှဆွေတို့ကို လက်ရှိချိန်ထိဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲအမြန်ဆုံးဖမ်းဆီးမိအောင် ဆောင်ရွက်လျက်ရှိသည်ဟု သြဂုတ်လ၁၆ရက်နေ့ကပြုလုပ်ခဲ့သော သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောဆိုခဲ့သည်။

မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ တရားခံဖမ်းဆီးမှုကြန့်ကြာနေခြင်းသည် ရဲတပ်ဖွဲ့ဝင်များ အလုပ်မလုပ်သောကြောင့် ဖြစ်နိုင်ကြောင်းဝေဖန်မှုများရှိသည်။

“ကျွန်တော့်တစ်ဦးတည်းသဘောနဲ့ ပြောမယ်ဆိုရင် တစ်အချက်က တရားခံဖမ်းဆီးဖို့ အဓိကတာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မှု လုပ်ငန်းပေါ်မှာလေးနက်မှု နည်းတာဒါအကြောင်းတစ်ခုရှိတယ်။ နောက်တစ်ခုကကျတော့ သူတို့ကိုဖမ်းဆီးမယ့် အစားမဖမ်းဆီးဘဲနဲ့ ဒီတိုင်းထားထားတာကပြောမယ်ဆို နိုင်ငံရေးအရအကျိုးအမြတ် တစ်စုံတစ်ရာရှိလို့ ဒီတိုင်းထားလား။ တရားခံဖမ်းဆီးဖို့ဆိုတဲ့ အလုပ်သည် ရဲတပ်ဖွဲ့ရဲ့ အလုပ်ဖြစ်တဲ့အတွက် လွယ်လွယ်ပြောရင်တော့ ရဲကအလုပ်မလုပ်လို့ပေါ့ဗျာ။ ဒီလိုပဲသုံးသပ်လို့ရပါတယ်” ဟုဥပဒေအကြံပေးခင်မောင်မြင့်ကဆိုသည်။

ဦးဝီရသူနှင့် ဘူးလက်ဦးလှဆွေကို မဖမ်းနိုင်ခြင်းသည် ရဲတပ်ဖွဲ့သည် သမ္မတ၏ လက်အောက်တွင် ရှိ၊ မရှိ မေးခွန်းထုတ်စရာဖြစ်လာသည်ဟု မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်က သုံးသပ်သည်။

“ရဲတပ်ဖွဲ့က အလုပ်မလုပ်ဘူးလို့ ထင်မြင်စရာဖြစ်နေပြီလို့ပဲ မြင်တာပေါ့။ ထင်မြင်စရာမဖြစ်အောင်လုပ်ဖို့ကတော့ သူတို့တာဝန်ပဲပေါ့လေ။ ပြည်သူတွေဆိုတာကတော့ သုံးသပ်မှာပဲလေ အားလုံးသူသူကိုယ်ကိုယ်သုံးသပ်ကျမှာပဲလေ နဂိုတုန်းကလည်း သူတို့လာခြင်းမကောင်းတာမှ မဟုတ်ဘဲ အခြေခံဥပဒေကစပြီးတော့ မတော်မတရားတွေရေးဆွဲပြီးတော့ မတရားအခွင့်အာဏာတွေပေးပြီးတော့ သမ္မတအောက်မှာ မနေကျတဲ့အုပ်စုတွေဖြစ်လာကျတာလေ ဒီလိုမျိုးဖြစ်တယ်ဆိုတော့ ပိုပြောစရာဖြစ်ကုန်ကျတာပေ့ါ” ဟု ဆရာတော်ကမိန့်ကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင် ရှိပြီး ပြည်ထဲရေးဝန်ကြီးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကရွေးချယ်ပေးသော တပ်မတော်သားကိုသာ နိုင်ငံတော်သမ္မတကခန့်အပ်ပေးရခြင်းဖြစ်သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့သည် တပ်မတော်သား ပြည်ထဲရေးဝန်ကြီးနှင့်တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ကိုသာ သစ္စာခံပြီး အရပ်သား သမ္မတကို သစ္စာမခံဆိုသော ပြောဆိုဝေဖန်မှုများက နိုင်ငံရေးအသိုင်းအဝိုင်းတွင် တွင်ကျယ်စွာ ရှိနေနှင့်ပြီးသားဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်ထဲရေး လက်အောက်တွင်ရှိသော်လည်း နိုင်ငံသမ္မတ တိုက်ရိုက်ခိုင်းစေခွင့်ရှိပြီး သမ္မတ ညွှန်ကြားချက်အတိုင်း မလုပ်ကိုင်နိုင်လျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရအရေးယူလို့ရကြောင်း၊ရဲတပ်ဖွဲ့ကို အစိုးရပိုင်းကခိုင်းစေသည့်နေရာတွင် နိုင်ငံတော်သမ္မတပိုင်းက အားနည်းချက်များရှိသည်ဟု ဦးခင်မောင်မြင့်ကလည်း ထောက်ပြသုံးသပ်သည်။

“သမ္မတရုံးက တိုက်ရိုက် ညွန်ကြားချက်တွေ အမိန့်တွေထုတ်ပြီးတော့ ခိုင်းစေတာတွေမပြုခဲ့ဘူး။ အဲလိုလိုက်နာဆောင်ရွက်ခြင်း မပြုတဲ့အတွက် အရေးယူခြင်းလည်းမရှိခဲ့ဘူး။ ဆိုကျပါစို့ အဲဒီလို မလုပ်ဘူးဆိုရင် အဲဒီ ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးကို ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာပါတဲ့ ပြဌာန်းချက်တွေအတိုင်းပဲ သမ္မတကနေမှ တိုက်ရိုက် ဖြုတ်ချပြီးတော့မှ နောက်ထပ် ဝန်ကြီးအသစ် အမည်စာရင်းကို ကာချုပ်စီကတောင်းခံပြီးတော့ အသစ်ခန့်ထားခွင့်ရှိတယ်။ သို့မဟုတ် ပျက်ကွက်မှုတွေအတွက် ပြည်ထောင်စုလွှတ်တော်ကို ခေါ်ယူပြီးတော့မှ စွတ်စွဲပစ်တင်ပြီးတော့မှ ဖြုတ်ချလို့ရတယ်။ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ မလုပ်ခဲ့တော့ ပြောမယ်ဟော့ဆိုရင် ဒီဟာတွေရဲ့ အခြေခံအကြောင်းတရားသည်။ ပြည်ထောင်စုအစိုးရနဲ့ သမ္မတရဲ့ လက်တွေ့ဥပဒေကို ကိုင်တွယ်သုံးစွဲတဲ့နေရာမှာ အားနည်းချက်တွေကြောင့်လို့ ကျွန်တော်ဒီတိုင်းပဲ မြင်တယ်”ဟု ၎င်းကဆိုသည်။

ရဲတပ်ဖွဲ့ကို တပ်မတော်ပိုင်းက အရာရှိဦးဆောင်ထားသည့်အတွက် ဂုဏ်သိက္ခာပိုင်းနှင့် ပတ်သက်ပြီး တပ်မတော်ပိုင်းသည် တာဝန်အရှိဆုံးဖြစ်ပြီး တပ်မတော်ကိုယ်တိုင် မဘသ အဖွဲ့အစည်းကို ၎င်းတို့ကိုတိုင် ငွေကြေးထောက်ပံ့ပြီး အားပေးအားမြှောက်ပြုထားကြောင်း မြဝတီဆရာတော်က မိန့်ကြားသည်။

“တာဝန်ကျေကျေ မဖမ်းဆီးနိုင်သေးတာကတော့ ရဲတပ်ဖွဲ့ရဲ့ သိက္ခာပိုင်းဖြစ်သွားပြီလေ။ တာဝန်ထမ်းဆောင်မှု ပြည့်ပြည့်ဝဝ မရှိဘူးဆိုတာပြတာ တစ်ခါ ရဲတပ်ဖွဲ့ အထက်ပြန်ကြည့်ပြန်တော့လည်း ရဲတပ်ဖွဲ့ကို စိုးမိုးနေတဲ့ ကာချုပ်ပေါ့နော်။ တာဝန်အရှိဆုံးဖြစ်သွားပြန်ပြီးပေါ့။ ဒီအလုပ်တွေက သူကိုယ်တိုင် ပူးပေါင်းပါဝင်ပြီးတော့ သူတို့အုပ်စုတွေကနေပြီးတော့ အားပေးအားမြှောက်လုပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်တွေလည်း သွားပြီးတော့ ငွေလှူဒါန်းပြခြင်းဖြင့် နိုင်ငံတော်က အရေးယူနေတဲ့ဟာ တစ်ခုကို သူတို့အဲဒီလိုလုပ်ပြတယ်ဆိုတဲ့ဟာကတော့ ဒါလည်းတော်တော်မကောင်းတဲ့ကိစ္စပဲ အဲတော့ပြောရရင်တော့ ဥပဒေစိုးမိုးမှု ရှိသထပ်ရှိအောင်လုပ်ဖို့လိုတယ်လို့ ဘုန်းကြီးပြောချင်တယ်” ဟု ဆရာတော်ကမိန့်ဆိုသည်။

“ကူညီပါရစေ” ဆိုင်းဘုတ်ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့သည် တိုင်းပြည်အုပ်ချုပ်နေသော အစိုးရတစ်ရပ်က ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုထားသော တရားခံ ဝရမ်းပြေးရှာပုံတော် အဆုံးမသတ်နိုင်သေးသမျှကာလပတ်လုံး အရှက်ရ နေရလိမ့်မည်ဖြစ်ပြီး ကိုယ့်အရှက်ကိုယ့်သိက္ခာကိုပင် မကာကွယ်၊ မကူညနိုင်သော အဖွဲ့အစည်းတစ်ရပ်အဖြစ် ရှုမြင်ခံရမည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ဝေဖန်ပြောဆိုသည်။

နိုင်ငံတော် အစိုးရကိုယ်တိုင် တရားလိုပြုလုပ်ပြီးတရားစွဲဆိုသောအမှုများတွင် တရားခံဖမ်းဆီးခြင်းရဲတပ်ဖွဲ့က ကြန့်ကြာနေခြင်းသည် လက်ရှိအစိုးရကရဲတပ်ဖွဲ့အပေါ် သြဇာမလွှမ်းမိုးနိုင်ခြင်းကို ပြသနေသည်ဟု အဓမ္မဝါဒီဆန့်ကျင်ရေး အဖွဲ့မှ ကိုမြတ်ကျော်က ဆိုသည်။

“အစိုးရအနေနဲ့ သေချာတာက ပြည်ထဲရေးဝန်ကြီးဌာနကို သြဇာ မညောင်းတာကတော့ ဖွဲ့စည်းပုံဥပဒေ အရသော်လည်းကောင်း လက်တွေ့ အနေအထား အရသော်လည်းကောင်းတွေ့နေရတယ်။ ဒါပေမယ့် ဖိအားပေးနိုင်တဲ့ အခြေအနေတော့ရှိတယ်။ ဒါကိုတော့ အစိုးရအနေနဲ့ သူတို့အလုပ်တစ်ခုဖြစ်တဲ့အတွက် လုပ်လိမ့်မယ်လို့တော့ ယူဆတယ်”ဟု ကိုမြတ်ကျော်ကသုံးသပ်ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com