All News interview Local News

ဦးရွှေမန်းဘက်တော်သားက တရားစွဲထားတဲ့ ဦးရဲထွဋ်၊ ဦးလှဆွေနှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ရဲ့ အမှု နောက်ဆုံးအခြေအနေ

ဦးရွှေမန်းဘက်တော်သားက တရားစွဲထားတဲ့ ဦးရဲထွဋ်၊ ဦးလှဆွေနှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ရဲ့ အမှု နောက်ဆုံးအခြေအနေ

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်နှင့်ဆက်သွယ်မေးမြန်းချက်

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

ဦးရဲထွဋ် ၊ ဦးလှဆွေ နှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံရေး ကာကွယ်ရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် သူရဦးရွှေမန်း၏ ကားဆရာ ဦးမျိုးမင်းလတ်က နေပြည်တော်၊ ပုဗ္ဗသီရီမြို့နယ်ရှိ ပတ္တာနယ်မြေရဲခန်းတွင် ဇူလိုင်လအတွင်း အမှုဖွင့်ခဲ့သည်။ အဆိုပါအမှုဖွင့်ခံထားရမှုနှင့်ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်၏ ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွှန့်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်သူ ဦးရဲထွဋ်ကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံရေး ဥပဒေ ပုဒ်မ ၁၀ အပါအဝင် ဂုဏ်သိက္ခာထိခိုက်မှုနဲ့ တိုင်ချက်ဖွင့်ထားတယ် ၊ ဒီတရားစွဲဆိုခံနေရတဲ့အမှုမှာ ဥပဒေအကြံပေးအဖြစ် ပါဝင်ဖြစ်တာ ဘာကြောင့်ပါလဲ။

ဖြေ။ ။ နံပါတ် ၁ က ဦးရဲထွဋ်က အရင်သမ္မကြီး ဦးသိန်းစိန်လက်ထက်မှာ သူတာဝန်ထမ်းဆောင်တဲ့အခါ ၊ လွှတ်တော်ထဲကော ၊ လွှတ်တော်ပြင်ပမှကော ကျနော်ထိတွေ့မှုအရ လေ့လာကြည့်တဲ့အခါ အလုပ်နှင့် ပတ်သက်ရင် ထူးထူးချွန်ချွန် ၊ ကြိုးစား ဆောင်ရွက်တဲ့ ဝန်ကြီး တစ်ယောက်ဖြစ်တယ်။ ပြီးတော့ သူဘဝ ဖြတ်သန်းမှုကို ကြည့်ရင် ဒုတိယ ဗိုလ်မှူးကြီးဘဝ ၊ နောက်တစ်ခါ ညွန်ချုပ် ၊ ဒု- ဝန်ကြီး အဆင့်ဆင့် တက်ခဲ့ပြီးတော့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ရောက်လာခဲ့တဲ့ ဖြတ်သန်းမှုက သူရဲ့ သာမန် ဒုဗိုလ်မှူးကြီး အဆင့်နဲ့ တက်ရောက်လာတဲ့ ရာထူးဖြစ်တဲ့အတွက် ဒီလိုအဆင့်ဆင့် ကြိုးစားပြီး တက်လာတဲ့ ပုဂ္ဂိုလ်မျိုးကို ကျနော်က အသိအမှတ်ပြုတယ်။

အခုအချိန်မှာ သူက ပညာရှင်တစ်ဦးအဖြစ် စင်ကာပူနိုင်ငံမှာ ၃ နှစ်နေပြီး အကြီးစားသုတေသန အရာရှိအဖြစ် လေ့ကျင်ပျိုးထောင်တဲ့သူဖြစ်တဲ့အတွက် သာမန်စစ်သား ဟောင်း တစ်ယောက်မဟုတ်ဘူူး။ ပညာရှင်တစ်ဦးလည်း ဖြစ်တဲ့အတွက် ဒီလိုတန်ဖိုးရှိတဲ့လူတစ်ယောက်ကို အခုလိုတရားစွဲလာတဲ့အခါ သူရဲ့ ဥပဒေအကြံပေး အဖြစ် လုပ်ပေးရတာကိုး ကျနော်က အင်မတန်မှာ ကျေနပ်ပါတယ်။

မေး။ ။ လက်ရှိ ဒီအမှုအခြေအနေ ဘယ်လို့ ရှိလဲ ။

ဖြေ။ ။ ဒီအမှုအခြေအနေကတော့ မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဘိုဘိုကျော်ငြိမ်း ရဲ့ ပြောဆိုချက်အပေါ် ဦးရဲထွဋ်က ဒီဟာနဲ့ ပတ်သက်ပြီး စစ်ဆေးခွင့်မှာ ဒီဟာကို ဖော်ပြတယ်ဆိုပြီး သူကိုပါ ဆက်ပြီး ပုဒ်မ ၁၀ / ၁၂ အရ အရေးယူပေးဖို့ တိုင်ကြားထား တယ်ဆိုတာ အဲ့လောက်ပဲ ကျနော် သိပါတယ်။

မေး။ ။ လက်ရှိ ဒီအမှု နှင့် ပတ်သက်ပြီး ဥပဒေကြောင်းအရ ပြင်ဆင်ထားတဲ့ အပိုင်းရှိရင် ပြောပြပေးပါ။

ဖြေ။ ။ ဥပဒေကြောင်းအရ ပြင်ဆင်ထားတာ နံပါတ် – ၁ – ပြောရရင် နိုင်လွတ်လုံ – ဥပဒေ ဟာ လက်တွေမှ နိုင်ငံသားတွေ ရဲ့ ပုဂ္ဂိိုလ်ဆိုင်ရာ လွတ်လပ် မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးတဲ့ ဥပဒေ ဖြစ်နေရမယ့်အစား အာမခံ မပေးနိုင်တဲ့ပုဒ်မကို အကြောင်းပြုပြီးတော့ မြန်မာနိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ် ရေးဆိုင်ရာ လွတ်လပ်မှု ကို ထိခိုက်နေပြီ ။ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို မကာကွယ် ၊ မပေးတဲ့အပြင် ထိုးနှက်နေတဲ့ ဥပဒေ လိုမြင်တဲ့အတွက် ဒီဥပဒေရဲ့ အားနည်းချက်သည် အခြေခံဥပဒေ မှ ပေးထားတဲ့ လွတ်လပ်ခွင့် ရေးသားခွင့် ၊ ပြောဆိုခွင့် ကို ထိပါး နေတဲ့ အချက်တွေကို ဥပဒေကြောင်းအရ သုံးသပ်တင်ပြပါမယ်။

နောက်တစ်ချိန် ၂၀၂၀ မှာ အစိုးရအပြောင်းအလဲဖြစ်ရင်လည်း ဒီဥပဒေကို ပြန်ပြင်ဖို့ ၊ဖြစ်နိုင်ရင် ဖျက်သိမ်းပြီးတော့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် လုံခြုံမှုကို တစ်ကယ် ကာကွယ်ပေးနိုင်တဲ့ ဥပဒေမျိုးကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ဖို့အတွက် ကျနော်က ဆောင်ရွက်သွားမယ်။

မေး ။ ။ဒီနိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၁၀နဲ့ တရားစွဲဆိုတာက တရားလိုအဖြစ် သူရဦးရွှေမန်း ၏ ကိုယ်စားလှယ်က တရားစွဲဆိုတာဖြစ်တော့ ဒီဥပဒေ ပုဒ်မအရ အကျုံးဝင်နိုင်လား ။

ဖြေ။ ။ အရင်ဆုံး ကျနော်ပြောရရင် ဒီဥပဒေအရ ရာဇဝတ်မှု ဖြစ်တယ်။ ရာဇဝတ်မှု မည်သည်ကား နစ်နာသူကပဲ တိုင်ရမယ် ။ တရားမမှုတွေမှောတာ့ သူရဲ့အမှုကို တရားလိုပဲဖြစ်ဖြစ် ၊ တရားခံပဲဖြစ်ဖြစ် ကိုယ်စားလှယ်နဲ့ ဆောင်ရွက်နိုင်တယ်။ ပြီးတော့ ဒီဥပဒေမှာ ဘာပြဌာန်းထားလဲဆိုတော့ ဒါနဲ့ ပတ်သက်ရင် အတိအလင်းဖော်ပြထားတာ ရှိတယ်။ ဒါက ဘာလဲဆိုတော့ မည်သည့်ရဲစခန်းမဆို ဒီတိုင်ကြားချက်ကို လက်ခံရရှိ ရင် ၊ သတင်းပေးချက်ကို လက်ခံ ရရှိရင် ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၅၄ နဲ့အညီ အရေးယူဆောင်ရွက်ရမယ်လို့ ဆိုတယ်။ ရာဇဝတ် ပုဒ်မ ၁၅၄ ဆိုတာ အရေးယူပိုင်တဲ့အမှုတွေမှ သတင်းပေးခြင်း အကြောင်း ဆိုပြီးတော့ ပြစ်မှုဆိုင်ရာကျင့်ထုံးမှာ ပြဌာန်းထားတယ်။
ဒီအပြင် အိန္ဒိယကျင့်ထုံး တစ်ခုမှတော့ နစ်နာသူ တစ်ယောက်က ဒီပုဒ်မအရ သတင်းပေးခြင်း ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ ယန္တရားတစ်ခု လည်ပတ်တဲ့ နည်းလမ်း တစ်ခုဖြစ်သည်ဟု ဖော်ပြထားတာ ရှိတယ်။ အဲ့တော့ နစ်နာသူဆိုတာ ဘယ်သူလဲ ။ အခုတိုင်ကြားတဲ့ ပုဂ္ဂိုလ်လား ၊ တကယ်ကို သူပါတီ ဘာညာ ထိခိုက် တယ်ဆိုတဲ့ ပုဂ္ဂိုလ်လား ၊ ဒါတွေကတော့ ဥပဒေကြောင်းအရ မေးခွန်းထုတ်ရမှာပေါ့ ။

မေး ။ ။ဒီအမှုက စတင်စစ်ဆေးနေပြီလား ။

ဖြေ။ ။ အခုတော့ ဦးရဲထွဋ်ကို သူတို့ ခေါ်စစ်လား ၊ မစစ်ဘူးလား ဒီအပိုင်းပဲ ရှိအုံးမှာ။ ဦးရဲထွဋ်ကို ခေါ်စစ်ရင် သူလည်း ပြန်ကြားရေး ဝန်ကြီးဟောင်း ဖြစ်တဲ့အတွက် သူ့ကို လာစစ်တဲ့သူကို ပြန်ရှင်းပြမှာပေါ့။ အဲ့လို ရှင်းပြတော့ ဥပဒေကြောင်းဆိုင်ရာ အချက်အလက် လိုအပ်ရင်တော့ သူ က ကျနော်ကို ဥပဒေအကြံဉာဏ်ယူမှာပေါ့ ။

တစ်ခုပဲ ဦးရဲထွဋ် တို့ ပြောတယ်ဆိုတာ ၊ ဦးဘိုဘိုကျော်ငြိမ်း ပြောတယ် ဆိုတာ ၊ အခုမှ မီဒီယာမှာ ဖော်တဲ့ တိုင်ချက်တွေအရပဲ ကျနော် လေ့လာကြည့်တဲ့အခါမှာ သူတို့ အကျိုးအတွက် ပြောတာ မဟုတ်ဘူး။ အများပြည်သူအကျိုးအတွက် ပြောတာ ။

အဲဒီတော့ အများပြည်သူအကျိုးအတွက် ပြောတယ်ဆိုရင် ကျနော်တို့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၀ -အသေရေဖျက်မှု မှတောင် အများပြည်သူအကျိုးအတွက် ပြောတာဆိုရင် ကင်းလွတ်ခွင့် ပေးထားတာ ရှိတယ်။ ဒီဥပဒေ က ပုဒ်မ ၈ (စ) ဆိုတာ ရှင်းရှင်းပြောရင် ပုဒ်မ ၅၀၀ နဲ့ စွပ်စွဲရမယ် အချက်မျိုးနဲ့ တူတယ်။ သို့သော်သူမှာ ရှင်းလင်းချက် မပါဘူး။ ဒီဥပဒေက ပြဌာန်းထားတာတကယ်တမ်းပြောရရင် ယေဘုယျစကားတွေနဲ့ ပြဌာန်းထားတဲ့အတွက် ဥပဒေကို မျော့ကြိုး ဆွဲလို ရတာမျိုး ဖြစ်လာတယ်။

ဥပမာ – ဆိုရင် ဒီဥပဒေမှ ဖော်ပြထားတဲ့ နိုင်ငံသားရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ မိသားစု ကိစ္စများကို အဓမ္မ ဝင်ရောက်စွက်ဖက်ခြင်း ၊ လူတစ်ဦး ရဲ့ ဂုဏ်သိက္ခာ နှင့် ထင်ပေါ် ကျော်ကြားမှုကို ပုတ်ခတ်ခြင်း ၊ ထိခိုက်စေရင် တစ်နည်းနည်းနဲ့ ဆောင်ရွက်ခြင်း မပြုရ ဆိုတာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆိုတာ သူမိသားစု ကိစ္စ ၊ သူလုပ်ငန်းဆိုတာ စီးပွားရေး ၊ အခုက နိုင်ငံရေးကိစ္စလေ ။ နိုင်ငံရေးပါတီတစ်ခုခုကို နိုင်ငံရေးလေ့လာသုံးသပ်သူ ၊ နိုင်ငံရေးခေါင်းဆောင်တို့ ဝေဖန်၊ထောက်ပြတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံမှာ အားလုံးနားလည်နိုင်တဲ့ အခွင့်အရေး ပဲ ။

ဒီနေ့ အမေရိကန်သမ္မတက လူဖြူမဟုတ်တဲ့ အမတ်တစ်ယောက်ကို ပြောသလို အဲ့ဒီအမတ်တွေကလည်း အမေရိကန်သမ္မတကို ပြန်ပြောကြတာပဲ။ အဲဒါဆိုရင် ကျနော်တို့ နိုင်ငံမှာ အမေရိကန်သမ္မတကော ၊ အမတ်တွေက နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၈ (စ) နဲ့ တရားစွဲဆိုခံထားရမယ် သူတွေ ဖြစ်မှာပေါ့။
အဲဒီတော့ ဒီမိုကရေစီ စံနှုန်း ၊ ဒီမိုကရေစီ သွားမယ်ဆိုရင် ဒီမိုကရေစီပေးထားတဲ့နိုင်ငံသားတွေ လွတ်လပ်စွာ ပြောဆိုခွင့် ၊ ရေးသားခွင့်တွေကိုတော့ ဘယ်သူမဆို အလေးထားဖို့ လိုတာပေါ့။ အထူးသဖြင့် နိုင်ငံရေးလုပ်တဲ့လူတွေ ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေက ပိုပြီး နိုင်ငံရေးအရ ခံနိုင်ရည် ရှိရမှာပေါ့ ။ နိုင်ငံရေးအရ ရင့်ကျက်ရမှာပေါ့ ။

မေး။ ။ ဒီအမှုက အာမခံပေးနိုင်လား ။

ဖြေ။ ။ ပုဒ်မကတော့ ထောင်ဒဏ် ၃ နှစ်အထိပဲ ပေးနိုင်တဲ့ ပုဒ်မ ၊ အဲ့တာကြောင့် ဒါက ထောင်ဒဏ် ၃ နှစ်အထိ စကားအပေါ် မူတည်ပြီးတော့ ၃နှစ်အထက် (သို့မဟုတ် ) ၃ နှစ်အောက် ဒီအပေါ် မူတည်ပြီးတော့ တရားသူကြီးက ၊ တရားရုံးက သူစီရင်ထုံးနဲ့ ဆောင်ရွက်ပြီးတော့ ၊ အာမခံပေးတာက ဒီတစ်ချက်ပဲ ၊ အာမခံပေးတဲ့ ပုဂ္ဂိုလ်က ထွက်ပြေးမလား ၊တိမ်းရှောင်မလား ၊ သက်သေဖျက်မလား ၊ အဲဒီလို အချက်တွေ မရှိဘူး ။ ပြစ်မှုဆိုင်ရာ အာမခံပေးနိုင်တဲ့အချက်များနှင့်ကိုက်ညီရင် အာမခံ ပေးပေါ့ ။

မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်ပါလဲ

ဖြေ။ ။ ဒီအပေါ် ကျနော်က မှတ်ချက်ပေးစရာ မလိုဘူး။ တစ်ဖက်က တိုင်တယ်။ တစ်ဖက်ကလည်း တိုင်ကြားခံထားရတော့ သူ အခွင့်အရေးအရ သူက ကျနော်ဆီ အကြံဉာဏ် တောင်းမယ်ဆိုရင် အကြံဉာဏ်ပေးမှာ။ ကျန်တဲ့ကိစ္စကတော့ တိုင်ကြားသူရဲ့ ရည်ရွယ်ချက်ကို အကဲခတ်လို့မရတဲ့အတွက် ကျနော် ဘာမှ မှတ်ချက်မပေးပါဘူး။

မေး။ ။ ဒီတရားစွဲဆိုခံရတဲ့ အမှုအပေါ် ဘာများ သုံးသပ်ပြောဆိုချင်တာ ရှိလဲ။

ဖြေ။ ။ ကျနော်ကတော့ ဒီနိုင်လွတ်လုံဥပဒေသည် ကျနော်တို့ ဖွဲစည်းပုံအခြေခံဥပဒေမ ပုဒ်မ ၃၅၄ မှာ ပေးထားတဲ့ နိုင်ငံသားများ၏ လွတ်လပ်စွာ ရေးသားခွင့် ၊ ပြောဆိုခွင့် တွေကို ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေဖြစ်တဲ့အတွက် ကျနော်အမြင်ပြောရင်တော့ အခြေခံဥပဒေ နှင့် မညီညွတ် တဲ့ ဥပဒေတစ်ရပ်ကို ပြဌာန်းလို့ ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၉၈ (က)မှာ ညွန်းထားတာ ရှိတယ်။ အဲဒီလိုဥပဒေတွေကို လိုက်နာဖို့ မလိုဘူး။

အခြေခံဥပဒေ ပြဌာန်း ချက်အတိုင်း လိုက်နာ ရမယ်ဆိုတာ မိခင် ဥပဒေဖြစ်တဲ့ အခြေခံဥပဒေမှာ ပြဌာန်းထားပြီးပြီ ။ အဲ့တာကြောင့်မို့ ကျနော်ကတော့ အခြေခံဥပဒေ ဖြစ်တဲ့ Mother Law ကို ကိုင်ပြီးတော့ ဒီဥပဒေ နဲ့ တရားစွဲတာ ၊ တရားစွဲဆိုခြင်းခံရတဲ့သူ တွေဘက်က ကျနော်က ဥပဒေအကြံပေးအဖြစ် အကြံပေးမယ်။ အမှုလိုက်ရတဲ့ ရှေ့နေ့အဖြစ် ရောက်လာရင်လည်း သူတို့ရဲ့ ရှေ့နေအဖြစ် ဒီလိုင်းအတိုင်းပဲ ကျနော် လုပ်သွားမယ်။ အခြေခံဥပဒေ နဲ့ ညီလား ၊ မညီလားဆိုတာ ပြောမှာပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts