interview political news

” အာဏာအလွဲသုံးစားတာလည်း မရှိဘူး။၂၀၂၀ အောင်နိုင်ရေးအတွက် လုပ်ရင်းနဲ့ ဖြစ်သွားတဲ့ ကိစ္စပဲ။ အဲဒါကို လုပ်တဲ့အတွက် တာဝန်မှ ရပ်ဆိုင်းခံရတော့လည်း ရပ်ဆိုင်းပေါ့ “

” အာဏာအလွဲသုံးစားတာလည်း မရှိဘူး။၂၀၂၀ အောင်နိုင်ရေးအတွက် လုပ်ရင်းနဲ့ ဖြစ်သွားတဲ့ ကိစ္စပဲ။ အဲဒါကို လုပ်တဲ့အတွက် တာဝန်မှ ရပ်ဆိုင်းခံရတော့လည်း ရပ်ဆိုင်းပေါ့ “

NLD ပါတီ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ရာထူးတာဝန်မှ ရပ်ဆိုင်းခံရသည့် ဦးမျိုးရန်နောင်သိမ်းနှင့် ဆက်သွယ်မေးမြန်းချက်

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

သြဂုတ်လ ၁၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ပါတီမှ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ရာထူးတာဝန်မှ အနားပေးရပ်ဆိုင်းရန် ဆုံးဖြတ်ကြောင်း ကြေညာခဲ့သည်။ ရန်ကုန်ခေတ်သစ်က ဦးမျိုးရန်နောင်သိမ်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ NLD ရဲ့ သုတေသနမှူး တာဝန်ကနေ ရပ်ဆိုင်းခံလိုက်ရတာ ဘာကိစ္စကြောင့်လဲ။

ဖြေ။ ။ ကျနော်က လူမှုရေးအရှုပ်အရှင်းလည်း မရှိဘူး ။ ငွေရေးကြေးရေး အဂတိလည်း မရှိဘူး။ အာဏာအလွဲသုံးစားတာလည်း မရှိဘူး။ ကျနော်အလုပ်သာ ကျနော်လုပ်တဲ့ ကိစ္စကို ကျနော်အလုပ်မဟုတ်ဘူးလို့ ပြောတော့ ဒါက ပါတီရဲ့ ဆုံးဖြတ်ချက်ပဲ။

သေချာတာက အဲ့ဒီအလုပ်လုပ်တဲ့အတွက် ပိုက်ဆံ ကုန်တယ်။ အချိန်ကုန်တယ်။ ၂၀၂၀ အောင်နိုင်ရေးအတွက် တံတိုင်းသက်သက်ပဲ။ အဲဒါကို လုပ်တဲ့အတွက် တာဝန်မှ ရပ်ဆိုင်းခံရတော့လည်း ရပ်ဆိုင်းပေါ့ ။ ဒါက ပါတီကတော့ ပါတီစည်းမျဉ်းစည်းကမ်းအရ လုပ်တာပဲ။ ကျနော်အနေနဲ့တော့ ဒါက ကြိုးစားပင်းစား လှုပ်ရှားနေတဲ့ ကိစ္စ ဖြစ်တယ်။

မေး။ ။ ဒီတာဝန်မှ ရပ်ဆိုင်းခံရတဲ့အပေါ် အယူခံဝင်ဖို့ ရလား။

ဖြေ။ ။ အယူခံဝင်တာက မှား မှ ဝင်တာ ။ ကျနော် မှားမှ မမှားတာ။ ကျနော်ဘက်က ကြည့်ရင် ကျနော် မမှားဘူး ။ ပါတီအတွက်ကတော့ စည်းမျဉ်းစည်းကမ်းအရ ဒီအချိန် လက်ခံခြင်းမှ လက်ခံနိုင်မယ် ။ အယူခံဝင်တာက အသနားခံတာ ။ ကျနော် မမှားဘူးလို့ ယုံကြည်တဲ့ ကိစ္စ တစ်ခုကို ကျနော် အယူခံဝင်ဖို့ မရှိဘူး။
ဘာကြောင့်လဲဆိုရင် ၁၉၉၆ ကတည်းကဆိုရင် နှစ်ပေါင်း ၁၅ နှစ်လောက် ဒီထဲမှာ ဘဝပေးခဲ့တာ ။ ပါတီဝင်တစ်ယောက်ဖြစ်လို့ ပါတီရဲ့စည်းမျဉ်းစည်းကမ်းကို လိုက်နာရမယ်။ ပါတီစည်းမျဉ်းစည်းကမ်းနဲ့ အညီ လိုက်နာတယ်။ ဒါပေမဲ့ ပါတီစည်းမျဉ်းစည်းကမ်းအရ မှားတယ်လို့ ဆိုလိုသော်လည်း ကျနော် ပုဂ္ဂိုလ်ရေးအရ အမြင်အရ ကျနော်မမှားဘူးလို့ ယူဆတယ်။ ဒီအတွက်ကြောင့် ကျနော် အယူခံ မဝင်ဘူး။

မေး။ ။ တာဝန်ရပ်ဆိုင်းခံရတော့ ဒီအပေါ် ဘာတွေ ဆက်လုပ်ဆောင်ဖို့ ရှိပါသလဲ။

ဖြေ။ ။ ကျနော် ပြောပြမယ် ၊ ပါတီမှ တာဝန်ယူထားတဲ့သူတွေ အများကြီး ရှိတယ်။ အလုပ်လုပ်သူ ရှိတယ်။ မလုပ်တဲ့သူ ရှိတယ်။ ကျနော်က တာဝန်ရပ်ဆိုင်းခံရတော့ တရားဝင် ပါတီတာဝန်များကို လုပ်ခွင့် မရှိဘူး။ ဒါပေမဲ့ ဒီနိုင်ငံအတွက်တော့ လုပ်ခွင့် ရှိပါတယ်။ ကျနော်အတွက်က ဒီနေရာ ရမှာ တာဝန်ရှိမှာ မဟုတ်ဘူး။ ရာထူးတာဝန် တစ်ခု ရှိမှာ မဟုတ်ဘူး။ ပြောရရင် ဒီအလုပ်ကို ဆက်လုပ်သွားမှာပဲ ၊ ဒါက ရိုးရိုးလေးပဲ။ ကိုယ်မမှားဘူးဆိုတဲ့ ဘက်ကိုတော့ အမှားမခံဘူး ။ဒီအလုပ်ကိုတော့ ဆက်လုပ်သွားမှာပဲ။ ကျနော်လုပ်လက်စအလုပ်ကို ၊

မေး။ ။ ပါတီအတွင်းမှာ ဆက်ရှိနေမယ် သဘောလား ။

ဖြေ။ ။ ပါတီဝင်အဖြစ်တော့ ဆက်ရှိနေတယ်။ ပါတီဝင်တစ်ယောက်ဖြစ်စေ ၊ နိုင်ငံသားတစ်ယောက် ဖြစ်စေ ၊ ဒီနိုင်ငံအတွက် လုပ်လို့ရတာပဲ။ NLD ပါတီ ဝင်တယ်ဆိုတာ ဒီနိုင်ငံအတွက် ဝင်တာပဲ။ ဒီနိုင်ငံအတွက်က ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက နိုင်ရမယ်။ အဲ့အတွက်ကိုလုပ်ရင်း ဒီလိုဖြစ်သွားတယ်။ ဒါပဲ။

မေး။ ။ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး မှာ တာဝန်မှ ရပ်ဆိုင်းလိုက်တဲ့ဆုံးဖြတ်ချက်အပေါ် တရားမျှတတယ်လို့ ထင်မြင်မိလား။

ဖြေ။ ။ အဖွဲ့အစည်းတိုင်းမှာ စည်းမျဉ်းစည်းကမ်းဆိုတာ ရှိတယ်။ အဲ့လိုမျိုးဆိုတော့ ကျနော်ဘက်က ကိုယ်ကို ကိုယ် မှန်တယ်ထင်ပေမယ့် အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းဘောင် နဲ့ လွတ်သွားတယ် ၊ လွန်သွားရင်တော့ သူစည်းမျဉ်းစည်းကမ်းအတိုင်း သတ်မှတ်တာပေါ့ ။ အဲ့ဒီကိစ္စအပေါ် တရားမျှတခြင်း ၊ မမျှတခြင်း ဆိုတာထက် ပါတီရဲ့စည်းမျဉ်းစည်းကမ်းအရ အရေးယူတယ်လို့ ယူဆတယ်။ ကျနော်ဘက်က ကျနော်မှန်တယ်။ ပါတီစည်းကမ်းအရတော့ မှားတယ်။ အဲဒီလိုပဲ ကျနော်ပြောလို့ရမယ်။

မေး ။ ။ ဘယ်လိုကိစ္စ ကြောင့် အခုလို တာဝန်က ရပ်ဆိုင်းခံရသလဲ။

ဖြေ။ ။ ကျနော် နိုင်ငံအတွက် ၊ ပါတီ အတွက် လုပ်တဲ့ ကိစ္စပဲ။ ကျနော် ပုဂ္ဂိုလ်ရေး မပါတဲ့ ကိစ္စပဲ။ ရှင်းရှင်းပြောရရင် ဒီနိုင်ငံအတွက် ၊ ပါတီအတွက် ၊ ၂၀၂၀ အောင်နိုင်ရေးအတွက် လုပ်ရင်းနဲ့ ဖြစ်သွားတဲ့ ကိစ္စပဲ ။ နိုင်ငံအတွက် ၊ ပြည်သူအတွက် လုပ်တာ။ လုပ်ရင်းဖြစ်သွားတဲ့ကိစ္စ ၊ ကျနော်ပုဂ္ဂိုလ်ရေး အကျိုးအတွက် တစ်ခုမှာ မပါဘူး။ အဲ့လို့ ဖြစ်သွားတဲ့အတွက် အရေးယူခံရတယ်။ ဒီလောက်ပါပဲ။

မေး ။ ။ ဒေါက်တာမျိုးညွန့်က ဆရာ့ကို ပါတီသုတေသနမှူး တာဝန်က ရပ်ဆိုင်းတာက မိမိအား ပါတီက ပေးအပ်ထားခြင်း မရှိတဲ့ လုပ်ငန်းတာဝန်ကို လုပ်ဆောင်တာကြောင့် ရပ်နားခံရတယ်ဆိုတော့ …..ဘာကို ဆိုလိုချင်သလဲ။

ဖြေ။ ။ ကျနော်လုပ်တဲ့ ကိစ္စက ကျနော်ကို ပေးအပ်ထားတဲ့ တာဝန်နဲ့ မကိုက်ညီဘူးလို့ ယူဆလို့ပေါ့ ။ ကျနော်ထမ်းဆောင်တဲ့ အမှုတာဝန်မျိုး ၊ အဲဒီလိုမျိုးပါ ။ ကျနော်ထမ်းဆောင်နိုင်တဲ့ တာဝန်သည် နိုင်ငံအတွက် ပါတီအတွက်လို့ ယူဆတယ်။ ပါတီအတွက်က ပါတီအတွက်လို့ မယူဆဘူး ။ ဒီလောက်ပဲ။ အဲဒီလိုပဲ ကျနော်သဘောပေါက်ပါတယ်။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘာများ လုပ်ဆောင်ဖို့ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ နိုင်ငံမှာ ၂၀၂၀ မှာ NLD ဆက်မနိုင်လို့ … မဖြစ်ပါဘူး။ ဒါက သေချာတယ်။ ၂၀၂၀ မှာ NLD ဆက်နိုင်မှ ဖြစ်မှာ ။ ဒါ ကျနော်ပါတီဝင် တစ်ယောက်အနေနဲ့ကော ၊ နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီမိုကရေစီ အတွက် တော်တော်လေးကို စိုးရိမ်လို့ ပြောတာ။ မနိုင်လို့ မဖြစ်ဘူး။ မဟုတ်ရင် အာဏာရှင် အုပ်ချုပ်ရေး အဓွန့်တည့်သွားလိမ့်မယ် ။
ဒီကိစ္စတွေ ဖြစ်မယ်ဆိုတာ ဆက်ဖြစ်မှာပဲ။ အမှန် ၊ အမှားတွေ ဆက်ရှိနေမှာပဲ ။ ဒါပေမဲ့ ကျနော်တို့ ရည်မှန်းချက်ကို မပျောက်သွားဖို့ အရေးကြီးတယ်။ အဲ့တာက ၂၀၂၀ မှာ NLD ဆက်နိုင်ရမယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆက်လက်ဖြစ်ထွန်းစေရမယ်။ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရမယ်။ ဒါက ကျနော်တို့ ရည်မှန်းချက်ပဲ။

အဲဒါကို မပျောက်သွားဖို့ အရေးကြီးတယ်။ ပုဂ္ဂိုလ်ရေးကိစ္စ ၊ အဖွဲ့အစည်း ပဋိပက္ခတွေ အဲ့တာတွေ က စားပွဲဝိုင်းသွားဖို့ အရေးကြီးတယ်။ ပုဂ္ဂိုလ်ရေးကိစ္စ ၊ အဖွဲ့အစည်း ပဋိပက္ခတွေ က ကျနော်တို့ သွားချင်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ပန်းတိုင်ကို မသွားဘူး ၊ သွားလားဆိုတာ အရမ်းအရေးကြီးပါတယ်။

မေး ။ ။ ဘာများ ဖြည့်စွက်ပြောပြချင်တာ ရှိပါသလဲ။

ဖြေ။ ။ ပုဂ္ဂိုလ်ရေး ကိစ္စ ၊ အဂတိ ပဋိပက္ခတွေသာ ဒီမိုကရေစီအရေး နှင့် ဖယ်ဒရယ်နိုင်ငံ တည်ဆောက်ရေး အရေးကို မထိခိုက်တာ အကောင်းဆုံးပဲ။ ကျနော်တို့ ရည်မှန်းချက်သည် ဒီမိုကရေစီ ဆက်လက် ဖော်ဆောင်ရေး ၊ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးပဲ။ ဒါက အဓိက ပေးချင်တဲ့ Message ပဲ ၊ ပုဂ္ဂိုလ်ရေး ပဋိပက္ခ တွေ ၊ ရှိမယ် ၊ ဒါက မထူးဆန်းဘူး ။

ဘယ်အဖွဲ့အစည်းမဆို ပဋိပက္ခတွေ ရှိတာပဲ။ ဒါပေမဲ့ ဒီမိုကရေစီ အရေး နှင့် ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက်ကိုတော့ ဘယ်ကိစ္စမှ ဖုံးလွှမ်းလို့ မရဘူး။ အဲဒါက ကျနော်တို့ ဦးတည်ချက်ပဲ။ အဲဒါကို ကျနော်အဓိက ပြောချင်တယ်။ ပုဂ္ဂိုလ်ရေး ပဋိပက္ခတွေကို သွားဂရုစိုက်နေလို့ မရဘူး။ အရေးမကြီးတာတွေ အရေးကြီးသွားရင် ၊ အရေးကြီးတာ အရေးမကြီးတာ ဖြစ်သွားလိမ့်မယ် ၊ အလုပ်မဟုတ်တာတွေ အလုပ်ဖြစ်နေရင် ၊ အလုပ်ဟုတ်နေတာတွေ အလုပ်မဖြစ် သွားလိမ့်မယ်။ အဲဒါကို ကျနော်ပြောချင်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com