All News interview

အမေရိကန်သမ္မတထရမ့်နှင့်တွေ့ဆုံခဲ့သူ ဒေါက်တာဆလမ်ဆမ်ဆွန်နှင့်အင်တာဗျူး

အမေရိကန်သမ္မတထရမ့်နှင့်တွေ့ဆုံခဲ့သူ ဒေါက်တာဆလမ်ဆမ်ဆွန်နှင့်အင်တာဗျူး

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် – ဥက္ကဋ္ဌ ၊ သိက္ခာတော်ရ ဆရာတော် ၊ဒေါက်တာ ဆလမ်ဆမ်ဆွန် နှင့် ဆက်သွယ်မေးမြန်းချက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် နိုင်ငံတကာမှ ဖိနှိပ်ခံရေသူများအရေး လှုပ်ရှားနေသူများနှင့် ဇူလိုင်လ ၁၈ ရက်နေ့က ဝါရှင်တန်ဒီစီရှိ ဘဲဥပုံရုံးခန်းတွင် တွေ့ဆုံခဲ့ကြပြီး ထိုအထဲအတွင် ကချင်နှစ်ခြင်း ခရစ်ယန်အသင်းချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဆလမ်ဆမ်ဆွန်လည်းပါဝင်သည်။

ဒေါက်တာ ဆလမ်ဆမ်ဆွန်က မြန်မာနိုင်င်ငံတွင် ဘာသာရေးလွတ်လပ်ခွင့်မရှိကြောင်း အချက် ၅ ချက်နှင့်တင်ပြခဲ့ပြီး ယင်းအချက် ၅ ချက်မှာ မြန်မာနိုင်ငံတွင် ခရစ်ယာန်များကို မြန်မာစစ်တပ် ရက်ရက်စက်စက် ဖိနှိပ်၊နှိပ်ကွက်နေကြောင်း၊ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ရန် အခွင့်အရေး မရရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များက မြန်မာအစိုးရကို ခုခံတိုက်ခိုက်နေရကြောင်း တင်ပြခဲ့သည်။

ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် တိုင်းရင်းသား လူနည်းစုများကို ဦးစားပေးပြီး တိုင်းရင်သားခေါင်းဆောင်များကိုဒီမိုကရေစီ၊ ဖက်ဒရယ်စနစ် အောင်မြင်ရေးအတွက် အကူအညီ အထောက်အပံ့ပေးရန် အရေးကြီးကြောင်း၊ အမေရိကန်အစိုးရက မြန်မာ စစ်တပ် အပေါ်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည့်အတွက် သိပ်ကိုကျေးဇူးတင်ကြောင်းကိုလည်း တင်ပြခဲ့သည်။ ဒေါက်တာဆလမ်ဆမ်ဆွန်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ အမေရိကန် သမ္မတထရမ့်နဲ့ သွားရောက်တွေ့ဆုံစဉ် ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး တင်ပြတဲ့ အပေါ် အမေရိကန်သမ္မတထရမ့်က ဘယ်မှတ်ချက်ပြုလဲ။

ဖြေ ။ ။ သူဘက်ကတော့ နားလည်မှတ်ချက် ချတဲ့သဘောတော့ ရှိတယ်။ အသေးစိတ်တော့ သူမသိဘူးပေါ့။ ယေဘုယျအားဖြင့်တော့ သူနားလည်တယ်။ ကျနော်တို့ဘက်ကလည်း ဘယ်လိုဘယ်ပုံဆိုတာ တိတိကျကျ ပြောဖို့တော့ လိုတာပေါ့။ အခုကတော့ ယေဘုယျအားဖြင့်တော့ သူသိရှိ ၊ နားလည်တဲ့သဘောပါပဲ။

မေး ။ ။ တွေ့ဆုံမှုမှာ ဘာသာရေးလွတ်လပ်မှု ကိစ္စ အပေါ် ဘယ်လိုအချက်အလက်အရ တင်ပြပြောဆိုတာလဲ။

ဖြေ။ ။ ကျနော်တို့ တိုင်းရင်းသားဒေသတွေမှ ဖြစ်ပေါ်နေတဲ့အရာ ၊ လွတ်လပ်ရေးရပြီးကတည်းကနေ ဒီနေ့အထိ ဖြစ်ပျက်ခံစားနေတဲ့ အကြောင်းအရာတွေကို နောင်နောင်မဖြစ်ဖို့ တင်ပြတာပေါ့။

မေး။ ။ လက်ရှိ အစိုးရရဲ့ ဘာသာရေးဆိုင်ရာ လွတ်လပ်စွာကိုးကွယ်မှု အခန်းကဏ္ဍ ဘယ်လိုမြင်သလဲ။

ဖြေ။ ။ လက်ရှိအချိန်မှာ ပြောရမယ်ဆိုရင် ခရစ်ယာန် ၊ ဗုဒ္ဓဘာသာမှတော့ ကာကွယ်ပေးတာတော့ ရှိပါတယ်။ ရှိတယ်ဆိုတာက မြို့ပိုင်းမှာ ပိုပြီးမှ တွေ့ရတယ်။ ဒါပေမဲ့ နယ်ဘက်မှတော့ တိုင်းရင်းသားတွေ ခံစားနေရတာက ခရစ်ယာန်မဟုတ်ဘူး။ တိုင်းရင်းသားဗုဒ္ဓဘာသာဝင်တွေကလည်း ခံစားနေရတယ်ဆိုတာ ကျနော်တို့ သတင်းတွေ အမြဲကြားရတယ်။

မေး ။ ။ တင်ပြချက်ထဲမှာ တိုင်းရင်းသားတွေရဲ့ တုံပြန်ချက်တွေ သဘောတရားဘယ်လိုရှိနိုင်လဲ။

ဖြေ။ ။ တိုင်းရင်းသားတွေကတော့ ဒီလိုအမြင်ကတော့ အားလုံးကတော့ တူညီကြတယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့ တွေ့ဆုံတဲ့ CSO က တိုင်းရင်းသားတွေနဲ့ တွေ့ဆုံတိုင်း သူတို့ရဲ့ခံစားချက်တွေက ကျနေ်ာတို့နဲ့ အမြဲတမ်းအတူတူဖြစ်နေတယ်လို့ ကျနော်တို့ သိရတယ်။

မေး။ ။ အမေရိကန် သမ္မတ ထရမ့်နဲ့ လက်ရှိ လက်နက်ကိုင်ပဋိပက္ခကိစ္စ ဆွေးနွေးတဲ့အခါ ဘယ်လို့အချက်အလက်အရ ပြောဆိုဆွေးနွေးတာလဲ။

ဖြေ။ ။ နှစ်ရှည်ကြာတဲ့ ပြည်တွင်းစစ်ကို အပြီးသတ်စေချင်တယ်။ တိုင်းရင်းသားအားလုံးလိုလားတာကလည်း စစ်မှန်တဲ့ ဒီမိုကရေစီကိုပဲ ပြောနေကြတာ။ အဲဒါ ကြီးကို အကောင်အထည်ဖော်သွားရင် ကျနော်တို့ မြန်မာပြည်ငြိမ်းချမ်းမယ်ဆိုတာ ယုံကြည်တယ်။အဲဒါကြောင့်မို့ အဲဒါကို တင်ပြခြင်းဖြစ်တယ်။

မေး။ ။ မြန်မာနိုင်ငံက စစ်တပ်ခေါင်းဆောင်တွေကို ဒဏ်ခတ် အရေးယူမှုပိတ်ဆို့မှုနှင့်ပတ်သက်ပြီး တင်ပြတဲ့အပေါ် သမ္မတ ထရမ့်က ဘယ်လို့ တုံပြန် ပြောဆိုသွားတာ ရှိလဲ။

ဖြေ။ ။ အဲဒါက ကျနော်တို့ တပ်မတော်တစ်ခုလုံးကို ပြောလိုတာ မဟုတ်ဘူး။ Sanction နဲ့ ပတ်သက်ပြီး ကျနော်ကတော့ ဒီအကြောင်းသိပ်နားမလည်ဘူး။ နားမလည်ဘူးဆိုတော့ အားလုံးကတော့ ပြောကြတယ်။ စီးပွားရေးက စစ်ဗိုလ်ချုပ်တွေ လုပ်တာပိုများတယ်။ အဲဒါတွေကလည်း ရေးတာ ပြောတာ တွေကတော်တော်များတယ်လေ။
ဒါပေမယ့် အဲဒီလိုလူပုဂ္ဂိုလ်ကိုတော့ ဘယ်မှ မဆိုလိုပါဘူး။ ပေါ်လစီပိုင်းကတော့ အဲ့လိုမျိုးတော့ မဖြစ်သင့်ဘူး။ ပေါ်လစီပိုင်းမှာ ခေါင်းဆောင်တွေက ချမ်းသာနေပြီး အောက်ကလူတွေက ဆင်းရဲနေတာတော့ မကောင်းဘူးပေါ့။ ကျနော်ကတော့ Sanction နဲ့ ပတ်သက်ပြီးတော့ ထည့်ထည့်ဝင်ဝင် နားမလည်ဘူး။ အဲ့အပေါ် ပြတ်သားတဲ့ ထင်မြင်ချက် မပေးလိုဘူး။ ဘာမှ ဝေဖန်ချက် မလုပ်ချင်ဘူး။

မေး။ ။ဘာသာရေးဆိုင်ရာ လွတ်လပ်မှုနှင့် တင်ပြတဲ့အခါ ဘာတွေ လိုအပ်နေလဲဆိုတာ ထောက်ပြချင်တာရှိလဲ။

ဖြေ။ ။ ဒါတော့ အများကြီးရှိတယ်။ အရင်တုန်းက ပြည်သူပိုင်တွေ သိမ်းထားတဲ့ ဥစ္စာတွေ ကျနော်တို့တောင်းထားတာ အခုထိ မရသေးတာ ရှိတယ်။ ကျနော်တို့ နယ်မှာရှိတဲ့ ကျောင်းတွေက ဘာသာရေးပိုင်ဆိုင်မှုတွေပဲ။ အခုထိ ဆက်လက်တောင်းဆိုနေတာ ရှိတယ်။ နမ့်ခမ်း ကိစ္စ ၊ ဗုဒ္ဓဘာသာဝင်တွေ မရှိတဲ့ စေတီပုထိုး တည်တာတို့ ဒါတွေက နယ်မှာတော်တော်များတယ်လေ။

မေး ။ ။ ဆရာတို့ တင်ပြတဲ့ အချက်အလက်တွေအပေါ် အမေရိကန်သမ္မတ ထရမ့် က ဘာတွေ ကတိပေးပြောဆိုတာ ရှိလဲ။

ဖြေ။ ။ သူတို့ကတော့ တိုင်းရင်းသားတွေက ဘာလိုအပ်လဲ ၊ ပညာရေး နှင့် ပတ်သက်တာတွေ ဥပမာ- IDP ကိစ္စ ဘာလိုအပ်လဲ မေးတာ အဲဒါတစ်ခုပါပဲ။ သူတို့လုပ်ပေးဖို့က ကျနော်တို့ဘက်က အသေးစိတ် တင်ပြတဲ့အပေါ် မူတည်ပြီး သူတို့က ဆုံးဖြတ်မှာပေါ့။ တင်ပြဖို့က ကျနော်တို့က ဘာတွေလိုအပ်လဲဆိုတာ တင်ပြရမယ်။ ခေါင်းစဉ်ကြီးပဲ ပြောလို့မရဘူး။ Proposal ကောင်းကောင်းတော့ လိုအပ်တာပေါ့။

မေး ။ ။အခုလို့ တင်ပြဆွေးနွေးပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာတဲ့အခါ ဒီဆွေးနွေးချက်တွေနှင့် ပတ်သက်ပြီး ဘာများ ပြောဆိုချင်တာရှိလဲ။

ဖြေ။ ။ ကျနော်ကတော့ မြန်မာပြည်ကို သာယာငြိမ်းချမ်းတဲ့ တရားမျှတတဲ့ နိုင်ငံကြီးဖြစ်ချင်တယ်။မြင်ချင်တယ်။ မြင်ချင်လို့လည်း ဟိုမှာ ဒီလိုပြောဆိုတာကို တချို့က ပြန်လို့မဖြစ်တော့ဘူး ထင်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ကျနော်က ပြန်ရမှာပေါ့။ ဘာလို့ မပြန်ရမှာလဲ။ ဒါတွေကို ပြုပြင်မှာ သာယာဝပြောတဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံ ဖြစ်နိုင်တာပေါ့။ မှားတာကို အားလုံးက ဝိုင်းပြီး ပြုပြင်ရမှာပေါ့။ အဲဒါကြောင့်မို့ ပြန်လာတာပါ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com