All News Local News

အင်းစိန်ရွာမကျောင်းတိုက်တွင် မဟန ညွှန်ကြားချက်အတိုင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဆိုင်းဘုတ်များ ဖြုတ်ချ

အင်းစိန်ရွာမကျောင်းတိုက်တွင် မဟန ညွှန်ကြားချက်အတိုင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဆိုင်းဘုတ်များ ဖြုတ်ချ

ရန်ကုန်၊ သြဂုတ်၇

အမျိုးဘာသာသာသနာစောင့်ရှောက်ရေး (မဘသ) အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းဆိုင်းဘုတ်များကို ယမန်နေ့ သြဂုတ်လ ၆ရက်နေ့ ည ၇ နာရီခန့်က ဖြုတ်ချလိုက်ပြီဖြစ်ကြောင်း အင်းစိန်ရွာမကျောင်းတိုက်ထံမှ စုံစမ်းသိရှိရသည်။

ထိုသို့ ဖြုတ်ချရခြင်းသည် မဟာသံဃနာယက (မဟန) ဆရာတော်ကြီး၏ ဆုံးမ အောဝါရကို နာခံခြင်းသာဖြစ်ကြောင်း အင်းစိန်ရွာမကျောင်းတိုက်တွင် အမြဲရှိနေသော လူပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။ ထိုသူက အမည်နာမည်တပ်ခြင်းမပြုရန် ရန်ကုန်ခေတ်သစ်သို့ မေတ္တာရပ်ခံခဲ့သည်။

“ဆရာတော်ကြီး ( ဘဒ္ဒန္တတိလောကာဘိဝံသ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းဥက္ကဋ္ဌ )က ထွေထွေထူးထူးတော့ မိန့်ကြားထားတာမရှိပါဘူး၊ ဆရာတော်ကြီးတွေရဲ့ သြဝါဒကို နာခံတဲ့သဘောပေါ့”ဟု ၎င်းက ဆိုသည်။

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသည် တရားမဝင် အဖွဲ့အစည်းဖြစ်၍ အမည်သုံးစွဲခြင်းမပြုရန်၊ ၄၅ ရက်အတွင်း ဆိုင်းဘုတ်များအားလုံး ဖြုတ်ချရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်လိုက်ပြီး လိုက်နာခြင်းမရှိပါက ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြေညာချက်တစ်စောင် မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ ကျင်းပသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ၄၇ ပါး စုံညီ အထူးအစည်းအဝေးတွင် ၂၀၁၈ ခုနှစ်က ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက် ၅ ရပ်ကို ထပ်မံ အတည်ပြုလိုက်ကာ ယင်းဆုံးဖြတ်ချက် ၅ ရပ်မှာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကြီး၏ လမ်းညွှန်မှု တောင်းခံခြင်းကို ပယ်ချရန်၊ ယင်းဖောင်ဒေးရှင်းသည် တရား မဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်းသာဖြစ်ကြောင်း ဆုံးဖြတ်ရန်၊ ယင်းဖောင်ဒေးရှင်း အဖွဲ့ဝင်အားလုံးသည် ယင်းအဖွဲ့အစည်းအမည်ကို သုံးစွဲလျက် မည်သည့်အမှုကိစ္စကိုမျှ ဆောင်ရွက်ခြင်းမပြုရန်၊ နိုင်ငံတစ်ဝန်းရှိ ယင်းဖောင်ဒေးရှင်း၏ ဆိုင်းဘုတ်များအားလုံးကို ၄၅ ရက်အတွင်း ဖြုတ်သိမ်းရန်၊ အထက်ပါ ဆုံးဖြတ်ချက်များကို မလိုက်နာပါက ရဟန်းဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀ / ၉၀ ဖြင့် အရေးယူရန် ၊ လူဖြစ်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေဖြင့် အရေးယူရန်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကြေညာချက်တွင် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့၏ အဓိက တာဝန်ရှိသော ဥက္ကဋ္ဌ ဆရာတော် ဦးတိလောကာဘိဝံသနှင့် ဒုတိယဥက္ကဋ္ဌ ဦးသီလက္နန္မာဘိဝံသတို့ကို ဓမ္မစက်ဖြင့် ဆောင်ရွက်ရမည့် အခန်းကဏ္ဍ ပြီးဆုံးပြီဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts