Election Local News political news

လူမှုကွန်ရက်အလွဲသုံး ရွေးကောက်ပွဲ လိမ်လည်မှုများ ၊ အာဏာနိုင်ငံရေး နှင့် မြန်မာ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် စိုးရိမ်စရာများ

လူမှုကွန်ရက်အလွဲသုံး ရွေးကောက်ပွဲ လိမ်လည်မှုများ ၊ အာဏာနိုင်ငံရေး နှင့် မြန်မာ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် စိုးရိမ်စရာများ

By ကံသုတ

လူမှုကွန်ရက်တွေကနေ ဟောင်ကောင် ဒီမိုကရေစီအရေး ဆန္ဒပြသူတွေကို ပိုးဟပ်တွေ ၊ နာဇီတွေ ၊ အကြမ်းဖက် ISIS အဖွဲ့တွေ နဲ့ ခိုင်းနှိုင်း တိုက်ခိုက်မှု တွေအပြင် ဆန္ဒပြတာနဲ့ပတ်သက်လို့ မမှန်တဲ့ သတင်းအချက်အလက်ဖြန့်ဝေနေတာဟာ Facebook နဲ့ Twitter အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ တရုတ်ပြည်မကြီး အစိုးရရဲ့ လက်ချက်အဖြစ် လက်ပူးလက်ကြပ် ဖော်ထုတ်သိရှိလိုက်ရတဲ့ အတွက် အဲဒီ Account တွေ Page တွေ Group တွေကို ဖယ်ရှားရှင်းလင်းလိုက်တဲ့ သတင်းတွေဟာ နိုင်ငံတကာမှာ ဟိုးလေးတကျော် ရိုက်ခတ်သွားပါတယ် ။

အခုလို အစိုးရ သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာရှိသူတွေက နိုင်ငံရေး အကျိုးစီးပွားအတွက် Account တုတွေ၊ Page အတုတွေ ၊Group တွေနဲ့ အများပြည်သူကို လှည့်စား စည်းရုံးတာ ၊ သွေးထိုးလှုံ့ဆော်တာ ၊ တွေေ၀ ခြောက်ခြားအောင်လုပ်တာတွေဟာ မြန်မာနိုင်ငံမှာလည်း ရှိနေခဲ့ပြီးသားပါ။

မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ လက်ရှိ တရုတ်နဲ့ ဟောင်ကောင် ဒီမိုကရေစီ လှုပ်ရှားမှု ဖြစ်ပျက်နေမှုတွေဟာ ထပ်တူနီးပါးကို ဆင်တူလွန်းလှပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီကို ပုံဖျက်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ ဝါဒဖြန့် Account တွေ၊ Page တွေနဲ့ Group တွေဟာ တပ်မတော်နဲ့ ပတ်သက်နေကြောင်း အထောက်အထားတွေ့ရတဲ့အတွက် Facebook နဲ့ Twitter က တရားဝင် ပိတ်ပင်ခဲ့မှုကို တရုတ်အစိုးရနဲ့ ဟောင်ကောင်ဒီမိုကရေစီ လှုပ်ရှားမှု ဖြစ်စဉ်က ပြန်ပြောင်း သတိရစေပါတယ်။

လောလောလတ်လတ် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ မှာပဲ Facebook က မြန်မာနိုင်ငံမှာ Coordinated Inauthentic Behavior မူရင်းအမည်မဖော်ဘဲ လူတွေကို လှည့်စားဖို့ ချိတ်ဆကိလုပ်နေကြတဲ့ account ၈၉ ခု၊ Page ၁၀၇ ခု နဲ့ Group ၁၅ ခု၊ Instagram ၅ ခုတို့ကို ပိတ်သိမ်းကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အသေးစိတ်ကို ဒီလင့် https://newsroom.fb.com/news/2019/08/more-cib-myanmar/ မှကြည့်နိုင်ပါတယ်။

ပိတ်ပင်လိုက်တဲ့ Page တွေမှာ တချိုဟာ Follower ၉၀၀,၀၀၀ ကျော်ရှိပြီး ၊ အချို့Group မှာ Account ၆၇,၀၀၀ ကျော်ပါပါတယ် ။

ဒီ Facebook တွေအတွက် ဒေါ်လာ ၁,၂၀၀ သုံးခဲ့တာတွေ့ရပြီး Instagram ကြော်ငြာအတွက် အမေရိကန် ဒေါ်လာ၊ ရုရှား ရူဘယ်ငွေနဲ့ ပေးချေခဲ့တာ တွေ့ရတယ်ဆိုတော့ ပါဝင်ပတ်သက်သူတွေကို မှန်းဆလို့ ရနိုင်ပါတယ် ။

လာမယ့် မြန်မာနိုင်ငံရဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အလားတူ လူမှုကွန်ရက်တွေကို အသုံးပြုပြီး အခြေအနေတွေ ရှုပ်ထွေးအောင်၊ မဲပေးသူတွေ ဝေဝါးအောင် လုပ်လာနိုင်တဲ့ အခြေအနေတွေကလည်း မြင်တွေ့နေရပါပြီ။

တရုတ်အစိုးရက နိုင်ငံရေးအတွက် လူမှုကွန်ရက်အလွဲသုံးမှုတွေမှာ ဘယ်လို ပတ်သက်နေလဲ

ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားမှုကို လူမှုကွန်ရက်သုံးပြီး ပုံဖျက်တဲ့နေရာမှာ တရုတ်ပြည်မကြီးအစိုးရရဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှုကိုတွေ့ရတဲ့အတွက် Twitter က သူ့အနေနဲ့ တရုတ်အစိုးရ ထိန်းချုပ်ထားတဲ့မီဒီယာတွေရဲ့ ကြော်ငြာတွေကို လက်မခံတော့ဘူးလို့ သတင်းထုတ်ပြန်ပါတယ်။

ဟောင်ကောင်ဒီမိုကရေစီအရေး ဆန္ဒပြလှုပ်ရှားမှု နဲ့ပတ်သက်ပြီး အကောင့် အတုတွေ page အတုတွေနဲ့ မမှန်တဲ့ သတင်းတွေ အချက်အလက်တွေကို ရည်ရွယ်ချက်ရှိရှိ အချိန်ကိုက် ဖြန့်တဲ့လုပ်ရပ်ဟာ Twitter ရဲ့Platform Manipulation Policies တွေကို ချိုးဖောက်ခဲ့တာဖြစ်တယ်လို့ အထောက်အထားနဲ့ ဖော်ပြခဲ့ပါတယ် ။

Twitter က တရတ်ပြည်မ အစိုးရရဲ့ လုပ်ရပ်ကို Disinformation ဖြန့်ချိတယ်လို့ သတ်မှတ်သုံးနှုံးလိုက်ပြီး Disinformation ဆိုတာက လုပ်ကြံဖန်တီးထားတဲ့ အချက်အလက် သတင်းတွေကို လိမ်လည်လှည့်စားဖို့ ရည်ရွယ်ရှိရှိနဲ့ အမြင်မှားအောင် တမင်ဖြန့်တာကို ဆိုလိုတာပါ။

Disinformation ကို “deliberately misleading or biased information; manipulated narrative or facts; propaganda.” လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

Misinformation ဆိုတာကတော့ လူတွေကို လိမ်လည်လှည့်စားဖို့ တမင် မရည်ရွယ်ပဲ ပြန့်နေ ဖြန့်နေတဲ့ သတင်းအချက်အလက်အမှားတွေကို ဆိုလိုပါတယ် ။ သူရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်ကတော့ “false information that is spread, regardless of whether there is intent to mislead.” ဖြစ်ပါတယ်။

Twitter က Facebook ကို တရုတ်ပြည်မအစိုးရကနေ Twitter ကို သုံးပြီး ဟောင်ကောင်ဆန္ဒပြပွဲတွေကို အမြင်မှားအောင်လုပ်နေတာ ဖော်ထုတ်လို့ရထားတယ်လို့ သတင်းပေးတဲ့အခါ Facebook ကလည်း ရှာဖွေမှုတွေလုပ်ပြီး Coordinated Inauthentic Behavior From China ကိုတွေ့ရှိလာပါတယ်။

Coordinated Inauthentic Behavior ဆိုတာကတော့ လူအုပ်စုတစု သို့မဟုတ် Page အုပ်စုတစုဟာ သူတို့ဘယ်သူတွေ ဖြစ်တယ် ၊ ဘာတွေ လုပ်နေတယ် ဆိုတာ အများမသိစေဘဲ ဟန်ချက်ညီညီ နဲ့ အများကို လမ်းလွဲအောင် ရည်ရွယ်ချက်နဲ့ပူးပေါင်းလုပ်ဆောင်နေကြတဲ့ လုပ်ရပ် တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ Facebook က အဲဒီ Account တွေ ၊ Page တွေကို ချက်ချင်းပဲ ပိတ်ပင်ခဲ့ပါတယ်။

ဟောင်ကောင်ဆန္ဒပြ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး တရုတ်ပြည်မအစိုးရရဲ့ Coordinated Inauthentic Behavior ကို Facebook က ဖော်ထုတ်ထားတဲ့ အထောက်အထားတွေကို https://newsroom.fb.com/news/2019/08/removing-cib-china မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအတွက် လူမှုကွန်ရက် အသုံးချ လှည့်စားမှုတွေ မြန်မာနိုင်ငံမှာ ရှိနေလား

ဒီမိုကရေစီ အရပ်သား အုပ်ချုပ်မှုအောက်မှာ မရှိတဲ့ မြန်မာတပ်မတော်ဟာ တရုတ်အစိုးရနည်းတူ အွန်လိုင်းအလွဲသုံး လှည့်စားမှုတွေ ကျူးလွန်ခဲ့ကြောင်း အထောက်အထားတွေအရ သိရပါတယ် ။

အသေးစိတ်ကို https://www.google.com/amp/s/newsroom.fb.com/news/2018/08/removing-myanmar-officials/amp/ မှာကြည့်နိုင်တယ်။

အဲဒီလို ကျူးလွန်ခဲ့လို့ ၂၀၁၈ ခုနှစ်အတွင်းမှာ Facebook က Pages ၄၂၅ ခု၊ Facebook Groups ၁၇ ခု ၊ Facebook accounts ၁၃၅ ခုနဲ့ Instagram Accounts ၁၅ ခု ကို ပိတ်ပင်ခဲ့ပါတယ်။။

အဲဒီ ပိတ်ပင်လိုက်တဲ့ Page တွေ ၊ Account တွေနဲ့ Groups တွေက Facebook လူမှုကွန်ရက်ကို အသုံးပြုပြီး Coordinated Inauthentic Behavior လုပ်နေကြောင်း ခိုင်မာတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့တာပါ။

ဖယ်ရှားခဲ့တဲ့ Facebook Page တခုဟာ Follower ၂ သန်းခွဲလောက်ရှိပါတယ်။ Group တခုကတော့ အဖွဲ့ဝင် ၆,၄၀၀ လောက်ထိရှိပြီး Follower ၁,၃၀၀ လောက်ရှိတဲ့ Instagram လည်းပါဝင်ပါတယ်။

Facebook က ဖယ်ရှားခဲ့တဲ့ Follower အများဆုံး Page တွေက ဘာလာလာဝုန်း၊ ပေါ့ပေါ့ပါးပါးရီကြမယ်၊ We Love Myanmar၊ Knowledge ၊ မြန်မာနိုင်ငံ သတင်းစုံ တို့ဖြစ်ပါတယ် ။

၂၀၁၈ အောက်တိုဘာ ၁၅ မှာလည်း Facebook က Pages ၁၃ ခုနဲ့ account ၁၀ ခု ပိတ်ခဲ့ရာမှာ Page တခုဆိုရင် Follower ၁ ဒသမ ၃၅ သန်းရှိပါတယ်။ Page နာမည်တွေကို မိုးနတ်မင်း ၊ ဆရာမလေးများ ၊ စစ်သားဓာတ်ပုံများ စုစည်းမှု စတဲ့ နာမည်တွေ ပေးထားတာ တွေ့ရပါတယ်။

ဒီ Page နာမည်တွေကို ကြည့်ရင် မြန်မာစစ်တပ်ဟာ သူတို့ဘယ်သူတွေဖြစ်တယ် ၊ သူတို့ ဘာတွ လုပ်နေတယ် ဆိုတာ အများပြည်သူမသိအောင် ရည်ရွယ်ရှိရှိ လှည့်စားဖုံးကွယ်ထားပြီး သူတို့ ရည်ရွယ်ချက် ထမြောက်အောင် ဟန်ချက်ညီလုပ်ခဲ့ကြပါတယ်။

၂၀၁၈ သြဂုတ် ၂၈ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်အတွင်း အစုအပြုံလိုက် အကြမ်းဖက် သတ်ဖြတ်မှုတွေမှာ တာ ဝန်ရှိတယ်လို့ သတ်မှတ်ခံထားရတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်အပါအဝင် Follower ၁၂ သန်းလောက်ရှိတဲ့ Facebook accounts ၁၈ ခု ၊ Instagram account ၁ ခု Facebook Pages ၅၂ ခုကို ထပ်မံပိတ်ပင်ခဲ့ပါတယ် ။

ရွေးကောက်ပွဲတွေမှာ လူမှုကွန်ရက်သုံး ကလိန်ကျမှု

၂၀၁၉ ခုနှစ် အိန္ဒိယ နဲ့ အင်ဒိုနီးရှား ရွေးကောက်ပွဲတွေမှာ အာဏာရပါတီ ၊ အတိုက်အခံပါတီက လူပုဂ္ဂိုလ်တွေ ၊ သူတို့နဲ့ ပတ်သက်တဲ့ လူ ပုဂ္ဂိုလ် ၊ အဖွဲ့အစည်းတွေက နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အမုန်းစကားတွေ၊ လုပ်ကြံဇာတ်လမ်းတွေနဲ့ လူမှုကွန်ရက် ကို အသုံးချခဲ့ကြတာကို လေ့လာတွေ့ရှိရပါတယ် ။

အာရှနိုင်ငံတွေဟာ ရွေးကောက်ပွဲတွေမှာ ပြိုင်ဘက်တွေကို သတင်းအချက်အလက်အမှားတွေနဲ့ နာမည်ဖျက်တိုက်ခိုက်၊ ကိုယ့်အကြောင်း အကောင်းတွေရေးပြီး ထောက်ခံသူများတယ်ထင်အောင် အော်တိုမက်တစ် မက်ဆေ့တွေပို့ စတဲ့ ဆိုရှယ်မီဒီယာကို အလွဲသုံးတာဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်ဗျုဟာလို ဖြစ်လာတာဟာ ဒီမိုကရေစီအတွက် အန္တရာယ် ရှိလာနေပြီ။

အိန္ဒိယ ရွေးကောက်ပွဲ

အိန္ဒိယမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေကို နာမည်ပျက် သိက္ခာချဖို့ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းတွေက မဲရလဒ်တွေကို သက်ရောက်စေနိုင်တာမို့ အာဏာရ BJP ပါတီ ခေါင်းဆောင် မိုဒီဟာ Whats App သုံးသူ သန်း ၂၀၀ ကို သတင်းမှားတွေ ထိထိရောက်ရောက်ဖြန့်ပြီး မဲရအောင်လုပ်ခဲ့နိုင်တာပါ။

မဲရုံပေါင်း ၉၂၇,၅၃၃ ရှိတဲ့ ရွေးကောက်ပွဲမှာ မိုဒီဟာ မဲရုံ ၁ ရုံတိုင်းမှာ Whats App group ၃ ခုနှုန်းနဲ့ တာဝန်ယူပေးမယ့် Whats App စေတနာဝန်ထမ်းတပ်ကြီးကို ဖွဲ့နိုင်ခဲ့တာမို့ လူဦးရေ သန်း ၇၀၀ ကျော်ကို Whats App နဲ့ ချိတ်ဆက် နိုင်ခဲ့တာပါ ။

မိုဒီရဲ့ Whats App တပ်ကြီးကို ယှဉ်ဖို့ ရာဟူးဂန္ဒီရဲ့ INC ပါတီကလဲ Digital Sathi ဆိုတဲ့ Application ကိုတီထွင်ပြီး စေတနာ ဝန်ထမ်းတပ်ကြီးနဲ့ စည်းရုံးလှုံ့ဆော်ဖို့ ကြိုးစားခဲ့ပါတယ် ။

မိုဒီနဲ့ ဟိန္ဒူ အမျိုးသားရေးဝါဒီ စွမ်းအားရှင်တွေက Whats App ကို သုံးပြီး ” Cow Protection ” နွား ကာကွယ်ရေး ” ခေါင်းစဉ်နဲ့ မွတ်စလင် နဲ့ ဇာတ်နိမ့် ဒါလစ်တွေကို ရန်မူတိုက်ခိုက်ခဲ့မှုတွေကို အားပေးပြီး ဟိန္ဒူတွေရဲ့ ထောက်ခံဆန္ဒမဲတွေရအောင် လုပ်ခဲ့တာပါ။

ကွန်ကရက်ပါတီကြောင့် မွတ်စလင် လူဦးရေက အရမ်းတိုးလာနေပြီး ဟိန္ဒူ လူဦးရေ တွေ လျော့နည်းလာပြီ ၊ ကွန်ကရက်ပါတီက ဟိန္ဒူ ဘုရားကျောင်းဆောက်ဖို့ ခွင့်မပြုဘူး ၊ မွတ်စလင်တွေက ဟိန္ဒူ အမျိုးသမီးတွေကို ဆွဲဆောင် သိမ်းပိုက်လို့ မွတ်စလင်လူဦးရေ မတန်တဆတိုးလာနေပြီ စသဖြင့် မွတ်စလင်မုန်းတီးရေး အချက်အလက်အလိမ်တွေကို Whats App ကနေ ရွေးကောက်ပွဲကာလတွေမှာ အဆက်မပြတ်ဖြန့်ခဲ့ပါတယ် ။

ဂျမူး ကက်ရှမီယားမှာ အိန္ဒိယတပ်တွေကို ပါကစ္စတန် အခြေစိုက် မွတ်စလင်စစ်သွေးကြွတွေ တိုက်ခိုက်ခံရတဲ့ အဖြစ်အပျက်မှာ ရာဟူးဂန္ဒီ နဲ့ သူ့မိသားစု ပါဝင်ပတ်သက်တယ် စတဲ့ သတင်းလိမ် ၊ ဇာတ်လမ်းလိမ်တွေကို Whats App အားကို သုံးပြီးုဖြန့်ခဲ့ပြီး ပြိုင်ဘက်ကို နိုင်အောင်လုပ်ခဲ့ပါတယ်။

အိန္ဒိယ ရွေးကောက်ပွဲ အကြိုကာလမှာ အိန္ဒိယ နိုင်ငံရေးပါတီကြီး ၂ ခုဖြစ်တဲ့ INC Indian National Congress နဲ့ BJP Bharatiya Janata Party တွေက လူပုဂ္ဂိုလ်တွေ၊ သူတိုနဲ့ ဆက်နွယ်တဲ့ IT ကုမ္ပဏီတွေ ၊ ပါကစ္စတန် စစ်တပ်ရဲ့ ISPR (Inter-Service Public Relations) တွေက သူတို့ဘယ်သူဆိုတာမသိအောင် သူတို့ ဘာလုပ်နေတယ်ဆိုတာ မသိအောင် လှည့်စားဖုံးကွယ်ပြီး ရွေးကောက်ပွဲကို လွှမ်းမိုးနိုင်အောင် လုပ်နေတာကို Facebook ကဖော်ထုတ်နိုင်ခဲ့တဲ့အတွက် Coordinated Inauthentic Behavior မူအရ Account တွေ ၊ Page တွေ၊ Group တွေကို ဖျက်သိမ်းခဲ့ပါသေးတယ်။ https://newsroom.fb.com/news/2019/04/cib-and-spam-from-india-pakistan/ မှကြည့်နိုင်ပါတယ်။

အင်ဒိုနီးရှား ရွေးကောက်ပွဲ

အင်ဒိုနီးရှား ရွေးကောက်ပွဲ နဲ့ ပတ်သက်လို့ Saracen Group လို့နာမည်ကျော်တဲ့ Online နဲ့ စီးပွားရှာတဲ့ဂိုဏ်း အဖွဲ့ဝင်တွေဟာ သူတို့ရဲ့နာမည်ရင်းမဟုတ်တဲ့ Account တွေ၊ Page တွေ ၊ Group တွေ နဲ့ ချိတ်ဆက်လှုပ်ရှားနေတာ တွေ့ရလို့ Facebook ရဲ့ ဖျက်သိမ်းမှု ခံလိုက်ရပါတယ်။

ဒီအဖွဲ့ဟာ့ သမ္မတ Joko “Jokowi” Widodo ကို ဆန့်ကျင်တဲ့သူတွေဖြစ်ပြီး လူနည်းစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ၊ အမုန်းစကားတွေ ဖြန့်တယ် လို့ စွပ်စွဲခံရတာပါ။

Facebook ကတော့ သူတို့ကို ဖျက်သိမ်းရတာဟာ နာမည်ရင်းတွေ မသုံးဘဲ ချိတ်ဆက်လှုပ်ရှားနေတာဟာ Coordinated Inauthentic Behavior နဲ့ ငြိစွန်းနေတာမို့ ဖျက်သိမ်းတာလို့ ဆိုပါတယ် ။ https://newsroom.fb.com/news/2019/01/taking-down-coordinated-inauthentic-behavior-in-indonesia/ မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။

ဖိလစ်ပိုင် ကြားဖြတ်ရွေးကောက်ပွဲ

ဖိလစ်ပိုင်နိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒစ်ဂျစ်တယ်နည်းပညာသုံးပြီး မမှန်တဲ့ သတင်းအချက်အလက်တွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

Digital Campaign Strategists ဒစ်ဂျစ်တယ် နည်းပညာသုံး လှုပ်ရှားမှု ဗျုဟာရေးဆွဲသူတွေ ၊ ‘Fake News’ producers သတင်းတု ထုတ်လုပ်သူတွေ၊ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဒစ်ဂျစ်တယ်သြဇာရှိသူတွေ လူမှ မီဒီယာမှာဘာပြော ဘာရေးကြလဲ စုံစမ်းလေ့လာမှုတွေနဲ့ Online မှာ ပြောကြရေးကြတာတွေကို ဆန်းစစ်ရာမှာ ဒစ်ဂျစ်တယ် နည်းပညာသုံး လှုပ်ရှားမှု တွေရဲ့ အရေးပါမှုကြီးမားတာကို တွေ့ရပါတယ် ။ ဒီလှုပ်ရှားမှုတွေကို Strategically Obscured ဗျုဟာကျကျ မမြင်မသိအောင် ဖုံးကွယ်ထားကြပြီး နိုင်ငံရေးဆွေးနွေးမှုတွေကို လွှမ်းမိုး ပုံဖော်ပုံသွင်းနိုင်ကြတာကို တွေ့ရပါတယ်။

အရင်ရွေးကောက်ပွဲတွေမှာ ဆိုရှယ်မီဒီယာလှုပ်ရှားမှုတွေကို တီဗွီ နဲ့ ရေဒီယို ပေါ်က လှုပ်ရှားမှုတွေ ၊ မြေပြင်ကို လှုပ်ရှားမှုတွေကို အထောက်အကူဖြစ်စေတဲ့ အားဖြည့်ကဏ္ဍကနေ စဉ်းစားအသုံးချကြရာကနေ ဒီရွေးကောက်ပွဲမှာတော့ ပင်မ ဗျုဟာမြောက် လှုပ်ရှားမှုအနေနဲ့ အသုံးချတာတွေ့ရပါတယ် ။ နိုင်ငံရေးသမားတွေဟာ နိုင်ငံအဆင့်ကနေ ကျေးရွာအဆင့် ရွေးကောက်ပွဲမဲဆွယ်တာမှာ ပညာရှင်အဆင့် ၊ အပျော်တမ်းအဆင့် နဲ့ ကြုံရာရရာအဆင့် ဒစ်ဂျစ်တယ်နည်းပညာသမားတွေကို အသုံးချခဲ့တာတွေ့ရပါတယ် ။

၂၀၁၆ ရွေးကောက်ပွဲတွေတုံးက အဆိပ်အတောက်ပြင်းတဲ့ ရိုင်းစိုင်းမှု တွေဟာ အထိန်းအသိမ်းမရှိ ဆက်ဖြစ်နေပြီး ၂၀၁၉ ခုနှစ် မှာတော့ သတင်းအမှားဖြန့်တာတွေဟာ ပိုအန္တရာယ်ရှိပြီး သိဖို မြင်ဖို့ပိုခက်လာတာတွေ့ရပါတယ် ။ ဆိုရှယ်မီဒီယာလှုပ်ရှားမှုတွေကို Facebook Twitter အပြင် Youtube နဲ့ Instagram တွေမှာပါလုပ်လာပါတယ်။
https://www.google.com/amp/s/newsroom.fb.com/news/2019/03/cib-from-the-philippines/amp/ မှာ အသေးစိတ် သွားရောက်လေ့လာနိုင်ပါတယ်။

ဗျုဟာအသစ်တွေမှာ အန္တရာယ်မရှိနိုင်ဘူးသတ်မှတ်ထားတဲ့သူတွေကနေတဆင့် မဲပေးမယ့် အုပ်စုအသေးစားလေးတွေ အများကြီးဆီကို ရောက်အောင် လုပ်တာမို့ သူတို့လုပ်နေတာကို သိဖို့ စုံစမ်းဖို့ ခက်ပါတယ် ။ နိုင်ငံရေးအကြောင်းကို ပြောရာမှာ ရွေးကောက်ပွဲကိစ္စတခုတည်းကို ဦးတည်ပြောတာမဟုတ်ဘဲ ခေါင်းစဉ်အစုံကို ဒေသသုံးစကားတွေနဲ့ Facebook တွေ Youtube တွေကနေ ဆွဲဆောင်စည်းရုံးကြတာပါ။

ထိုင်ဝမ်ရွေးကောက်ပွဲ

လူဦးရေ ရဲ့ ၇၇ ရာခိုင်နှုန်း Facebook သုံးတဲ့ ထိုင်ဝမ်ပြည်သူတွေရဲ့ ဆိုရှယ်မီဒီယာအလေ့အထကို တရုတ်ပြည်မကြီးက သေသေချာချာသုတေသနလုပ်ပြီး ရွေးကောက်ပွဲ တွေမှာ သတင်းမှားတွေဖြန့်ပြီး နှောင့်ယှက်ခဲ့ပါတယ်။။ တရုတ်ပြည်မအစိုးရဟာ တရုတ်ပြည်မက အင်တာနက်သုံးသူတွေကို Facebook အသုံးပြုခွင့်ပေးပြီး ထိုင်ဝမ်သားတွေနဲ့ မိတ်ဆွေဖွဲ့၊ ထိုင်ဝမ်သားယောင်ဆောင်သတင်းမှားတွေ ဖြန့်တာမျိုးလည်း လုပ်ခဲ့တာပါ ။

၂၀၁၈ ခုနှစ် ဂျပန် အိုဆာကာမှာ မုန်တိုင်းကျလို့ လေဆိပ်ပိတ်ထားရချိန်မှာ ထိုင်ဝမ်သားအချို့ပါ ပိတ်မိနေပါတယ် ။ အဲဒီအချိန်မှာ တရုတ်ပြည်မက ကောင်စစ်ဝန်ရုံးက ထိုင်ဝမ်သားတွေကို ကယ်ဖို့ လေဆိပ်ကို ဘတ်စ်ကားတွေလွှတ်ပြီး တရုတ်ပြည်မကြီးနဲ့ ပူးပေါင်းဖို့ ကတိပေးသူတွေကို ကယ်ဆယ်ခဲ့တယ်ဆိုတဲ့ သတင်းမှားတွေ ဖြန့်ခဲ့ပါတယ် ။ ဒီသတင်းကို ဖတ်ရတဲ့ ထိုင်ဝမ်ပြည်သူတွေဟာ အိုဆာကာမှာ ရုံးထိုင်တဲ့ ထိုင်ဝမ်ဆက်ဆံရေးရုံးတာဝန်ခံကို ဝိုင်းအပြစ်ကြလို့ အဲဒီ ဆက်ဆံရေးရုံးတာဝန်ခံက သူ့ကိုယ်သူသတ်သေတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ် ။

အဲဒီလို တရုတ်ပြည်မရဲ့ သတင်းမှားဖြန့်ချိတိုက်ခိုက်မှုတွေကို တန်ပြန်နိုင်ဖို့ ထိုင်ဝမ်ပြည်သူတွေဟာ Fact Check Center တွေ ထောင်ပြီး တုန့်ပြန်ကာကွယ်နေရပါတယ်။

တိုင်ဝမ်နိုင်ငံရဲ့ လာမယ့် ရွေးကောက်ပွဲတွေမှာ သတင်းမှားတိုက်ပွဲတွေရဲ့အန္တရာယ်ကနေကာကွယ်နိုင်ဖို့ တရုတ်ပြည်မကြီးရဲ့ဗီဒီယို လွှင့်တဲ့ application ကို ပိတ်ပင်လိုက်ပါတယ် ။ ပြီးခဲ့တဲ့ မြူနီစပယ် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းမှားတိုက်ပွဲတွေဟာ တရုတ်ပြည်မကြီးဘက်က စိမ့်ဝင်ထိုးဖောက်နေတဲ့ UNITED FRONT လို့ခေါ်တဲ့ ” မီဒီယာအနီ ” တွေရဲ့လက်ချက်ဖြစ်တယ်လို့ ဆိုပါတယ် ။

UNITED FRONT ဆိုတာကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်က သမ္မတကြီး ဇီ ရဲ့ United Front Work Department (UFWD) လို့ခေါ်တဲ့ ” မျက်လှည့်လက်နက် ” အထူးအဖွဲ့တွေပါ။ ဒီအဖွဲ့တွေကို တရုတ်ကွန်မြူနစ်ပါတီရဲ့ ရည်မှန်းချက်တွေကို အောင်မြင်ထမြောက်အောင် ပြည်တွင်းပြည်ပမှာ အထူးတာဝန်တွေ ထမ်းဆောင်ရတဲ့အဖွဲ့တွေလို့ သိရပါတယ် ။

သူတို့ရဲ့တာဝန်က ပြည်တွင်းပြည်ပမှာ ပါတီနဲ့ တရားဝင်ဆက်နွယ်မှုမရှိတဲ့ လူတွေ အဖွဲ့တွေပေါ်လာအောင်လုပ်ပြီး ပါတီအတွက်ချိတ်ဆက်လုပ်ကိုင်စေတာပါ ။ ၂၀၁၅ နောက်ပိုင်းမှာ သူတို့အတွက် ဘတ်ဂျက်ကို ၂ ဆတိုးပေးထားတယ် လို့ သိရပါတယ် ။ နိုဝင်ဘာရွေးကောက်ပွဲအကြိုကာလတွေမှာ ထိုင်ဝမ်အစိုးရကို ရည်ရွယ်တိုက်ခိုက်တဲ့ သတင်းမှား သတင်းတု ၆၄ ပုဒ်ကို ဆိုရှယ်မီဒီယာတွေမှာ ဖြန့်တာတွေ့ရကြောင်း ထိုင်ဝမ်ရဲဌာနက ပြောပါတယ် ။

လုပ်ကြံသတင်း နမူနာတခုကတော့” ထိုင်ဝမ်ရဲ့ လက်ရှိသမ္မတ Tsai Ing -wen ဟာ ဟောင်ကောင်ဆန္ဒပြသူတွေကို သန်းချီတဲ့ ဒေါ်လာတွေထောက်ပံ့ခဲ့ပေမယ့် သွေးလွန်တုတ်ကွေးအတွက်တော့ တပြားမှ မသုံးခဲ့ဘူး ” ဆိုတဲ့ ဇာတ်လမ်းကို ဖြန့်ချီတိုက်ခိုက်တာပါ ။

ရိုက်တာသတင်းဌာနက တရုတ်ပြည်မအစိုးရရဲ့ ထိုင်ဝမ်ရေးရာဌာနဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ ထောက်ခံမှုရဖို့ ထိုင်ဝမ်မီဒီယာအုပ်စုတွေကို ပိုက်ဆံပေးပြီး သတင်းဆောင်းပါးတွေ တီဗီသတင်းတွေ ထုတ်လွှင့်ပေးဖို့ ဆောင်ရွက်ခဲ့တဲ့အထောက်အထားတွေတွေ့ထားတယ် လို့ ဆိုပါတယ် ။ ရိုက်တာက ထိုင်ဝမ်မီဒီယာသမား ၁၀ ဦးနဲ့ တွေ့ဆုံမေးမြန်းခဲ့ရာမှာ အနည်းဆုံး ထိုင်ဝမ် မီဒီယာ ၅ ခုက တရုတ်ပြည်မက ထိုင်ဝမ်ရေးရာဌာနဆီက ပိုက်ဆံယူပြီး သတင်းရေးခဲ့တာရှိပြီး ထိုင်င်ဝမ်ရေးရာဌာနနဲ့ ငွေပေးငွေယူအထောက်အထားတွေပါ ရထားတယ်ပြောပါတယ်။

၂၀၁၆ ရွေးကောက်ပွဲမှာ တိုင်ဝမ်လွတ်လပ်ရေး လိုလားသူ Tsai Ing-wen အနိုင်ရတဲ့အခါတုန်းက တရုတ်ပြည်မကြီးက လူငယ်ပေါင်းများစွာဟာ သမ္မတအသစ် Tsai ရဲ့Facebook မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ကြွေးကြော်သံဖြစ်တဲ့ ” Love Mother Land ” အမိမြေကို ချစ်ပါ ” ဆိုတဲ့ သဘောထားမှတ်ချက် တွေ လာရေးကြပါတယ် ။

ဒီ မှတ်ချက်တွေကို တရုတ်ပြည်မကြီးမှာ သုံးတဲ့ တရုတ်စာနဲ့ ရေးကြတာပါ။ Facebook ပိတ်ထားတဲ့ တရုတ်ပြည်မက လူငယ်တွေ့ ခုလိုလုပ်လို့ရတာဟာ တရုတ်အစိုးရဲ့တိုက်ရိုက်ပါဝင်ပတ်သက်မှုရှိနေကြောင်း ထင်ရှားတဲ့ အထောက်အထားဖြစ်ပါတယ် ။

ထိုင်ဝမ် အစိုးရရဲ့ အရပ်ဖက် ၊ စစ်ဖက်နဲ့ သုတေသန ဆိုင်ရာဆာဗာတွေကို ပစ်မှတ်ထားတဲ့ ဆိုင်ဘာ တိုက်ခိုက်မှုတွေဟာတနေ့တခြားများလာနေပြီး ဆိုက်ဘာတိုက်ခိုက်မှု တွေရဲ့ ပုံစံ ၊ လက္ခဏာ နဲ့ အဆင့်မြင့်ပုံတွေကို ကြည့်ရင် ဒီဆိုက်ဘာတိုက်ခိုက်မှုတွေဟာ တရုတ်ပြည်မကြီးက ပံ့ပိုးထားတဲ့သူတွေက လုပ်တာလို့ မှတ်ချက်ချလို့ ရကြောင်း ထိုင်ဝမ်ကျွမ်းကျင်သူတဦးက ဆိုပါတယ် ။

၂၀၁၇ နှစ် ဆိုက်ဘာတိုက်ခိုက်မှုတွေမှာ အထူးကန့့်သတ် သတ်မှတ်ထားတဲ့ အကဲဆတ်တဲ့ အချက်အလက်တွေ ခိုးယူခံရတဲ့ အဖြစ်အပျက် ၃၆၀ ရှိခဲ့တယ်လို့ တရားဝင် သတင်းတွေအရ သိရပါတယ် ။ ဒီအရေအတွက်ဟာ တိုက်ခိုက်သူတွေဘက်က အောင်မြင်တဲ့ အရေအတွက်ဖြစ်ပြီး ၂၀၁၈ နှစ်တုန်းက တိုက်ခိုက်မှု အကြိမ်အရေအတွက်ဟာ တလကို သန်း ၂၀ ကနေ သန်း ၄၀ အထိရှိတယ်လို့ ဆိုပါတယ် ။ ဆိုက်ဘာတိုက်ခိုက်မှုတွေမှာ ဆေးရုံ ကျန်းမာရေးစနစ်တွေကိုပါ တိုက်ခိုက်တာတွေ့ရပြီး ပုဂ္ဂိုလ်ဆိုင်ရာ နဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကိုပါ ခိုးယူဖို့ တိုက်ခိုက်ကြတာပါ။

ထိုင်ဝမ်ကို အွန်လိုင်းမီဒီယာကနေ တိုက်ပွဲဆင်နေတဲ့ တရုတ်ပြည်မကြီးမှာ တဖက်ကို သတင်းတု သတင်းမှားတွေနဲ့ တိုက်စစ်ဆင်နေသလို သူရဲ့ မူဝါဒတွေကို ထောက်ခံရေးသားဖို့ အွန်လိုင်းမှတ်ချက်ရေးပေးဖို့ လစာနဲ့ ခန့်ထားတဲ့ Online Commentators ဝန်ထမ်းပေါင်း ၂၅၀,၀၀၀ လောက်ရှိတယ်လို့ ခန့်မှန်းကြပါတယ် ။

မြန်မာ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် စိုးရိမ်စရာ

ဒီအချက်အလက် ဒီအခြေအနေ ဒီအဖြစ်အပျက်တွေကိုကြည့်ရင် အွန်လိုင်းနည်းပညာတွေကို အလွဲသုံးပြီး ရွေးကောက်ပွဲတွေမှာ လိမ်လည်လှည့်ဖျား အနိုင်အထက်ပြု မဲယူတာ ၊ ပဋိပက္ခတွေ ဖန်တီးပြီး လူမှုအသိုင်းအဝိုင်းကို အားနည်းပြိုကွဲအောင်လုပ်နေသူတွေဟာ အာဏာရှိသူတွေနဲ့ သူတို့ရဲ့ အသိုင်းအဝိုင်းတွေ ဖြစ်နေကြောင်း နဲ့ သူတို့အာဏာတည်မြဲရေးအတွက် အုပ်ချုပ်ရေး နိုင်ငံရေး စီးပွါးရေး နဲ့ လုံခြုံရေး အာဏာ ယန္တယားတွေကို တရားဝင်သဖွယ် အသုံးပြုနေကြောင်း ထင်ရှားတဲ့ အထောက်အထားတွေ ဖြစ်ပါတယ် ။

အဲဒီလို လူ့အဖွဲ့အစည်း နဲ့ ဒီမိုကရေစီ ပျက်ဆီးရာ ပျက်ဆီးကြောင်းကို အာဏာအလွဲသုံးပြီး စနစ်တကျ ကျုးလွန်အနိုင်အထက်ပြုနေသူတွေဟာ မြန်မာနိုင်ငံထဲမှာ ထင်ထင်ရှားရှားရှိနေသလို အိမ်နီးနားချင်း နဲ့ ဒေသတွင်း နိုင်ငံတွေမှာ အားနဲ့အင်နဲ့ ပြောင်ပြောင်တင်းတင်းရှိနေကြောင်း အထောက်အထားတွေဟာ မြန်မာနိုင်ငံ ၂၀၂၀ ရွေးကောက်ပွဲအတွက် စိုးရိမ်စရာ အခြေအနေဖြစ်နေကြောင်း မီးမောင်းထိုးပြလိုက်ရပါတယ် ။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ။
လူအချင်းချင်း ရန်လိုခြင်း ကင်းဝေးကြပါစေ ။
လူအချင်းချင်း အနိုင်ကျင့်ခြင်း ကင်းဝေးကြပါစေ ။

(ကံသုတသည် ပြင်ပကလောင်ရှင်တစ်ဦးဖြစ်ပြီး မြန်မာ့နိုင်ငံရေးဖြစ်စဉ်များကို အစဉ်တစိုက် မျက်ခြည်မပြတ်စောင့်ကြည့်နေသူ ပညာရှင်တစ်ဦးလည်းဖြစ်သည်။)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com