Local News Peace political news

လူနာ ကယ်တင်ရန် သွားသည့် ပရဟိတယာဉ်များ ပစ်ခတ်ခံနေရ ၊ ပိတ်မိပြည်သူများကို ကယ်ဆယ်ရေး မလုပ်နိုင်ဖြစ်နေ

လူနာ ကယ်တင်ရန် သွားသည့် ပရဟိတယာဉ်များ ပစ်ခတ်ခံနေရ ၊ ပိတ်မိပြည်သူများကို ကယ်ဆယ်ရေး မလုပ်နိုင်ဖြစ်နေ

ရန်ကုန်၊ သြဂုတ် ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင် နှင့် နမ့်ဖက်ကာ အနီး တိုက်ပွဲအကြား ကျည်ဆန်ထိမှန်ခံရပြီး ပိတ်မိနေတဲ့ အရပ်သားပြည်သူ ၂ ဦးအား သွားရောက်ကယ်တင်ရန် ကြိုးစားသည့် ပရဟိတယာဉ်များ ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၀ ရက်နေ့ နေလယ် ၁၂ နာရီခန့်က လူနာ ကယ်တင်ရန် အလံဖြူထောင်ပြီး သွားရောက်ခဲ့သော လူမှုကူညီရေးအသင်းမော်တော်ယာဉ်များ ပစ်ခတ်ခံရကြောင်း ကရုဏာလူမှုကူညီရေးအသင်း ( မူဆယ်) ဥက္ကဋ္ဌ ဦးသောင်းထွန်းကပြောသည်။

“ ကျနော်တို့ ဒီနေ့ မူဆယ်ကနေ ၁၂ နာရီခွဲလောက် လူနာ ၂ ယောက် နှင့် နာရေး ၂ ခုရှိတဲ့အတွက် သွားတယ်။ တားထားတဲ့နေရာတွေ ရှိတယ်။ အလံဖြူထောင်ထားတဲ့ ကရုဏာလူမှုကူညီရေးအသင်း ကားသုံးစီး ရပ်လိုက်တယ်။ ရပ်လိုက်တဲ့အခါ လမ်းဘေးဝဲယာကနေ လက်နက်ငယ် ၊ လက်နက်ကြီး အချက် ၃၀ လောက်အပစ်ခတ်ခံရတယ်။ အပစ်ခတ်ခံရတော့ ကျနော်တို့လည်း ပြန်လှည့်လာပြီး အခုတော့ မူဆယ် ပြန်ရောက်နေပါပြီ ။ အခုပစ်ခတ်ခံရတဲ့ နေရာက တပ်မတော် တပ်စွဲထားတဲ့နေရာ မဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့တွေ နေရာယူထားတဲ့နေရာ ဖြစ်ပါတယ် “ ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လတ်တလော ပစ်ခတ်မှုများကြောင့် လမ်းပန်းဆက်သွယ် ပြတ်တောက်နေပြီး တိုက်ပွဲများကြားတွင် ပိတ်မိနေသူများရှိနေကြောင်း သိရှိရသည်။

လက်ရှိအခြေအနေတွင် ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကွက်ခိုင်မြို့နယ် ၊ နမ့်ဖက်လွန်း – မန်လွယ် – နမ့်ခိုင်တံတားအကြား ပြည်ထောင်စု လမ်းမပေါ်တွင် ယနေ့ သြဂုတ်လ ၂၀ ရက်နေ့ နေလယ် ၁၁ နာရီ ကားအသွားအလာများ ပိတ်ထားခြင်းကြောင့် ခရီးသည်များ အခက်အခဲ ကြုံနေရ ကြောင်း သိရှိရသည်။

ယနေ့ မနက်ပိုင်းတွင် ခရီးသည်တင်ကား ယာဉ်အစီး ၃၀ နှင့် ခရီးသည် ၄၀ ဦးခန့်ပိတ်မိနေခြင်းကြောင့် ခရီးသည်များ၏ စားသောက်ရေးအခြေအနေ နှင့် လူမှုကူညီရေးအသင်းများက သွားရောက်ကူညီဖို့ အခက်အခဲကြုံနေရကြောင်း မေတ္တာရှင်လူမှုကူညီရေးအသင်း( နမ့်ဖက်ကာ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ လမ်းကြောင်းတွေတော့ ပိတ်ထားတယ်။ ဘယ်ကားမှ မသွားခိုင်းဘူး။ အခုက ရွာပြင်ကလည်း အထဲဝင်လို့မရ ၊ အထဲကလူကလည်း အပြင်ထွက်လို့မရ ၊ တစ်ယောက်နဲ့ တစ်ယောက် အကူအညီပေးလို့မရဘူး။ အဆက်အသွယ်က ပြတ်နေတယ်။ ဒီနေ့အထိ သွားလာမှု ခက်ခဲတယ်။ ခရီးသည်ကားတွေက အစားအသောက်တွေ ပျက်ပြီး အကူအညီတောင်းနေကြတယ်။ ကယ်ဆယ်ရေးကတော့ လူမှုရေးကားတွေကို ရွာထဲကနေ အထွက်မခံဘူး။ သူတို့က ဘာကားဖြင့် အထွက်မခံဘူး။ ကားတွေကို ပိတ်ထားတယ်။ ကားလမ်းကို ကားတွေ ကန့်လန်ခံပြီး ပိတ်ထားတော့ ဘာမှ သွားလို့မရ ၊ ဆိုင်ကယ်လည်း သွားလို့ မရဘူးဖြစ်နေတယ် “ ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် နမ့်ဖက်ကာ ရွာအဝင် EPC ရုံးသစ်အနီး ကိုးကန့် MNDAA အဖွဲ့မှာ နေရာယူထားပြီး မည်သည်ယာဉ်များ ဖြတ်သန်းသွားလာခွင့် မပြုခြင်းကြောင့် သွားလာရေးခက်ခဲမှု ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

“ တစ်ရွာ နှင့် တစ်ရွာ အဆက်အသွယ်က ပြတ်တောက်နေကြတယ်။ ဆိုင်တွေလည်း ထွက်လို့မရ ၊ ရွာထဲမှာပဲ ရှိတဲ့ဟာတွေ ရှာဖွေ စားနေရတယ်။ စစ်တပ်ကလည်း သူတို့ လုံခြုံရေးအရ လုပ်နေတာပဲ ။ ကျနော်တို့က မသိဘူးလေ။ ဖုန်းလိုင်းကလည်း မီးပျက်တော့ ဖုန်းလည်း ဘတ်ထရီ မရှိ တော့ဘူး။ မီးက ဖြတ်တောက်ထားတာလား ၊ သူဘာသာ ပျက်တာလား ၊ ရာသီဥတုကြောင့် ပျက်တာလား မသိတော့ဘူး။ လောလောဆယ်တော့ မီးလိုင်းကတော့ ပျက်နေတာပဲ” ဟု မေတ္တာရှင်လူမှုကူညီရေးအသင်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ လားရှိုးမြို့နှင့် အနီးပတ်ဝန်းကျင်တွင် ခိုလှုံနေသော စစ်ရှောင် အရေအတွက် ၁၈၀၀ နီးပါးရှိ ကြောင်း သိရှိရသည်။

“ လားရှိုးမြို့ ထဲ မှာ လူ ၁၀၀၀ ကျော်ခန့် စစ်ရှောင်နေကြတယ်။ လားရှိုးနဲ့ ၇ မိုင်ဝေးတဲ့ ဘုန်းတော်ကြီးထဲ ၈၀၀ ကျော်လောက် ရှိတယ်။ အားလုံးပေါင်း ၁၈၀၀ လောက် ဖြစ်နေပြီ။ တခြားဘက်တွေ မပါသေးဘူး “ ဟု လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လားရှိုးမြို့နယ်အတွင်းရှိ မန်ဆူ ၊ မိုင်းတင် ၊ ပန်းနား ၊ မတ်ခီနူ ၊ တာယောင် စသော ဘုန်းတော်ကြီးကျောင်းများတွင်လည်း စစ်ဘေးရှောင်များ ဝင်ရောက်ခိုလှုံနေရကြောင်း သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts