All News Local News

လိပ်ကျွန်းလူသတ်မှု အယူခံ ပယ်ချမှု ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့တွင် မေတ္တာပို့ဆုတောင်းပွဲလုပ်ပြီး ထိုင်းဘုရင်ထံ စာပေးပို့မည်

လိပ်ကျွန်းလူသတ်မှု အယူခံ ပယ်ချမှု ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့တွင် မေတ္တာပို့ဆုတောင်းပွဲလုပ်ပြီး ထိုင်းဘုရင်ထံ စာပေးပို့မည်

ရန်ကုန်၊ သြဂုတ် ၃ဝ

ဗြိတိန်ကမ္ဘာလှည့် ခရီးသွားနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရသော မြန်မာရွေ့ပြောင်းအလုပ်သမား ၂ဦးကို သြဂုတ်လ ၂၉ရက်က ထိုင်းနိုင်ငံရှိ နွန်ထဘူရီခရိုင်တရားရုံး အယူခံပယ်ချလိုက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့တွင် ဆုတောင်းပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်

ထို့သို့ အယူခံပယ်ချခြင်းအပေါ် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့တွင် စက်တင်ဘာ ၂ရက်နေ့၌ မေတ္တာပို့ဆုတောင်းခြင်းများ၊ သံရုံးမှ တစ်ဆင့် ထိုင်းဘုရင်ဆီသို့ အသနားခံစာပေးပို့ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုဇော်လင်းနှင့်ကိုဝင်းဇော်ထွန်းတို့လွတ်မြောက်ရေး လှုပ်ရှားလျက်ရှိသော ဆရာတော် ဦးပါမောက္ခ ကမိန့်ကြားသည်။

‘ဘုန်းကြီးတို့ အခုလာမယ့် ၂ရက်နေ့ နေ့လယ် ၂နာရီမှာ ထိုင်းသံရုံးရှေ့ ထိုင်းဘုရင် ဇော်လင်းနဲ့ ဝင်းဇော်ထွန်းကို ထိုင်းဘုရင် ရဲ့သားသမီးအရင်းကဲ့သို့ စောင့်ရှောက်ဖို့ ဘုန်းကြီးတို့ အသနားခံမေတ္တာရပ်ခံစာ ပေးပို့မယ်။ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာ အယူအဆအရ မေတ္တာသုတ်၊ မောရသုတ်၊ ပရိတ်တရားတော်များကိုလည်းပဲ ရွတ်ဖတ်မယ်။ သူတို့ နှစ်ဦးကို သေဒဏ်မှ ကယ်ဆယ်ဖို့အတွက် နောက်ဆုံး မိနစ် နောက်ဆုံးစက္ကန့်ထိ ကြိုးစားအားထုတ်သွားမှာပါ’ ဟု ဆရာတော်ကမိန့်ကြားသည်။

လက်ရှိချိန်တွင် မေတ္တာပို့ ဆုတောင်းပွဲ ပြုလုပ်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်ရဲစခန်း၊ သာသနာရေးသို့ တင်ပြထားကြောင်း၊ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း သိရသည်။

‘ဇော်လင်းနဲ့ ဝင်းဇော်ထွန်း DNA တူညီမှု မရှိပါဘဲနဲ့ နောက်ဆုံး တရားရုံးကပယ်ချလိုက်တာက တစ်ဖက်ကနိုင်ငံက ဗြိတိန်က အင်အားကြီးတဲ့နိုင်ငံစီးပွားရေးအင်အား၊ လက်နက်အင်အား ဒီလိုသုံးနိုင်တဲ့ အင်အားတွေအများကြီးရှိတယ်။ ဗြိတိန်ကို ကျော်ပြီးတော့ ထိုင်းကမလုပ်ရဲဘူး။ ကိုယ့်မြန်မာနိုင်ငံကပုံစံတွေလိုမျိုးပေါ့။ နိုင်ငံတော်ဘက်က တရားလိုပြုလုပ်တရားစွဲရင် အဲဒီပုဂ္ဂိုလ်ဟာ ပြစ်ဒဏ်ကျခံရတယ်ပေါ့။ ဆိုတဲ့သဘောကတော့ အရှိန်အဝါပေါ်မူတည်ပြီးတော့ လုပ်သွားတာ ဥပဒေလမ်းကြောင်း အရလုပ်သွားတာ မဟုတ်ဘူးလို့ ဘုန်းကြီးကတော့မြင်တယ်’ ဟု ဆရာတော်က ထပ်မံမိန့်ကြားသည်။

မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူးချစ်ကလည်း လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ချခံထားရသော မြန်မာ နှစ်ဦး လွတ်မြောက်ရေးအတွက ်မြန်မာအစိုးရအနေဖြင့် ထိုင်းဘုရင်ထံသို့ အသနားခံစာပေးပို့ မေတ္တာရပ်ခံသွားမည်ဖြစ်ကြောင်း၊ မြန်မာနှစ်ဦး၏ မိသားစုဝင်များအနေဖြင့်လည်း ထိုင်းဘုရင်ထံ အသနားခံသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts