Local News Peace political news

လက်နက်ကြီးကျည်သင့်၍ သေဆုံးသော ကလေးငယ် ၂ ဦးနှင့် ၁၀ တန်းကျောင်းသူ ၁ ဦးကို မင်းပြားတွင် ယနေ့ သဂြိုဟ်

လက်နက်ကြီးကျည်သင့်၍ သေဆုံးသော ကလေးငယ် ၂ ဦးနှင့် ၁၀ တန်းကျောင်းသူ ၁ ဦးကို မင်းပြားတွင် ယနေ့ သဂြိုဟ်

ရန်ကုန်၊ သြဂုတ် ၂၅

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြှောင်ကျေးရွာတွင် လက်နက်ကြီးကျည်ကျ၍ ယမန်နေ့က ကွယ်လွန်ခဲ့သော ကလေးငယ် ၂ ဦးနှင့် ၁၀ တန်းကျောင်းသူ ၁ ဦးကို ယနေ့ သဂြိုလ်မည်ဖြစ်ကြောင်း မင်းပြားမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောဆိုသည်။

“အခု သဂြိုလ်တော့မယ်။ ကျနော်လည်း အဲဒီအိမ်မှာရောက်နေပြီ။ ဒီဖြစ်စဉ်အတွက် ဘာလုပ်မလဲဆိုတာတော့ မသိသေးဘူး။ အခု အဲဒီအိမ်မှာ ကျနော်ရှိနေတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဆိုသည်။

ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကမူ လက်နက်ကြီးကျည်ကျ၍ ကလေးငယ် ၂ ဦးနှင့် ၁၀ တန်းကျောင်းသူ သေဆုံးမှုအပေါ် သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် အရေးယူမှု ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ဒီကလေးတွေကို မှန်တဲ့ လက်နက်ကြီးကျည်စတွေရှိနေတာပဲ။ အဲဒါတွေကို စစ်ဆေးရမယ်။ ဒီလက်နက်က ဘယ်ဘက်က သုံးတာလဲ။ ဘယ်လိုဖြစ်လဲဆိုတာ သေသေချာချာ စုံစမ်းရမယ်။ ရဲဘက်ကလည်း အမှုဖွင့်ရမယ်။ ဒါကို။ တကယ်စုံစမ်းအရေးယူမယ်ဆိုရင် မလုပ်နိုင်စရာမရှိဘူး။ လက်နက်ကြီးကျည်ကျတဲ့နေရာမှာလည်း အပိုင်းအစတွေ အများကြီးကျန်သေးတာပဲ။ ဒါတွေကို ပြန်လည် စိစစ်ပြီး လုပ်လို့ရပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဆိုသည်။

ရန်ကုန်ခေတ်သစ်က မင်းပြားမြို့နယ် ရဲစခန်းထံသို့ ပန်းမြောင်ကျေးရွာ သေဆုံးမှုများနှင့်ပတ်သက်ပြီး အမှု ဖွင့်လှစ်ထားခြင်း ရှိ၊ မရှိ ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်များထံ ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts