All News Business Local News

ရွှေဈေး ၁၂ သိန်းကျော် မြင့်တက်နေချိန် လေပတ်ကားနှင့် ဈေးမကစားရန် အရေးပေါ် ညွှန်ကြားချက်ထုတ်ပြန်

ရွှေဈေး ၁၂ သိန်းကျော် မြင့်တက်နေချိန် လေပတ်ကားနှင့် ဈေးမကစားရန် အရေးပေါ် ညွှန်ကြားချက်ထုတ်ပြန်

By ဇော်မင်း/ ရန်ကုန်ခေတ်သစ်

ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ၁၂ သိန်းကျော်လာချိန်တွင် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက အရေးပေါ် ကြေညာချက်တစ်ရပ်ထုတ်ပြန်ပြီး ရွှေဈေးနှုန်း မကစားရန်နှင့် လက်ငင်းငွေချေ ရောင်းဝယ်ကြရန် အသိပေးလိုက်ကြောင်း သိရှိရသည်။

ပြည်တွင်း ရွှေလုပ်ငန်းရှင်များအနေဖြင့် ရွှေဈေးနှုန်း အတက်အကျမဖြစ်စေရန် နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုစေရန်၊ ရွှေကိုရောင်းဝယ်ကြရာတွင် လက်ငင်းငွေချ ရောင်းဝယ်ကြရန် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

သြဂုတ်လ ၉ ရက်နေ့က မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက အထူးအစည်းအဝေး ခေါ်ယူ၍ ယင်းသို့ ညွှန်ကြားချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီဟာကတော့ အရေးပေါ်ညွန်ကြားချက်ပါ၊သက်ဆိုင်ရာပြည်နယ်တိုင်းအသင်းတွေကတော့ ထပ်ဖြန့်မှာပါ၊ အခုထုတ်ပြန်လိုက်တဲ့ ရွှေဝယ်ရင် လက်ငင်းငွေချေဖို့ဆိုတာကတော့ ခဏနေမှပစ္စည်းအပ်မယ်ဆိုပြီး ဈေးအတက်အကျမဖြစ် အောင် ကျွန်တော်တို့အသင်းအနေနဲ့ ဆုံးဖြတ်လိုက်တာပါ၊လက်ငင်းငွေချေဆိုတာကတော့ ပိုက်ဆံရှိတဲ့လူက ချက်ချင်းဝယ် ချက်ချင်းချေပေါ့၊ သိန်း ၁၀၀ ရှိရင် ၁၀၀ ဖိုးဝယ်၊ သိန်း ၁၀၀၀ ရှိရင် သိန်း၁၀၀၀ ဖိုးဝယ်ပေါ့၊ သိန်း ၁၀၀၀ ရှိတဲ့လူက သိန်း၂၀၀၀ ဖိုးဝယ်လိုက်မယ် အခုတော့ သိန်း ၁၀၀၀ ပဲယူ၊ ကျန်တာညနေကြမှယူ ဆိုတာမျိုးမဖြစ်အောင်ပါ”ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်က ပြောသည်။

အဆိုပါ ညွန်ကြားချက်နှင့်ပတ်သက်၍ ယနေ့ သြဂုတ် ၁၄ ရက်တွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ရွှေလုပ်ငန်းရှင်းများအသင်း သို့ ပေးပို့ထားကြောင်း သိရှိရသည်။

ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်နေသည့်အတွက် မြန်မာ့ရွှေဈေးသည် သြဂုတ် ၇ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၂ သိန်းအထိ မြင့်တက်လာခဲ့ကာ ၊ ယနေ့ သြဂုတ် ၁၄ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် (၁,၂၂၃,၀၀၀)ကျော်အထိ မြင့်တက် လျက်ရှိသည်။

မြန်မာရွှေဈေးကွက်တွင် သြဂုတ်လ၁ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် မြန်မာကျပ်ငွေ ၁,၁၄၂,၀၀၀ ကျပ် ၊ သြဂုတ်လ၁၄ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် (၁,၂၂၃,၀၀၀) အထိ မြင့်တက်ခဲ့ပြီး၊ သြဂုတ်လဝက်အတွင်း ကျပ်၈၁,၀၀၀ ကျော် ဈေး အပြောင်းအလဲဖြစ်ပေါ် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com