Local News Peace political news

ရခိုင်တွင် တပ်မတော်က လမ်းပြရန်နှင့် ရိက္ခာသယ်ယူရန် ဒေသခံများကို အတင်းအကျပ်ပေါ်တာဆွဲ ခိုင်းစေမှုများရှိနေဟုဆို

ရခိုင်တွင် တပ်မတော်က လမ်းပြရန်နှင့် ရိက္ခာသယ်ယူရန် ဒေသခံများကို အတင်းအကျပ်ပေါ်တာဆွဲ ခိုင်းစေမှုများရှိနေဟုဆို

ရန်ကုန်၊ သြဂုတ် ၂၁

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်တွင် တပ်မတော်က လမ်းပြရန်နှင့် ရိက္ခာသယ်ယူရန် ဒေသခံများကို အတင်းအကျပ် ပေါ်တာဆွဲ ခိုင်းစေမှုများရှိနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာ ကွမ်းအုံစုကျေးရွာနှင့်ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာမှ နွားကျောင်းနေသော အမျိုးသားတချို့နှင့်ကောက်စိုက်နေသော အမျိုးသား/အမျိုးသမီးတချို့ကို တပ်မတော်မှ လမ်းပြအဖြစ်ခေါ်ဆောင်ခဲ့ကြောင်း ဒေသခံရွာသားများက ပြောဆိုသည်။

” သြဂုတ် ၁၃ ရက်နေ့ နေ့လည် ၂ နာရီကျော်ခန့်က ချောင်းတူရွာမှ နွားကျောင်းနေတဲ့ ဦးမောင်ကျော်သန်း အသက် ၅၈ နှစ်၊ ဦးစောရွှေသာ ၅၂ နှစ်၊ ဦးကျော်ဝင်း အသက် ၃၇ နှစ် နဲ့ကောက်စိုက်နေတဲ့မောင်မောင် ၂၁ နှစ်၊ ဒေါ်လှမေဆန်းအသက် ၃၇ နှစ်တို့ရယ်၊နောက် ချောင်းတူကျေးရွာအုပ်စု ကွမ်းအုံစုကျေးရွာမှ ဦးသန်းထွန်း ၄၇ နှစ် ဦးမောင်လှ ၂၇ နှစ်၊ နောက်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါရွာက ဦးလှထွန်းစိန်နဲ့သားဖြစ်သူရယ်သူ့ချွေးမရယ်ကို ကောက်စိုက်နေတုန်းခေါ်သွားတာပါ။ သူတို့ ၁၀ ဦးအနက် ဒေါ်လှမေဆန်းကို တောစပ်နားမှာ စစ်တပ်က ပြန်လွှတ်ခဲ့ပါတယ်။ ကျန် ၉ ဦးကိုကျတော့ ခေါ်ဆောင်သွားပြီး ဆင်သေမြောင်ကိုဖြတ်ကာ မင်းမတောင်ကြားကျော်လမ်းအတိုင်းသွားပြီးကျောက်ပုံတောင်အနားကိုရောက်တော့ လမ်းကြောင်းရှင်းတဲ့ သဘော ပစ်ခတ်မှုအနည်းအကျည်းလုပ်ပြီး သူတို့ ၉ ဦးကို ရွာပြန်ခိုင်းခဲ့ပါတယ်။ သူတို့ရွာပြန်ရောက်တဲ့အချိန်မှာ ည ၈ နာရီကျော်သွားပါပြီ။ ချောင်းတူကျေးရွာက မောင်မောင်ဆိုသူကတော့ ကြောက်လန့်ပြီး အခုထိ စိတ်မမှန်သေးဘူး”ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။

ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာသည် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်း၏ အနောက်ဖက် ၂ ဖါလုံခန့်အကွာတွင် တည်ရှိပြီး ပုဏ္ဏားကျွန်းမြို့နယ်နှင့် ဧရိယာ နယ်နမိတ်ချင်းထိစပ်ကာ အရှေ့ဖက်တွင် ရွက်မညိုးကျေးရွာ ၊ တောင်ဘက်တွင် ကွမ်းအုံစုကျေးရွာ၊ ဗုဒ္ဓေါကျေးရွာနှင့်အရှေ့မြောက်ဘက်တွင်တောင် မင်းကုလားကျေးရွာတို့ အကြားတွင် တည်ရှိသော ကျေးရွာဖြစ်ကြောင်း၊ ဒေသခံအများစုသည် လယ်ယာလုပ်ငန်းနှင့်တောတောင်များကို မှီခိုကာ လုပ်ကိုင်စားသောက်နေသူများဖြစ်ကြောင်း သိရှိရပါသည်။

အလားတူ ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် မီးဝကျေးရွာမှ အမျိုးသား ၂၂ ဦးကို တပ်မတော်က ရိက္ခာသယ်ရန် ပေါ်တာ ခေါ်ယူခဲ့ကြောင်း သိရှိရသည်။

“သြဂုတ်လ ၁၅ ရက်နေ့က တပ်မတော်သားတွေ ကျွန်တော့်ဆီကို လာတယ်။ ရိက္ခာတွေကိုသယ်ဖို့ အကူအညီတောင်းတယ်။ ကျွန်တော်လည်း ကျေးရွာကလူတွေပြောပြပြီးရွာသား ၂၂ ဦးကို ထည့်ပေးလိုက်ပါတယ်။ ၁ မိုင်ကျော်ခန့်လောက်ရောက်တော့ သူတို့ ၂၂ ဦးကို ၁ ဦးကို ငွေ ၂၅၀၀ ကျပ်ပေးပြီး စစ်တပ်က လွှတ်ပေးခဲ့ပါတယ်”ဟု မီးဝကျေးရွာရပ်ကျေးအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ယင်းသို့ တပ်မတော်က လမ်းပြရန်နှင့် ရိက္ခာသယ်ရင် ဒေသခံများကို ပေါ်တာခေါ်ယူမှုနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts