All News Local News

ရခိုင်စစ်ဘေးရှောင်များအတွက် အလှူခံများကို အာဏာပိုင်များ စစ်ဆေးတားဆီးသည့်အပြင် ခွင့်ပြုချက် အလွယ်တကူမပေး

ရခိုင်စစ်ဘေးရှောင်များအတွက် အလှူခံများကို အာဏာပိုင်များ စစ်ဆေးတားဆီးသည့်အပြင် ခွင့်ပြုချက် အလွယ်တကူမပေး

ရန်ကုန်၊ သြဂုတ် ၉

ရခိုင်စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံရန် ခွင်ပြုမိန့်မတင်ဘဲ အလူငွေကောက်ခံသည့်အဖွဲ့အစည်းများအား အာဏာပိုင်များက စစ်ဆေးတားဆီးမှု ပြုလုပ်နေပြီး ခွင့်ပြုချက်ပေးရာတွင် အချိန်ကြန့်ကြာမှုများစွာ ရှိနေကြောင်း ရခိုင်စစ်ဘေးရှောင် ကူညီရေးအဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ် ၊ စစ်တွေ့မြို့တွင် စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံနေသော ရက္ခတော်ဝင် ပရဟိတ စေတနာရှင်များအဖွဲ့ဝင် ၁၆ ဦးတို့အား ခွင့်ပြုချက်မဲ့ အလှူငွေကောက်ခံမှုဖြင့် မြို့နယ်တရားရုံးက သြဂုတ်လ ၇ ရက်နေ့ ၊ တစ်ဦးလျှင် ငွေတစ်သောင်းစီနှုန်းဖြင့် ဒဏ်ငွေပေးဆောင်ရန် တရားရုံးက ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့အခြေစိုက် ရက္ခတော်ဝင် ပရဟိတအသင်းသည် စစ်ဘေးရှောင်များအတွက် အလှူခံနိုင်ရန် ဧပြီလအတွင်းက မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ခွင့်ပြုချက်တင်ခဲ့သော်လည်း ခွင့်ပြုစာက မကျလာခဲ့ကြောင်း၊ စစ်ဘေးရှောင်များအတွက် အကူအညီလိုအပ်နေသဖြင့် ခွင့်ပြုမိန်မကျခင် အလှူငွေကောက်ခံခဲ့ခြင်းဖြစ်ကြောင်း ရက္ခတော်ဝင် ပရဟိစေတနာရှင်များအဖွဲ့ မှ ကိုဇော်ဇော်အောင်က ပြောသည်။

“ သူတို့က ပြောတယ်။ ကျနော်တို့ တင်ထားတဲ့ဟာက စာတစ်ကြောင်း မပြည့်စုံသေးဘူးတဲ့၊ ကျနော်တို့က သူတို့ ခိုင်းသလို စာတွေ စီပြီး ဖိုင်တွေနဲ့ ထပ်တင်လိုက်တယ်။ တင်ထားတဲ့ဟာကို သူတို့က မေ့လို့ မတင် ။ ကျနော်တို့က ထွေအုပ်ရုံးမှာ တင်ထားတာ။ ၃ ခါ သွားကြည့်သေးတယ်။ စာမကျသေးဘူးတဲ့ ၊ စာကျလာမှာ ပြန်ပြောမယ်တဲ့ ၊ ထွေအုပ်လက်မှတ်ထိုးမှာ ရမယ်တဲ့ အဲ့လိုပြန်ပြောတယ်။ ကျနော်တို့တင်ထားတာက ၄ လပိုင်းက ထွေအုပ်ရုံးကို တင်ထားတာ။ အဲ့တာကို သူတို့ဘက်က မချပေးသေးတာ ။ ခွင့်ပြုစာတင်လို့ တစ်သောင်း ၊ ခွင့်ပြုစာ မတင်ထားဘူးဆိုရင် တရားသူကြီးက ၂ သောင်း အဲ့လိုပြောလိုက်သေးတယ်။ ကျနော်တို့အဖွဲ့က ၁၄ ယောက် ၊ ကားသမား ၂ ယောက် စုစုပေါင်း ၁၆ ယောက် ဒဏ်ငွေ တစ်ယောက် ၁ သောင်း ဆောင်ရတယ် ။ ထောက်ခံစာ မကျသေးတာကြောင့် သူတို့က ဒဏ်ငွေဆောင်ခိုင်းတာ “ ဟု ကိုဇော်ဇော်အောင်က ပြောသည်။

ရခိုင်စစ်ဘေးရှောင်များအတွက် ခွင့်ပြုမိန့်တင် ၊ အလှူငွေကောက်ခံခြင်းကို ကန့်သတ်ထားခြင်း မဟုတ်ဘဲ မှန်ကန်သည့် မည်သည့် အဖွဲ့အစည်းမဆို အချက်အလင်ပြည့်စုံလျှင် ခွင့်ပြုပေးနေကြောင်း၊ ခွင့်ပြုချက်မယူဘဲ အလှူငွေကောက်ခံမည်ဆိုပါက ဥပဒေကြောင်းအရ အရေးယူသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုသည်။

“ အစိုးရအဖွဲ့အနေနဲ့ မခွင့်ပြုတာ မဟုတ်ဘူး။ ခွင့်ပြုပေးတယ်။ ဒါပေမဲ့ အဖွဲ့အစည်းက တရားဝင်အဖွဲ့အစည်းဖြစ်ဖို့ လိုအပ်တယ်။ သူထင်သလို ၊ ငါထင်သလို အလှူခံမယ်ဆိုရင် မဖြစ်လောက်ဘူး။ ဒါတာတွေက အားလုံးကို ချိန်ထိုးပြီးတော့ အလှူခံဖို့ ခွင့်ပြုသင့်တာ ခွင့်ပြုပေးတယ်။ သူလည်း အလှူခံမယ် ၊ ငါလည်း အလှူခံမယ်ဆိုရင် အလှူခံမယ့်သူတွေ ဖြစ်သွားလိမ့်မယ်။ အဲ့တာလည်း ပြန်ပြီး စဉ်းစားရတယ်။ အဲ့ကြားထဲ အများကြီး ယိုပေါက်တွေ အများကြီးဖြစ်တယ်။ တချို့က စစ်ဘေးရှောင်ဆိုပြီး အလှူခံ ၊ ရရင် ကိုယ်အိတ်ထဲ ထည့် ၊ ယူသုံးလိုက်တယ်။ အဲ့တာကြောင့် အစိုးရအဖွဲ့က တရားဝင်အဖွဲ့အစည်း ဟုတ် ၊ မဟုတ် ဆန်းစစ်ရတယ်။ ရတဲ့ငွေကြေးကို ဘယ်လို့သုံးစွဲမလဲ ၊ ဘယ်နေရာမှ သုံးစွဲမလဲ ၊ စသည့် အထောက်အထားတွေ မှန်မှန်ကန်ကန်တင်ပြလာတဲ့ အဖွဲ့အစည်းကို ခွင့်ပြုတာပဲ ။ ခွင့်ပြုချက် မယူဘဲ လုပ်ရင်တော့ သက်ဆိုင်ရာ ဥပဒေ ကြောင်းအရ အရေးယူခံရမှာပဲ “ ဟု ရခိုင်ပြည်နယ် ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

အလားတူပင် ဇူလိုင်လ ၂၂ ရက်နေ့က စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံနေသည့် ရခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအသင်းကို ခွင့်ပြုချက်မဲ့ အလှူငွေကောက်ခံမှုဖြင့် စစ်တွေတရားရုံးက ငွေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံနေသည့် ရခိုင်အခြေစိုက် ပရဟိတအဖွဲ့အစည်းများကို ခွင့်ပြုချက်မဲ့ အလှူငွေကောက်ခံမှုဖြင့် ဖမ်းဆီးတရားရုံးတင်နေခြင်းသည် မဖြစ်သင့်ကြောင်း ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ခိုင်ကောင်းစံက ပြောသည်။

“ ကျနော်ပြောချင်တာက အစိုးရအနေနဲ့ ဒုက္ခသည်တွေ အတွက် အလှူခံတာ ဖမ်းဆီးတယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စ ဖြစ်တယ်။ တကယ်လို့ အစိုးရအနေနဲ့ အလှူခံတာ ခွင့်မပြုဘူူး ။ ခွင့်ပြုချက် တင်ရမယ်ဆိုရင် အစိုးရအနေနဲ့ ရှိနေတဲ့ဥပဒေရှိနေတယ်ဆိုရင် အဲ့ဥပဒေကို လူထုသိအောင် ကြေညာဖို့ လိုအပ်တယ်။ အလှူခံတဲ့ အဖွဲ့တွေက သူတို့ဆီ အချိန်တန် သတင်းပို့ ပါ ။ အဲ့တာမျိုး မလုပ်ဘဲနဲ့ အလှူခံနေတာကို ဖမ်းတယ်ဆိုရင် ကျနော်တို့ ဗုဒ္ဓ၏ အဆုံးအမနဲ့ မကိုက်ညီဘူး။ အလှူခံပုဂ္ဂိုလ် ပရဟိတလုပ်တဲ့သူတွေကို ဖမ်းတယ် ၊ တရားရုံးတင်တာက အင်မတန်မှာ ရုပ်ဆိုးတယ်။ အဲ့တာကြောင့် အစိုးရအနေနဲ့ ဥပဒေရှိတယ်ဆိုရင် အဲ့ဥပဒေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့် မြို့ပတ်ပြီး အသံချဲ့စက်နဲ့ ကြေညာ ၊ အဲ့တာမျိုး လုပ်ဖို့ လိုအပ်တယ်။ တချို့အဖွဲ့တွေ အလှူခံတာ မဖမ်းဘူး ၊ တချို့အဖွဲ့တွေ အလှူခံတာ ဖမ်းတားတာဆိုရင် ဒါက အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ အရာ တစ်ခုဖြစ်တယ်။ အဲ့တာကို ပြောချင်တယ် “ ဟု ဝံလက် အခြေစိုက် ဖောင်ဒေးရှင်း ၊ ဒါရိုက်တာ ခိုင်ကောင်းစံက ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com