All News Local News Peace

မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ပိတ်ဆို့မှုနှင့်တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ကွတ်ခိုင်-သိန္နီလမ်း သွားမရ၊ စစ်ရှောင် ပြည်သူ ၅၀၀၀ ကျော်ရှိလာ

မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ပိတ်ဆို့မှုနှင့်တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ကွတ်ခိုင်-သိန္နီလမ်း သွားမရ၊ စစ်ရှောင် ပြည်သူ ငါးသောင်းကျော်ရှိလာ

ရန်ကုန်၊ သြဂုတ် ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင် – သိန္နီ ပြည်ထောင်စုလမ်းမပေါ်ရှိ ကွတ်ခိုင်တိုးဂိတ်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ပိတ်ဆို့ခြင်းကြောင့် ယနေ့ သြဂုတ်လ ၂၆ ရက်နေ့ ၊ နံနက် ၁၁ နာရီအချိန်က စ၍ ကားသွားလာမှု ပြတ်တောက်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ကွတ်ခိုင်မြို့ ၊ လွယ်ဆမ်ဆစ် တောင်ကြော ၊ ကားလမ်းမနားတွင် ကားအသွာအလာ အတက်အဆင်းပိတ်ပြီး သေနတ်ပစ်ခတ်သံများ လက်ရှိအချိန်အထိ ကြားနေရကြောင်း ကွက်ခိုင်မြို့နယ် ၊ အရေးပေါ်ကူညီကယ်ဆယ်ရေးကွန်ရက်က ဆရာမ မိုင်းမိုင်းက ပြောသည်။

“ အခု ဒီနားမှ တိုက်ပွဲဖြစ်နေတာ ၊ ကွတ်ခိုင်မြို့ ၊ လွယ်ဆမ်ဆစ် တောင်ကြောနားမှာ ဖြစ်နေတာရှိတယ်။ အခု စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတာတွေ ရှိတယ်။ ဒါပေမဲ့ ပိတ်မိနေတဲ့ သူတွေတော့ ဘယ်သူမှ မကူညီနိုင်ဘူးဖြစ်နေတယ်။ ပိတ်မိနေသူတွေက ကွတ်ခိုင်မြို့နယ် ၊အောက်ဘက် ၊ မူဆယ်ခရိုင် ဘက်ခြမ်းမှာ ။ တိုက်ပွဲစဖြစ်တဲ့အချိန်ကနေ အခုထိကို ပိတ်မိနေတာ ။ အခု နှစ်ဖက်က ပိတ်ထားတော့ သွားလို့ မရဘူး ၊ အခုထိ အသံတွေက ကြားရနေတုန်း ၊ ကောက်ထားတဲ့စာရင်းအရ ၁၀၀၀ ကျော်လောက်ရှိတယ်။ ဒါပေမဲ့ ဆွေမျိုးနီးစပ်တွေဆီ နေတဲ့စစ်ရှောင်တွေအပါအဝင်ဆိုရင် ၂၀၀၀ ကျော်လောက်ရှိမယ်ထင်တယ် “ ဟု ဆရာမ မိုင်းမိုင်းက ပြောသည်။

ယမန်နေ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြည်သူများထံသို့ ပန်ကြားချက်ထုတ်ပြန်ပြီးနောက် တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်သဖြင့် ဒေသခံများက စိုးရိမ်မှုမြင့်တက်နေသည်ဟု သိရှိရသည်။

“ ကြားထားတာတော့ တိုက်ပွဲတွေ ဖြစ်နေတယ်။ မနေ့ကဆိုရင် နမ္မတူ၊ ကျုးဆော့ရွာနားမှ ခြောက်လန့်ပစ်တယ်။ တပ်မတော်ဘက်က ညဘက် ခြောက်လှန့်ပစ်တယ်။ ပိတ်မိနေတာတွေသူတွေတော့ ပရဟိတအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်နေတာရှိတယ် “ ဟု ကွတ်ခိုင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

သြဂုတ်လ ၁၅ ရက်နေ့စတင်၍ တပ်မတော် နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နောင်ချို ၊ ကျောက်မဲ ၊ လားရှိုး ၊ သိန်းန္နီ ၊ ကွတ်ခိုင် နှင့် နမ့်ခမ်း မြို့နယ်အတွင်းရှိဒေသခံပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိရှမ်းပြည်မြောက်ပိုင်းဒေသအတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲပဋိပက္ခများ နှင့် ပတ်သက်၍ စစ်ဘေးသင့်ပြည်သူများ၏ စားဝတ်နေရေးပြဿနာများ နှင့် လူသားချင်းစာနာထောက်ထားမှုများကို သက်ဆိုင်ရာ အစိုးရက အချိန်မီ ကူညီဖြေရှင်းပေးရန် ရှမ်းပြည်နယ်( မြောက်ပိုင်း ) လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( HST – NSS ) က သြဂုတ်လ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

သြဂုတ်လ ၁၅ ရက်နေ့မှ ယနေအချိန်အထိ နှစ်ဖက်တိုက်ပွဲဖြစ်စဉ်ကြောင့် အရပ်သားသေဆုံး ( ၈) ဦး ၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၇ ဦး ၊ ဖမ်းဆီးခံရသူ ၄ ဦး ၊ ပြည်သူ့အိုးအိမ် ၅ အိမ် ပျက်စီးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo Credit – Alin Pyout Kae Thuမူဆယ်သူ မူဆယ်သားများ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com