All News Local News Peace

မဟာမိတ် ၃ ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သြဂုတ် ၁၇ ရက်နေ့ ကွတ်ခိုင်တွင် ကျဆုံးသော စစ်သည် ၆ ဦးကို သဂြိုလ်

မဟာမိတ် ၃ ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သြဂုတ် ၁၇ ရက်နေ့ ကွတ်ခိုင်တွင် ကျဆုံးသော စစ်သည် ၆ ဦးကို သဂြိုလ်

ရန်ကုန်၊ သြဂုတ် ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့ ၊ နမ့်ဖက်ကာအဝင် တောင်ကုန်းတွင် သြဂုတ်လ ၁၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် တပ်မတော်ဘက်က စစ်သည် ၆ ဦး ကျဆုံးသွားပြီး ၎င်းတို့ ရုပ်အလောင်းအား ယမန်နေ့ သြဂုတ်လ ၁၉ ရက်နေ့တွင် သဂြိုလ်လိုက်ကြောင်း သိရှိရသည်။

တိုက်ပွဲကြောင့် ကျဆုံးသွားတဲ့ စစ်သည် ရုပ်အလောင်းများကို မေတ္တာရှင်လူမှုကူညီရေးအသင်းကနေ သွားရောက်သယ်ယူခဲ့ပြီးနောက် နမ့်ဖက်ကာတိုက်နယ်ဆေးရုံ ရင်ခွဲရုံတွင် ပို့ဆောင်ပေးခဲ့ကြောင်း၊ ယမန်နေ့ နေလယ် ၁၂ နာရီခန့်တွင် သဂြိုလ်ပေးပြီး ကူညီဆောင်ရွက်ခဲ့ကြောင်း မေတ္တာရှင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ စစ်သည် ၆ ယောက် ရုပ်အလောင်းကို သြဂုတ်လ ၁၉ ရက်နေ့မှာ သဂြိုလ်တယ်။ နယ်မြေအခြေအနေလည်း မကောင်း၊ ရပ်ထဲရွာထဲ ဝန်ထမ်းတွေကလည်း သွားလာရေး ခက်တယ်။ ကျနော်တို့ အသင်းကပဲ ဦးစီးပြီး လုပ်လိုက်ရတယ်။ စစ်သည်တွေရဲ့ မိသားစုဝင်တွေကတော့ အချိန်မီ ပါပါတယ်။ ခန့်မှန်းခြေ အသက်က ၄၀ ၊ ၂၀ ဝန်းကျင်လောက်ပဲ “ ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါသတင်းနှင့် ပတ်သက်ပြီး တပ်မတော် သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဖုန်းဆက်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

သြဂုတ်လ ၁၇ ရက်နေ့ က မဟာမိတ်ညီနောင်တပ်က လားရှိုးမြို့ အရှေ့ဘက် လေးမိုင်ခန့်အကွာ မိုင်းတင် ၊ မိုင်းယန်း ၊ မိုင်းယော် ၊ ဂျာယန်းသို့ သွားရာလမ်းတွင် တည်ရှိသော ခလရ ၆၈ တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ၊ လားရှိုးမြို့ နှင့် ၁၃ မိုင်အကွာ တွင် တစ်ကြိမ် ၊ လားရှိုးမြို့ နှင့် ၁၆ မိုင်အကွာတွင် တစ်ကြိမ် နယ်မြေခံတပ်များ၏ စစ်ကြောင်းများ နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၅ ရက်နေ့ကလည်း ပြင်ဦးလွင်နှင့် နောင်ချိုတွင် မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်သည်၊ ရဲနှင့် အရပ်သား ၁၅ ဦး ကျဆုံးခဲ့ပြီး ရဲ ၄ ဦး ပျောက်ဆုံးလျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts