Election Local News political news

မဘသ ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ထံသို့ ကြံ့ခိုင်ရေးဦးဆောင်သော နိုင်ငံရေးပါတီ ၂၀ ကျော် ဝါဆိုသင်္ကန်းကပ်

မဘသ ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ထံသို့ ကြံ့ခိုင်ရေးဦးဆောင်သော နိုင်ငံရေးပါတီ ၂၀ ကျော် ဝါဆိုသင်္ကန်းကပ်

ရန်ကုန်၊ သြဂုတ် ၄

ကြံ့ခိုင်ရေးပါတီက ဦးဆောင်သော မဟာမိတ်နိုင်ငံရေးပါတီ ၂၀ ကျော်မှ ခေါင်းဆောင်များက မဘသ အမည်ပြောင်းအမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ထံသို့ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ က အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသသွားရောက်၍ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်းဖြစ်ကြောင်း ခေတ်သစ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က ပြောဆိုသည်။

“ဝါဆိုသင်္ကန်းကပ်တာပေါ့။ အားလုံးစုပေါင်းပြီး။ ဆရာတော်ကြီးက မိန့်တာက အားလုံး အေးအေးချမ်းချမ်းဖြစ်စေချင်တယ်။ အမျိုးဘာသာ သာသနာအတွက် နိုင်ငံရေးပါတီတွေအားလုံးမှာ တာဝန်ရှိတယ်လို့ မိန့်တယ်။ ပါတီတွေဘက်ကလည်း ဆရာတော်ကြီး သင်္ကန်းကပ်တာပါပဲ။ ထူးထူးခြားခြားမဟုတ်ပါဘူး” ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူတချို့ကမူ မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းထံသို့ စစ်တပ်က သိန်း ၃၀၀ လှူဒါန်းခြင်း၊ ကြံ့ခိုင်ရေးပါတီနှင့် မဟာမိတ်ပါတီများက အနီးကပ် ဝိုင်းရံခြင်း အခြေအနေများကိုကြည့်ပါက မဘသ၊ ကြံ့ခိုင်ရေးပါတီနှင့်မဟာမိတ်ပါတီများ၊ တပ်မတော်တို့ တစ်ပေါင်းတစ်စည်းပုံစံ မြင်တွေ့နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

မဘသ ဦးဆောင်ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်နှင့် ဒုတိယဥက္ကဋ္ဌ ဆရာတော်တို့ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ခေါ်ယူ ဆုံးမသြဝါပေးရန် ခေါ်ယူခဲ့သော်လည်း အင်းစိန်ရွာမဆရာတော် ကြွရောက်ခြင်းမရှိ၍ အစီအစဉ်ပျက်ပြယ်ခဲ့ကြောင်း၊ ယင်းနောက် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသည် တရားမဝင် အဖွဲ့ဖြစ်၍ ဆိုင်းဘုတ်များ ဖြုတ်ချရန်၊ အမည်နာမများ မသုံးရန်၊ အကယ်၍ ဆက်လက် အသုံးပြုပါက ရဟန်းဖြစ်စေ၊ လူပုဂ္ဂိုလ်ဖြစ်စေ သက်ဆိုင်ရာ ဥပဒေများနှင့် အရေးယူရန်၊ ဓမ္မစက်ဖြင့် ဆောင်ရွက်မှုများ ပြီးစီးပြီဖြစ်ကြောင်း အစိုးရနှင့် သံဃနာယကအဖွဲ့က ကြေညာချက်များ အသီးသီး ထုတ်ပြန် သတိပေးထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com