All News Local News

မန္တလေး-မူဆယ် လမ်းကြောင်းတွင် ၁၀ သိန်းပေး၊ ၁၅ သိန်းပေး ဆက်ကြေးတောင်းပြီး မပေးလျှင် ကားသမားများ ပစ်သတ်ခံရမှု မကြာခဏ ဖြစ်ပွားဟုဆို

မန္တလေး-မူဆယ် လမ်းကြောင်းတွင် ၁၀ သိန်းပေး၊ ၁၅ သိန်းပေး ဆက်ကြေးတောင်းပြီး မပေးလျှင် ကားသမားများ ပစ်သတ်ခံရမှု မကြာခဏ ဖြစ်ပွားဟုဆို

ရန်ကုန်၊ သြဂုတ် ၁၆

ရှမ်းပြည်နယ် ၊ နောင်ချိုမြို့နယ်တွင် ယမန်နေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် ဂုတ်တွင်းတံတား ထိခိုက်ပျက်ဆီးခဲ့ပြီး မူဆယ်သို့ တင်ပို့လျက်ရှိသော ကုန်စည်လမ်းကြောင်း ပိတ်ဆို့သွားပြီဖြစ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့များထံ ဆက်ကြေးမပေး၍ ကားသမားများ ပစ်သတ်ခံရမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကြင်သိန်းကဆိုသည်။

အဆိုပါ မူဆယ်လမ်းကြောင်းသည် လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ တရုတ်နိုင်ငံမှ အဝင်များပြီး၊ မြန်မာနိုင်ငံမှ ရေထွက်နှင့် စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများ အဓိက တင်ပို့လျက်ရှိသည်ဟု ၎င်းကဆိုသည်။

“အခုက နွားကားကြောင့်ဖြစ်တာ နွားကားက ဆက်ကြေးမပေးလို့ ဆိုပြီးတော့ ဘာမှမဆိုင်ဘဲနဲ့ ငါတို့ ကားဒရိုင်ဘာနဲ့က ဘာဆိုင်လို့လဲ ဒီကားဒရိုင်ဘာကို သွားပစ်တော့ ဒီနွားပိုင်ရှင်က ကျွန်တော်တို့လည်းမဟုတ်ဘူး။ ဒီနွားတင်တာက တန်ဆာခပဲရတာလေ စာရွက်စာတမ်းအပြည့်နဲ့ နိုင်ငံတော်က ခွင့်ပြုထားတဲ့နွားတွေ စာရွက်စာတမ်းအပြည့်အစုံအပါ ခွင့်ပြုမိန့်ပါတယ်။ အကုန်လုံးပါတယ်။ အဲဒါကို နွားကားတစ်စီးကို ဆက်ကြေးတွေတောင်းတယ်။ ၁ဝသိန်းပေး၊ ၁၅သိန်းပေး ကျွန်တော်တို့ကို တင်ဒါခမှ ၁ဝသိန်းလောက်ရတာ သူတို့ကို ၁ဝသိန်းပေးရင် ဘယ်လိုလို့အလုပ်ဖြစ်မှာတုန်း တစ်ခုခုဖြစ်ရင် ကျွန်တော်တို့ ကားသမားတွေပဲ ပစ်မယ်ခတ်မယ်ဆိုတော့ ကားသမားတွေက ဒါလေးမောင်းမှ စားရတာလေ ကားသမားတွေလည်း အသက်တွေပါတာပဲလေ။ ဒီတစ်ခေါက်မှ ၇သောင်းလောက်ရတာလေ။ အဲဒါကို ဆက်က်ကြေး ၁ဝသိန်း ၁၅သိန်း တောင်းတယ်ဆိုတော့ ပေးစရာလဲမရှိဘူး။ ပစ်တာခတ်ပဲ မကျေနပ်ရင် နွားတွေ အစီးလိုက်ယူလိုက်လေ” ဟု ဦးကြင်သိန်းကဆိုသည်။

လက်ရှိချိန်တွင် နယ်စပ်ကုန်သွယ်ရေးတွင် မြဝတီလမ်းကြောင်းသည် ပမာဏတန်ဖိုးအကြီးဆုံး ဖြစ်နေကြောင်း၊ မြဝတီလမ်းကြောင်းသည် ရေပြန်ကျနေချိန်ဖြစ်သောကြောင့် မြဝတီလမ်းကြောင်းပြန်ပွင့်သွားပြီဖြစ်ကြောင်း၊ မူဆယ်လမ်းကြောင်းက လက်ရှိချိန်တွင် အရောင်းအဝယ် အေးလျက်ရှိကြောင်း၊ ယင်းမူဆယ် လမ်းကြောင်းသည် နွားကားများ အသွားများနေကြောင်း ၎င်းကဆက်လက်ဆိုသည်။

မန္တလေးမြို့ရှိ ငွေစန္ဒာ သီးနှံ နှင့်ကုန်စည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးကလည်း “မြောက်ပိုင်းကတော့ ဂုတ်တွင်းတံတား ထိခိုက်သွားတော့ ကုန်စည်အနေအထားကတော့ စီးဆင်းမှုမရှိတော့ဘူး။ ဆန်၊သကြား၊ပြောင်း၊ အဓိကပို့ ယခင်က မန်း၊ မူဆယ်ပို့နေတာ အဲဒီဖက်က ကုန်စည် စီးဆင်းမှုလုပ်လို့မရတော့လို့ မြဝတီဖက်ကိုပြောင်းနေရတယ်။ မူဆယ်ကတော့ လုံးဝသွားမရတော့ဘူး”ဟု ၎င်းကဆိုသည်။

ဂုတ်တွင်းတံတားသည် တရုတ်နိုင်ငံသို့ တင်သွင်း တင်ပို့သော ကုန်စည်ပစ္စည်းများ အဓိက အားထားနေရသော လမ်းကြောင်းပေါ်တွင် တည်ရှိပြီး TNLAနှင့် မဟာမိတ်များက ယမန်နေ့က မိုင်းခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခြင်းဖြစ်သည်။

ဓာတ်ပုံ- သြဂုတ်လ ၁၃ ရက်နေ့က ပစ်သတ်ခံလိုက်ရသော နွားတင်ကုန်တင်ကား ဒရိုင်ဘာတစ်ဦး ။ Photo Credit- ဦးတင်မောင်သိန်း

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts