Local News Peace political news

မင်းပြား၊ ပန်းမြောင်းကျေးရွာတွင် လက်နက်ကြီးကျည်ကျ၍ ကလေးငယ် ၂ ဦးနှင့် ၁၀ တန်းကျောင်းသူ ၁ ဦးသေဆုံး ၊ ပြည်သူ ၄ ဦးဒဏ်ရာရ

မင်းပြား၊ ပန်းမြောင်းကျေးရွာတွင် လက်နက်ကြီးကျည်ကျ၍ ကလေးငယ် ၂ ဦးနှင့် ၁၀ တန်းကျောင်းသူ ၁ ဦးသေဆုံး ၊ ပြည်သူ ၄ ဦးဒဏ်ရာရ

By ကျော်လှမြင့်(ကျောက်တော်)/ ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအုပ်စုစာသင်ကျောင်းရပ်ကွက်တွင် ယနေ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကလေးငယ် ၂ ဦးနှင့် ၁၀ တန်းကျောင်းသူ အမျိုးသမီးငယ် ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။

မြောက်ဦးမြို့ ဘောင်းဒွတ် အခြေစိုက် ၃၇၇ တပ်ရင်းက အောင်မင်္ဂလာတောင်ထိပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျ၍ ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း ကျေးရွာသားများကပြောကြားသည်။

“လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့နေအိမ်က ဦးမောင်ဘကျော်နေအိမ်နဲ့ဦးဦးကျော်ဇံလှနေအိမ်မှာ ကျရောက်ပေါက်ကွဲတာဖြစ်ပါတယ်။ ဦးမောင်ဘကျော်နေအိမ်က မိသားစု ၄ ဦးထိမှန်ပါတယ် ၂ ကသေဆုံးပြီး ၂ ဦးဒဏ်ရာရပါတယ်။ သေဆုံးသွားတာက ကလေးတွေက မောင်မင်းထက်ကျော် (အသက် ၁၀နှစ်) ၄ တန်းကျောင်းသား ရယ်၊ မောင်အောင်ဇင်ဖြိုး (အသက် ၅ နှစ်) မူကြိုကျောင်းသားလေးပါ။ နောက်ထပ်သေဆုံးတာက မနီနီဝင်း (အသက်၁၆ နှစ်) ဆယ်တန်းကျောင်းသူပါ။ သူကတော မင်းဖူးချောင်းဒေသ ရွှေကျန်ရွာက လာပြီးကျောင်းတက်တဲ့ ကလေးမဖြစ်ပါတယ်။ ဒဏ်ရာရသူတွေက ဒေါ်အေးလှရွှေ၊ ဒေါ်ချိုချိုဝင်း၊ ဒေါ်အုန်းကြိုင်နဲ့မဖြူနှင်းစိုးဖြစ်ပါတယ်။ မဖြူနှင်းစိုးကတော ဒဏ်ရာအရေးအခြေနဲ့ စစ်တွေဆေးရုံကို သွားရပါမယ်။ ဟို ၃ ဦးတော မြောက်ဦးဆေးရုံမှာ ဆေးကုမှုခံယူနေပါတယ်”ဟု ပန်းမြောင်းကျေးရွာမှ ဒေါ်မဝင်းကြည်က ပြောကြားသည်။

အမည်မဖေါ်လိုသူ အကူအညီပံ့ပို့ပေးနေသော ကျေးရွာသားတစ်ဦးကလည်း”ဒါကတော ပြည်သူကို ပစ်မှတ်ထားတဲ့သဘောပါ။ ကျေးရွာတွေကို ဒီတရက်နှစ်ရက် မြောက်ဦးဘောင်းဒွတ်အခြေစိုက်တပ်ရင်းက ဒလဟော ပစ်ခတ်နေတာပါ။ အမှန်တကယ်ပြည်သူတွေကိုချစ်တယ်ဆိုရင် ပြည်သူတွေကို
ဒီလိုမလုပ်သင့်ဘူး။ ကျေးရွာတွေကို ပစ်မှတ်မထားသင့်ဘူး” ဟု ပြောသည်။

မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအုပ်စုသည် လေးမြို့မြစ်အရှေ့ဖက်ကမ်းပါးတွင် တည်ရှိပြီး လေးမြို့မြစ်ကမ်းတွင်ရှိသော ကျေးရွာများ၏ အချက်အခြာကျသော တိုက်နယ်စံပြကျေးရွာတစ်ရွာဖြစ်ကာ လူနေအထူထပ်ဆုံးအိမ်ခြေအများဆုံးကျေးရွာအုပ်စုဖြစ်၍ မင်းပြားမြို့၏မြောက်ဖက် ၁၀ မိုင်ခန့်ဝေးသော နေရာတွင်တည်ရှိပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts