All News Local News Peace

မင်းပြားတွင် ၂ ရက် ဆက်တိုက် တပ်မတော်က စစ်လေယာဉ်သုံးပြီး ဗုံးကြဲဟုဆို

မင်းပြားတွင် ၂ ရက် ဆက်တိုက် တပ်မတော်က စစ်လေယာဉ်သုံးပြီး ဗုံးကြဲဟုဆို

ရန်ကုန်၊သြဂုတ် ၂၃

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် တပ်မတော်က ၂ ရက်ဆက်တိုက် စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒသေခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မင်းဖူးချောင်းဒေသ ရွှေကျံကျေးရွာအနီးတွင် သြဂုတ် ၂၂ နေ့
က တပ်မတော်နှင့် AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး တပ်မတော်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများ ပြောကြားခဲ့ပါသည်။

“သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီက စပြီးဖြစ်ပွားတာပါ။ ရွှေကျံကျေးရွာနဲ့ ဒိုင်းသရွာကြားမှာဖြစ်ပါတယ်။ ညနေ ၄ နာရီခန့်မှာ တပ်မတော်ဖက်က ဂျက်လေယာဉ် ၂ စီးလာပြီး ရွှေကျံကျေးရွာရဲ့ တောင်တန်းတောင်ကုန်းတွေကို ၁၅ မိနစ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကြီးကျယ်တဲ့တိုက်ပွဲလို့ခေါ်ရမယ် အကျအဆုံးအထိအနာတွေ တော်တော်များမယ်ထင်ပါတယ်”ဟု လုံခြုံရေးအရ နာမည် ထုတ်ဖော်မပြောလိုသော ဒေသခံ ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

မင်းပြားမြို့နယ် မင်းဖူးချောင်းဒေသ ရွှေကျံကျေးရွာသည် အိမ်ခြေ ၄၀၀ ခန့်ရှိကြောင်း၊ လက်ရှိတွင် တိုက်ပွဲ ပြင်းထန်လာနိုင်ခြေရှိနေ၍ ရွှေကျံကျေးရွာမှကျေးရွာသားများ နေအိမ်စွန့်ပြီး နီးစပ်သည့်ကျေးရွာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရသည်။

သြဂုတ်လ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် မင်းပြားမြို့နယ် မင်းဖူးချောင်းဒေသ ရွှေကျံကျေးရွာအနီး င/ခုံးအင်းနှင့်တောင်တန်း တောင်ကြော တောင်ချိုင့်များကို တပ်မတော်က စစ်လေယာဉ်များဖြင့် မိနစ်၂၀ ခန့် လာရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံရွာသားများက ပြောဆိုသည်။

“တိုက်လေယာဉ် ၁ စီးလာပြီး တိုက်ခိုက်တာဖြစ်ပါတယ်။ နှစ်ဖက်တိုက်ပွဲတော မရှိပါဘူး။ ၂၀ မိနစ်ခန့် တိုက်ခိုက်ပြီးပြန်သွားပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

တပ်မတော်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

Photo- Andy Davey

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com