All News Local News Peace

မင်းပြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး မြောက်ဦးတွင် ပေါက်ကွဲမှုဖြစ်

မင်းပြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး မြောက်ဦးတွင် ပေါက်ကွဲမှုဖြစ်

By ကျော်လှမြင့်(ကျောက်တော်)/ ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်မင်းပြားမြို့နယ်တွင် တပ်မတော်နှင့် ရခိုင်တပ်မတော် AA တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး မြောက်ဦးမြို့နယ်တွင် ယမန်နေ့က ပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

သြဂုတ် ၂၅ ရက်နေ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ငှက်တော်ရကျေးရွာအနီးတဝှိုက်တွင် ကြိုကြားကြိုကြား ပစ်ခတ်မှုများရှိခဲ့ပြီး ရွှေကျန်ကျေးရွာတာဝါတိုင်အနီးတွင် တိုက်ပွဲများဖြစ်ပွါးခဲ့သည်ဟု ဒေသခံများ ပြောကြားသည်။

“ငှက်တော်ရကျေးရွာအနီးမှာတော ကြိုကြားကြိုကြားနဲ့ နံနက် ၁၀ နာရီခန့်က နေ့လယ် ၁ နာရီထိ ပစ်ခတ်သံတွေ ကြားရပါတယ်။ ရွှေကျန်ကျေးရွာတာဝါတိုင်အနီးက နှစ်ဖက်တိုက်ပွဲဖြစ်တယ်လို့ ထင်ရပါတယ်။ အထိအခိုက်အကျဆုံးကို မသိပါဘူး”ဟု အမည်မဖေါ်လိုသူဒေသခံရွာသားတစ်ဦးက ပြောကြားသည်။

မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်း ရွှေကျန်ကျေးရွာနှင့်ဒိုင်းသားကျေးရွာကြားတွင် သြဂုတ်လ ၂၂ ရက်နေ့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မတော်က စစ်တိုက်လေယာဉ် ၂ စီးဖြင့်တိုက်ခိုက်မှုများရှိကြောင်း၊ သြဂုတ်လ ၂၃ ရက်နေ့ကလည်း စစ်လေယာဉ်များအသုံးပြု တိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် သြဂုတ်လ ၂၅ ရက်နေ့ မောင်ကုန်းကျေးရွာအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုနှင့်အတူ ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရှိရသည်။

မောင်သာကုန်းကျေးရွာက ဒေါ်ဖြူမဦးက”ပေါက်ကွဲသံတစ်သံတော ကြားလိုက်ပါတယ်။ အဲဒီပေါက်ကွဲသံကြောင့် မြောက်ဦးအခြေစိုက်တပ်တွေက အမြောက်ကြီးတွေနဲ့ပစ်ခတ်ပါတယ်။ ပန်းမြောင်းအောင်မင်္ဂလာစေတီတောင်က အမြောက်ကြီးတွေနဲ့ပစ်ခတ်မှု တွေရှိခဲ့ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် နှစ်ဖက်တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှုမြင့်တက်နေပြီး မင်းပြားမြို့နယ်တွင် လက်နက်ကြီးကျည်ထိမှန်၍ အရပ်သား ၃ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့သည်။

လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်ပြီး တပ်မတော်ဘက်သို့ ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts