All News Local News Peace

မင်းပြားတွင် တိုက်ပွဲကြား ပိတ်မိနေသော ပြည်သူ ၃၀၀၀ ကျော်နှင့်တွေ့ဆုံရန် ကြိုးပမ်းသည့် လွှတ်တော်အမတ် စစ်တပ်၏ တားဆီးမှု ခံရ၊ စစ်ဘေးသင့် ပြည်သူများ ရိက္ခာပြတ်နေ

မင်းပြားတွင် တိုက်ပွဲကြား ပိတ်မိနေသော ပြည်သူ ၃၀၀၀ ကျော်နှင့်တွေ့ဆုံရန် ကြိုးပမ်းသည့် လွှတ်တော်အမတ် စစ်တပ်၏ တားဆီးမှု ခံရ၊ စစ်ဘေးသင့် ပြည်သူများ ရိက္ခာပြတ်နေ

ရန်ကုန်၊ သြဂုတ် ၈

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ပိတ်မိနေသည့် ဒေသခံ ၃ ထောင်ကျော်ကို တေ့ွဆုံရန် ကြိုးပမ်းခဲ့သည့် လွှတ်တော်အမတ်ဦးဆောင်သော အဖွဲ့ကို စစ်တပ်က တားဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင်လအတွင်း မင်းပြားမြို့နယ်အတွင်း တပ်မတော် နှင့် AA တပ်ဖွဲ့တို့ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားမှုကြောင့် တိုက်ပွဲအတွင်းပိတ်မိနေသည့် ကျေးရွာများ၏ အခြေအနေကို သိရှိရန်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင် နှင့် ရဟန်းတော် ၄ ပါးတို့ က သြဂုတ်လ ၆ ၊ ၇ ရက်နေ့က ကျေးရွာများသို့ သွားရောက်ရန် ကြိုးပမ်းစဉ် စစ်တပ်က တားဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ မနေ့က ၈ နာရီလောက် ၊ ကျနော် ရယ် ၊ မင်းပြားက သံဃာတော် ၄ ပါး နှင့် ကျောင်းဆရာ တစ်ယောက် ခေါ်ပြီး ၊ စက်လှေနဲ့ သွားခဲ့တယ်။ လက်ခုပ်ကျေးရွာသို့ ရောက်သွားတဲ့အခါ စစ်တပ်က ရွာထဲက အိမ်တစ်အိမ်မှာ နေရာယူထားတယ်။ ပြီးရင် လာသမျှ စက်လှေတွေကို ခေါ်တယ်။ ကျနော်တို့စက်လှေကိုလည်း ခေါ်တယ်။ အဲ့ဒီအချိန်မှာ ကျနော်တို့က ပြောတယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေးအခြေအနေ ၊ ဘယ်လို့ရှိလဲ တွေ့ဖို့ သွားတာ ။ မကြာခင် လွှတ်တော်ကလည်း ကျင်းပတော့မယ် ၊ ကျနော်တို့က လိုအပ်တာရှိရင် လွှတ်တော်ကနေ တောင်းဆိုဖို့ ရအောင် အခြေအနေကြည့်ဖို့ သွားတာ ။ အဲ့တာ သူတို့က အပေါ်က ဆုံးဖြတ်ချက် ကျတဲ့အပေါ် လုပ်လို့ရမယ် ပြောတယ်။ ကျနော်တို့ကလည်း ၁ နာရီလောက် ထိုင်စောင့်လိုက်တယ်။ အဲ့မှာ သူတို့က အဲ့နေရာမှာ အသက်အန္တရာယ် ရှိတဲ့အတွက် ၊ သွားဖို့ ခွင့်မပြုရဘူးလို့ ပြောပါတယ်တဲ့ ၊ အပေါ်က သွားခွင့် မပြုဘူးဆိုတာကြောင့် ကျနော်တို့ သွားဖို့ မပြုဘူးလို့ ပြန်ပြောတယ် “ ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

လက်ရှိတွင် မင်းပြားမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ဒေသခံကျေးရွာသားများအတွက် သြဂုတ်လ ၉ ရက်နေ့၊ မင်းပြားမြို့တွင် မြို့လုံးကျွတ်အစည်းအဝေးပြုလုပ်ပြီး နိုင်ငံတော်သမ္မတ ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၊ ကာကွယ်ရေးဦးစီးချုပ် တို့ထံ စာတင်ပြသွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

“ မနေ့ကတော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု နဲ့ ပြောဖြစ်တယ်။ ပြည်သူတွေ ကယ်ထုတ်လို့မရဘူးဆိုရင် အဲ့ဒေသမှာ ရှိတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးကို တာဝန်ယူရမယ်။ မဟုတ်ဘူးဆိုရင် ကျနော်တို့က သွားခွင့်ရအောင် ခွင့်ပြုပေးရမယ်လို့ ပြောတော့ ဝန်ကြီးချုပ်ကတော့ ဆောင်ရွက်ပေးမယ်လို့ အဲ့လို့တော့ ပြောသွားတယ်။ ဒေသခံတွေက ကျနော်ဆီကို ဖုန်းဆက်ပြောတာ။ ကျနော်တို့ဒေသ ဒီလို့ဒီလိုဖြစ်တယ်ဆိုတာ ၊ ရွာထဲမှာပဲနေရ ၊ ရွာထဲက ထွက်လို့မရဘူး ၊ ၂ရက် ၊ ၃ ရက်လောက်နေရင် ရှိတဲ့ ဆန်တွေတောင်ကုန်သွားနိုင်တယ် ပြောတယ်။ ကျန်းမာရေးအခြေအနေကော ၊ တိုက်ပွဲမဖြစ်ခင် ရွာထဲ ကျောင်းသွားတက်တဲ့ ကလေးတွေကလည်း မိဘတွေဆီ ပြန်လာလို့မရတဲ့အ ခြေအနေ ဖြစ်နေပါတယ်။ မနက်ဖြန် မင်းပြားမြို့နယ်မှာ လုပ်တဲ့ မြို့နယ် အစည်းအဝေးပွဲမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဒေသခံ ဘေးလွတ်ရာသို့ ပြန်လာရေးအတွက် နိုင်ငံတော်သမ္မတ ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ ကာကွယ်ရေးဦးစီးချုပ် ၊ ပို့ဖို့ စီစဉ်ထားတယ်။ ဘာတွေ ဆက်လုပ်ဖို့က မနက်ဖြန်လုပ်မယ့်အစည်းအဝေးမှာ ထပ်သိရမယ် “ ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မင်းပြားမြို့နယ်အတွင်းရှိ တိုက်ပွဲကြောင့် ပိတ်မိနေသည့် ဒေသခံများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဆောင်အဖွဲ့က သွားရောက်တွေ့ဆုံစဉ် စစ်တပ်က ပိတ်ပင်တားဆီးခြင်း မရှိဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

“ ဘာမှ မညွှန်ကြားထားဘူး။ သွားပါလို့ မပြောထားဘူး။ စစ်တပ်ကဆိုရင် ပြောတဲ့သူ ဗိုလ်မှူး နာမည်ပြော ၊ တားတဲ့သူ နာမည်ပြော၊ ကျနော်လှမ်းပြောမယ်။ မင်းတားတယ်လို့ ပြောတယ် ဟုတ်လား လို့ မေးတယ်။ ဘာမှ တားခိုင်းတာ မရှိဘူး။ တိုက်ပွဲဖြစ်တဲ့အချိန် ကျည်ဆန်မှန်မှာ ကြောက်လို့ မသွားနဲ့ ၊ မလာနဲ့ ပြောတာပဲ ရှိမယ်။ အဲ့ဒေသမှာ ပိတ်မိနေတယ်ဆိုတာ ဘာမှ မရှိဘူး။ ကျနော်တို့ တပ်မတော်က ဘာမှ မတားထားဘူး “ ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် သြဂုတ်လ ၄ ရက်မှ စတင်၍ ပိတ်မိနေသည့် ကျေးရွာများမှ စေတီရံ ၊ ငတက် ၊ ကျော်မော် ၊ ဖုံသာပုလဲတောင် ၊ အိုးပုံတောင် ၊ ပြိုင်းချောင်း၊ ငန်းတက် ၊ ခွဆုံ ၊ နတ်မော် ၊ မောင်ပုတ်ကေ ၊ ညောင်ခြုံ ၊ ကျောက်ဆုံ ၊ စိတ္တရ ၊ သလူချောင်း နှင့် လက်ခုတ် ကျေးရွာများ ဖြစ်ကြောင်း သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts