All News Local News

ဘူးလက်လှဆွေ ဖမ်းမမိသေး၊ ရုံးချိန်းကို သြဂုတ် ၂၈ ရက်နေ့ ချိန်းဆို

ဘူးလက်လှဆွေ ဖမ်းမမိသေး၊ ရုံးချိန်းကို သြဂုတ် ၂၈ ရက်နေ့ ချိန်းဆို

ရန်ကုန်၊ ဩဂုတ် ၁၄

နိုင်ငံတော် အကြည်ညိုပျက်စေမှု ၁၂၄(က) ဖြင့် တရားစွဲခံထားရသော ဘူးလတ်လှဆွေကို ဖမ်းဆီးဝရမ်းပြန်လည် တင်သွင်းအကြောင်းကြားစာ တရားရုံးသို့ ရောက်ရှိခြင်း မရှိသောကြောင့် အမှုကို ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ သြဂုတ်လ ၂၈ ရက်နေ့သို့ ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်ကြောင်း သိရှိရသည်။

ဘူးလက်လှဆွေသည် သြဂုတ်လ ၃ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ကျင်းပခဲ့သော တပ်မတော်ခေါင်းဆောင်များကို အမေရိကန်ပိတ်ဆို့မှု ရှုတ်ချပွဲ ဟောပြောချက်များနှင့် ပတ်သက်ပြီး ကျောက်တံတားအုပ်ချုပ်ရေးအဖွဲ့မှ ဒုအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က တရားလိုပြူလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ဖမ်းဝရမ်းကို အတည်ပြု ပြန်သွင်းရန်ဖြစ်သော်လည်း တိုင်လျောက်သူ ဦးမျိုးမြင့်က ရုံးရှေ့မှာ တင်ပြပါတယ်။ ဂန့်ဂေါ်ခရိုင် ရဲတပ်ဖွဲ့မှူးနဲ့ စကားကြေးနန်း နဲ့ အဆက်အသွယ်ရပြီးတဲ့နောက်မှာ ဂန့်ဂေါ်ခရိုင် ခေတ္တရဲတပ်ဖွဲ့မှူး ရဲမှူးစိုးအောင်ကနေ သူ့ကို သတင်းပို့ပါတယ် ဆိုတဲ့ အကြောင်း ရဲမှူးစိုးအောင်ရဲ့ သတင်းပို့ချက်အရ ဖမ်းဝရမ်းကို ဂန့်ဂေါ်မြို့နယ် မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး လှမောင်က ဩဂုတ်လ ၉ရက်က စာတိုက်ကနေ မှတ်ပုံတင်စာပြုလုပ်ပြီး အနောက်ပိုင်းခရိုင် တရားရုံးသို့ ပြန်လည်ပေးပို့ထားတယ်လို့ စကားပြော ကြေးနန်းနဲ့ တရားလိုကို သတင်းပို့တယ်။ တရားလိုက အဲဒီလို သတင်းပို့တာကို တရားရုံးကိုတင်ပြတယ်။ တရားရုံးကိုတင်ပြတော့ ကျွန်တော်တို့ တရားရုံးက သာမန်အားဖြင့် ဝရမ်းမှာ ဝရမ်းကိုအတည်ပြုသူ ရဲအရာရှိကိုယ်တိုင် လာရောက်အစစ်ခံ တင်သွင်းရန်ဖြစ်သော်လည်း ဝရမ်းလည်း မရောက်ရှိ သေးတဲ့အတွက် ကျွန်တော်တို့ အမှုကိုဆက်လက် တိုးတက်အောင် မဆောင်ရွက်နိုင်သေးပါဘူး။ အဲတာကြောင့်မို့ ဖမ်းဝရမ်းကို ပြန်လည်တင်သွင်းဖို့ စောင့်ဆိုင်းတဲ့အနေနဲ့ နောက်ရုံးချိန်းကိုရွှေ့လိုက်တယ်”ဟု အနောက်ပိုင်းခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဦးမင်းသန့်ကဆိုသည်။

အဆိုပါ အမှုတွင် တရားလို သက်သေ ၇ ဦးတင်သွင်းထားကြောင်း သိရှိရသည်။

ထို့ပြင် အစ္စလမ်ဘာသာဝင်များ၏ အထွတ်အမြတ်ကိုးကွယ်ရာ တမန်တော်မိုဟာမက်ကို အကြမ်းဖက် ဗုံးခွဲမည့်သူဟု ဟောပြောခဲ့သော ဘူးလက်လှဆွေ ခေါ် ဦးလှဆွေကို အစ္စလမ်ဘာသာရေးဆရာ ဦးဆန်းအောင်က သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ဖြင့် တရားရုံးဦးတိုက် တရားစွဲဆိုမှုကို ကျောက်တံတားမြို့နယ် တရားရုံးကအမှုလက်ခံထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com