All News Local News Peace

ဗိုလ်မှူး အောင်မြင့်စိုးအပါအဝင် ရခိုင်တိုင်းရင်းသား တပ်မတော်သားများ ကူးပြောင်းဝင်ရောက်နေဟု AA ပြော

ဗိုလ်မှူး အောင်မြင့်စိုးအပါအဝင် ရခိုင်တိုင်းရင်းသား တပ်မတော်သားများ ကူးပြောင်းဝင်ရောက်နေဟု AA ပြော

ရန်ကုန်၊ သြဂုတ် ၅

မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းနေသော ဗိုလ်မှူးအောင်မြင့်စိုး သည် ရခိုင်တပ်မတော် AA ဘက်သို့ ကူးပြောင်းသွားပြီး ဗိုလ်မှူးအောင်မြင့်စိုးအပါအဝင် ရခိုင်တိုင်းရင်းသား တပ်မတော်သားများ AA ဘက်သို့ ကူးပြောင်း ဝင်ရောက်လျက်ရှိကြောင်း AA အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောဆိုသည်။

တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူးအောင်မြင့်စိုးသည် AA တပ်ဖွဲ့ထံသို့ မကြာသေးမီက ကူးပြောင်းဝင်ရောက်သွားကြောင်း၊ ဗိုလ်မှူး အောင်မြင့်စိုးသည် စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် ၄၇ ကျောင်းဆင်းဖြစ်ပြီး ကိုယ်ပိုင်အမှတ်က ကြည်း ၄၀၇၉၉ ဖြစ်ကြောင်း သိရှိရသည်။

” ကျနော်တို့ ရခိုင်တပ်မတော်ထဲ ကူးပြောင်းလာတဲ့ ကျနော်တို့ တိုင်းချစ် ပြည်ချစ်စိတ်ဓါတ် ရှိတဲ့ ရခိုင်အားလုံးကို ဝမ်းသားအားရနဲ့ ကြိုဆိုတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာစစ်တပ်ထဲမှာ သူတို့ က ကိုယ်ပြည်သူကို ကိုယ်ပြန်ပြီး နှိပ်စက်နေခဲ့ရတာ ။ ကိုယ်ပြည်သူကို ပြန်ပြီး ဖိနှိပ်တဲ့အလုပ်တွေကို သူတို့ လုပ်ခဲ့ရတယ်။ အခုလိုမျိုး အမြင်မှန်ရပြီးတော့ ကိုယ်တိုင်းပြည်၊ ကိုယ်လူမျိုးအတွက် ငါတို့မှာလည်း တာဝန်ရှိတယ်၊ တိုက်ပွဲဝင်ရမယ့် အသိ နဲ့ ကူးပြောင်းလာတာကိုး ဝမ်းသာသလို ကြိုလည်း ကြိုဆိုပါတယ်” ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

လတ်တလော ဗိုလ်မှူးအောင်မြင့်စိုးကဲ့သို့ပင် ရခိုင်တိုင်းရင်းသား တပ်မတော်သားများ AA ဘက်သို့ ဝင်ရောက်နေကြောင်း၊ လုံခြုံရေးအရ အရေအတွက်ကို ထုတ်မပြောနိုင်ကြောင်း ခိုင်သုခက ဆိုသည်။

“အဲဒီလိုမျိုး တစ်ယောက်တည်း ကူးပြောင်းလာတာက ဒီနှစ်ထဲ တော်တော်များများတော့ ရှိတယ်။ တချို့ဆိုရင် သူတို့ရဲ့ မိသားစု လုံခြုံရေးအတွက်ဆိုပြီး ကျနော်တို့ဘက်က ထုတ်မပြောတာတွေလည်း ရှိတယ်။ အခု ပြောတဲ့ ဗိုလ်မှူးအောင်မြင့်စိုး ဆိုရင် သူက ၂၀၁၈ ခုနှစ်ကတည်းက ကျနော်တို့နဲ့ ပူးပေါင်းနေတာ ဖြစ်တယ်။ မြန်မာစစ်တပ်ရဲ့ သဘော သဘာဝအရ အဲ့လို့မျိုး ဖြစ်ရင် မိသားစုကို လိုက် ပြီး လက် ဦးနေတာ ရှိတယ်။ ဒါကြောင့် တချို့တွေကို လုံခြုံရေးအရ ထုတ်မပြောတာ ရှိတယ်။ မြန်မာစစ်တပ်ဘက်မှာ ရှိနေတဲ့ ရခိုင်တွေ အားလုံး ၊ တခြားတိုင်းရင်းသားတွေလည်း ကျနော်တို့က ကြိုဆိုပါတယ်။ ကျနော်တို့ဆီ ကူးပြောင်းလာမယ်ဆိုရင် အများကြီး ကြိုဆိုပါတယ်” ဟု ခိုင်သုခက ဆိုသည်။

တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗိုလ်မှူးအောင်မြင့်စိုးက သာ့သနာဘောင် ဝင်ရောက်မည်ဟု အကြောင်းပြပြီး ခွင့်မဲ့ ထွက်သွားခြင်းဖြစ်ကြောင်း RFA သတင်းဌာနသို့ ပြောဆိုထားသည်။

ရန်ကုန်ခေတ်သစ်က AA ပြောဆိုချက်ဖြစ်သော ရခိုင်တိုင်းရင်းသား တပ်မတော်သားများ AA ဝင်ရောက်နေသည်ဆိုသော သတင်းနှင့်ပတ်သက်၍ တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts