All News Local News

ဗစ်တိုးရီးယားအမှု တရားခံအစစ် မဖော်ထုတ်နိုင်လျှင် သက်ဆိုင်ရာတာဝန်ရှိသူများ တာဝန် ယူရလိမ့်မည်ဟု ဦးဇော်ဌေးပြော

ဗစ်တိုးရီးယားအမှု တရားခံအစစ် မဖော်ထုတ်နိုင်လျှင် သက်ဆိုင်ရာတာဝန်ရှိသူများ တာဝန် ယူရလိမ့်မည်ဟု ဦးဇော်ဌေးပြော

ရန်ကုန်၊ သြဂုတ် ၁၆

နေပြည်တော် ဗစ်တိုးရီးယား အမှုကိစ္စနှင့် ပတ်သက်ပြီး တရားခံအမှန် မဖော်ထုတ်နိုင်လျှင် သက်ဆိုင်ရာတာဝန်ရှိသူများ တာဝန်ယူမှု တာဝန်ခံမှု ယူရလိမ့်မည်ဖြစ်ကြောင်း သြဂုတ်လ ၁၆ ရက်နေ့ နိုင်ငံတော် သမ္မတအိမ်တော်တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးကဆိုသည်။

လက်ရှိချိန်တွင် ဗစ်တိုးရီးယား အမှုကိစ္စနှင့်ပတ်သက်ပြီး နေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးတွင် ၄ကြိမ်မြောက် စစ်ဆေးပြီးဖြစ်သည်။

‘ဒီအမှုနဲ့ ပတ်သက်လို့ အမှုမှန်ဖော်ထုတ်ရေးပေါ့ အဲတာကို အလေးထားပြီးဆောင်ရွက်ဖို့ဖြစ်တယ်။ တကယ်လို့ အမှုမှန် တရားခံအမှန် မဖော်ထုတ်နိုင်ဘူးဆိုရင် သက်ဆိုင်တဲ့ တာဝန်ရှိတဲ့သူတွေ တာဝန်ယူမှု တာဝန်ခံမှု ယူရလိမ့်မယ်။ အဲဒါလည်းကျွန်တော်တို့ ပြတ်ပြတ်သားသားပြောထားပြီးဖြစ်တယ်’ဟု ဦးဇော်ဌေးကဆိုသည်။

ထို့ပြင် အမှုသည် လက်ရှိချိန်တွင် တရားရုံး၌ စစ်ဆေးဆောင်ရွက်နေဆဲဖြစ်သည့်အတွက် တရားရုံး အုပ်ချုပ်ရေးပိုင်းက တစ်စုံတစ်ရာပြောစရာမရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးသည် သီးခြားစီအတတ်နိုင်ဆုံး ပိုင်းခြားကျင့်သုံးတာဖြစ်ကြောင်း၊ တရားရုံး၏ ဆုံးဖြတ်ချက်ပေါ်တွင် တစ်စုံတစ်ရာ လွှမ်းမိုးနိုင်သည်မျိုးမရှိအောင် ဂရုစိုက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မှတ်ချက်မပေးလိုကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ထိုအမှုနှင့် စပ်နွယ်သည့်သူများအား ထွက်ပြေးတိမ်းရှောင်မှု မဖြစ်စေရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အာမခံထားသည်ဟု သိရသည်။

သြဂုတ်လ ၁၄ရက်နေ့ ရုံးချိန်းတွင် Victoria အမှု၏ တရားခံဟု အများကမှတ်ချက်ပေးနေသော ကိုကိုညီညီ ဓာတ်ပုံကို Victoria လေးက ရွေးထုတ်ပြသော video ဖိုင်ကို Victoriaဖခင်ဖြစ်သူက ရုံးတော်သို့ တင်သွင်းခဲ့သည်။

ယင်းအမှုကိစ္စနှင့် ပတ်သက်ပြီး သြဂုတ်လ ၂၈ရက်တွင် ဗစ်တိုးရီးယား အဖွားဖြစ်သူကို စစ်ဆေးသွားမည်ဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts