All News Local News

ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် တစ်လ ၁၀ သိန်းရ လွှတ်တော်အမတ်များရှိနေသည်ကို မမေ့ကြရန် ဗိုလ်မှူး ဒေါ်သူဇာရွှေ ပြောဆို

ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် တစ်လ ၁၀ သိန်းရ လွှတ်တော်အမတ်များရှိနေသည်ကို မမေ့ကြရန် ဗိုလ်မှူး ဒေါ်သူဇာရွှေ ပြောဆို

နေပြည်တော်၊ သြဂုတ် ၂၈

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် တစ်လလျှင် လစာ ၁၀ သိန်းရ လွှတ်တော်အမတ်များတည်ရှိနေသည်ကို မမေ့ကြရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဒေါ်သူဇာရွှေ က ပြောသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဒေါက်တာမောင်သင်းအပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးက ပေးပို့တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ကိုယ်စားလှယ်များကဆွေးနွေးကြရာ ၎င်း ကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“လက်ရှိဖွဲ့စည်းပုံကြောင့် သမ္မတဦးထင်ကျော်၊ ဦးဝင်းမြင့်အစိုးရ၊ ယခုလွှတ်တော်နှင့် လွှတ်တော်ဥက္ကဌများ ၊ လစာ ၁၀ သိန်း လစဉ်ရနေတဲ့ လွှတ်တော်အမတ်များတည်ရှိနေတာကို မမေ့ကြဖို့လိုပါတယ်။ဒါကြောင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်လက်ရှိ တည်ဆဲဥပဒေများကို တိကျစွာလိုက်နာပြီး ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကိုလည်း ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု ဗိုလ်မှူး ဒေါ်သူဇာရွှေက ဆိုသည်။

လွှတ်တော်အနေဖြင့် ဥပဒေများပြင်ဆင်ရာတွင် မည်သည့်ပါတီ မည်သည့်အဖွဲ့အစည်းကတင်သည်ဖြစ်စေ လူမျိုးစွဲ ပုဂ္ဂိုလ ်စွဲကင်းကာ နိုင်ငံနှင့်ပြည်သူအကျိုးစီးပွားကို ဦးတည်ဆောင်ရွက်ကြရမည်ဟု ၎င်း ကဆိုသည်။

“လွှတ်တော်ထဲမှာ ဒီမိုကရေစီနည်းအရ များရာမဲနဲ့ဆုံးဖြတ်တယ်ဆိုပေမယ့် ဒီမိုကရေစီဆိုသည်မှာ လူများစုရဲ့ဆန္ဒကို ဥပဒေနဲ့အညီလိုက်နာဆောင်ရွက်ရမှာဖြစ်သလို လူနည်းစုရဲ့ ဆန္ဒကိုလည်း လေးစားလိုက်နာရမှာဖြစ်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ရင် ဒီမိုကရေစီအနိုင်ကျင့်မှုပဲဖြစ်ပါတယ်” ဟုလည်း၎င်း က ထပ်လောင်းဆိုသည်။

စီစစ်ရေးပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်တွင် ယခုဥပဒေကြမ်းအပေါ် ကိုယ်စားလှယ်များ၏ ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်ကို ငြင်းပယ်ကျော်လွှားလိုက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖောက်ဖျက်ခြင်းဖြစ်ကြောင်း ၊ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၅ အထွေထွေပြဌာန်းချက်များမှ ဇယား ၄ အတိုင်း ကတိသစ္စာပြု ကျမ်းသစ္စာဆိုထားသည်နှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဥပဒေများကိုလေးစားလိုက်နာရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အလားတူ ယခင်အစိုးရ ယခင်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း လက်ရှိ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင် ကတိသစ္စာပြုကျမ်းသစ္စာကျိန်ဆိုကာတိုင်းပြည်တိုးတက်အောင်ဆောင်ရွက်ခဲ့သည့်အပြင် တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီး လက်ရှိအစိုးရအားအာဏာလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်း ကပြောသည်။

သတင်းတမန်

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com