All News Local News

ပြည်နယ်နှင့်တိုင်းတချို့တွင် ရေကြီးမှု အခြေအနေ ဆိုးဝါး

ပြည်နယ်နှင့်တိုင်းတချို့တွင် ရေကြီးမှု အခြေအနေ ဆိုးဝါး

ရန်ကုန်၊ သြဂုတ် ၈

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းတွင် စစ်တောင်းမြစ်ရေနှင့် ရွှေကျင်မြစ်ရေကြီးခြင်းကြောင့် မြစ်ရေကြီးမှု ကြုံတွေ့နေရသော ရွှေကျင် ၊ မဒေါက် ၊ ကျောက်ကြီး ၊ ထန်းတစ်ပင်မြို့မှ ရေဘေးသင့် ပြည်သူများအတွက် အကူအညီ အထောက်အပံ့များ ဆောင်ရွက်ပေးနေကြောင်း ပဲခူးတိုင်း ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောသည်။

“ အခု ရေကြီးနေတာက ရွှေကျင် ၊ မဒေါက် ၊ကျောက်ကြီး ၊ ထန်းတစ်ပင် အဲ့ဘက်မှာရေကြီးနေတယ်။ ပဲခူးဘက်တော့ မရောက်သေးဘူး။ ကယ်ဆယ်ရေးပိုင်းတော့ သက်ဆိုင်ရာ ရပ်ကျေး၊ တိုင်း ၊ အဆင့်ဆင့် ကယ်ဆယ်ရေးကော်မတီ ဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်။ ကယ်ဆယ်ရေးကော်မတီ ၊ ထောက်ပံ့ရေးကော်မတီ ၊ နေရာချထားရေး ကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီး လုပ်ထားတယ်။ ပဲခူးတစ်တိုင်းလုံး မြို့နယ်တိုင်းမှာ မနေ့ကစပြီး မြို့နယ်အသီးသီးမှာ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။ လိုအပ်တဲ့ပစ္စည်းတွေကို အလှူရှင်တွေဆီက ရတယ်။ တိုင်းအစိုးရက ပေးတဲ့ထောက်ပံ့မှုတွေကို အခု စတင်ပေးနေပြီ “ ဟု ပဲခူးတိုင်း ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောသည်။

လက်ရှိတွင် ရွှေကျင်မြစ်ရေ နှင့် စစ်တောင်းမြစ်ရေမှာ သြဂုတ်လ ၅ ရက်မှ စ၍ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ၃ ပေကျော်အထိ ရုတ်တရက်မြင့်တက်ခဲ့တာကြောင့် ကျောင်းသူ / သားများ စာသင်၍ မရတော့သော အခြေခံပညာကျောင်းပေါင်း ၅၈ ကျောင်း အား ယာယီ ပိတ်ထားရကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရသည်။

အလားတူ မွန်ပြည်နယ် ရန်ကုန် – မော်လမြိုင် ရ ထား လမ်းပိုင်း နှင်းပုလဲ နှင့် ဒုံဝန်းအကြားရှိ ၊ တံတား နံပါတ် BR – 72( A ) ယာယီ လမ်းလွှဲတာဘောင်မှာ တောင်ကျရေ များတိုက်စားမှုကြောင့် ပြုတ်ကျလုနီးဖြစ်၍ အစုံအဆန်ရထားများ ဖြတ်သန်းရန် မသင့်သည့်အတွက် နှင်းပုလဲ ဒုံဝန်းလမ်းပိုင်းအား သြဂုတ်လ ၆ ရက်နေ့ ၊ ည ၈ နာရီပိုင်းတွင် ခေတ္တယာယီပိတ်ထားကာ မီးရထားလမ်းပိုင်းမှာ ပိတ်မိနေတဲ့ ခရီးသည်များ မော်လမြိုင်သို့ သွားလာနိုင်ရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့က စီစဉ်ပေးထားကြောင်း ဘီးလင်းမြို့နယ် ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးခင်နိုင်ဦးက ပြောသည်။

“ ရထား ၂ စီး ဘီးလင်းအပိုင်ထဲမှာ ရှိနေတယ်။ တစ်စီးက နှင်းပုလဲ ဘူတာမှာ ၊ တစ်စီးက တောင်စွန်းဘူတာမှာ ရှိတယ်။ ဒီမနက် ၇ နာရီလောက် ရောက်လာတာ။ နှင်းပုလဲမှာ ခရီးသည် ၂၃၀ ပါတယ်။ သူက ရန်ကုန် သွားမယ် ။ ဒီမနက်မှာ ခရီးသည်တွေအတွက် နှင်းပုလဲ အုပ်ချုပ်ရေးအဖွဲ့က ထမင်း စီစဉ်ပေးထားတယ်။ မွန်ပြည်နယ် အစိုးရအဖွဲ့က သူတို့ မော်လမြိုင် သွားဖို့အတွက် အစီအစဉ်လုပ်ပေးထားတယ်။ နောက်တစ်ခုက တောင်စွန်းဘူတာမှကျတော့ ခရီးသည် ၃၂၀ လောက် ပါတယ်။ အဲ့တာက ခရီးသည် ၉၀ လောက်က မော်လမြိုင် ထပ်သွားမယ်။ သူတို့သွားဖို့အတွက် ဘီးလင်းယထက မှ အစီအစဉ်နဲ့ မော်လမြိုင်ကို သွားပို့ပေးနေပြီ ။ အဲ့တော့ တောင်စွန်းဘူတာမှာ ရထားပဲ ရှိတော့မယ် ၊ ခရီးသည် မရှိတော့ဘူး။ နှင်းပုလဲဘူတာမှာတော့ ခရီးသည် ရှိနေတယ်။ သူတို့အတွက် ထမင်းကျွေးဖို့အတွက် စီစဉ်နေတယ်။ သွားဖို့အတွက် ကားနဲ့ စီစဉ်နေတယ်။ နောက်ပိုင်း ဒီကြားထဲ ရထားခရီးစဉ်တွေ ခဏ ရပ်နားထားတယ် “ ဟု ၎င်းက ပြောဆိုသည်။

မွန်ပြည်နယ် ၊ မော်လမြိုင် မှ ဘီးလင်းအဝင် ကားလမ်းတွင် ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ရေတက်လာခြင်းကြောင့် ကားလမ်းပေါ်မှ ကားအသေးများ သွားလာဖို့ ခက်ခဲခြင်းကြောင့် တာဝန်ရှိသူတွေက ကြပ်မတ်ဆောင်ရွက်နေကြောင်း၊ ယနေ့တွင် ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းနေပြီဖြစ်ကြောင်း သိရသည်။

ထို့အတူ ကရင်ပြည်နယ် ၊ မြဝတီမြို့တွင် သြဂုတ်လ ၂ ရက်နေ့ ညနေပိုင်းက သောင်းရင်းမြစ်ရေ ဟာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်ရောက်ရှိနေတာကြောင့် မြစ်ဘေးမှာ ရှိတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေက လူဦးရေ ၄၀၀ နီးပါး ရေဘေးလွတ်ရာ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေးစခန်းသို ရွေ့ပြောင်းထားကြောင်း သိရသည်။

“ မြေပြိုတာတော့ ဆောက်လုပ်ရေးအဖွဲ့လည်း အဆင်သင့် ရှိတယ်၊ အခု ကာလ တစ်လျှောက်လုံး သူတို့က လမ်းပန်းဆက်သွယ်ရေးအတွက် နေ့တိုင်း ရှင်းပေးရတဲ့ အနေအထား ရှိတယ်။ လက်ရှိ ကယ်ဆယ်ရေးစခန်း က ၄ ခု ဖွင့်ထားတယ်” ဟု မြဝတီမြို့နယ် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းက ပြောသည်။

လက်ရှိတွင် ရေဘေးရှောင်ပြည်သူတွေ စားရေးသောက်ရေး နှင့် ကျန်းမာရေးအတွက် ဆေးဝါးကုသတာတွေကို မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com