All News Local News Peace

ပလောင်ပညာရေးကျောင်းကို တပ်မတော် ဝင်ရောက်စစ်ဆေးပြီး ဘုရားစင်နှင့်ကျောင်းတံခါးများ ဖျက်ဆီးဟုဆို

ပလောင်ပညာရေးကျောင်းကို တပ်မတော် ဝင်ရောက်စစ်ဆေးပြီး ဘုရားစင်နှင့်ကျောင်းတံခါးများ ဖျက်ဆီးဟုဆို

ရန်ကုန်၊ သြဂုတ် ၂၆

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကွက်ခိုင်မြို့နယ် အတွင်းရှိ တအောင်းပညာရေးဘော်ဒါဆောင် ( TEC ) ကို သြဂုတ်လ ၂၄ ရက်နေ့ ၊ ညနေပိုင်းအချိန်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ကား ၄ စီးဖြင့် ရောက်လာပြီး ကျောင်းအတွင်းရှိ ဆရာနှစ်ဦးကို စစ်ဆေးမေးမြန်းခြင်း၊ ကျောင်းအတွင်းရှိ ဘုရားစင် နှင့်ကျောင်းတံခါးများကို ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

TNLA တပ်သားများရှိနေသည်ဆိုသော စွပ်စွဲချက်ဖြင့် ကျောင်းအတွင်း ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကျောင်းဆရာ၂ ဦးကိုလည်း ၁ နာရီခန့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း တအာင်းပညာရေးဘော်ဒါဆောင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ ဖြစ်စဉ်က သြဂုတ်လ ၂၄ ရက် ၊ ညနေ ၄ နာရီလောက် စဖြစ်တာ ။ စစ်တပ်က ကား ၄ စီးနဲ့ ရောက်လာတယ်။ ကျောင်းက တံခါးတွေ ရိုက်ခွဲ ၊ စာသင်ခန်းထဲ ဝင်မွှေတယ် ။ ကျောင်းဆရာ ၂ ယောက်ကလည်း ကျောင်းထဲမှာ စစ်သားတွေ မရှိတော့ ကျောင်းထဲကို သွားလိုက်တယ်။ သွားတဲ့အခါ ကျောင်းထဲ တံခါးအပေါက် ပွင့်နေတော့ သူခိုးများ ဝင်နေသလားဆိုပြီး ကြည့်လိုက်တော့စစ်သားက ကျောင်းထဲမှာ ရှိနေတယ်။ သူတို့ နှစ်ယောက်ကို အဲ့မှာ စစ်ဆေးတာတွေ ရှိတယ်။ သူတို့က ဒီကကျောင်းဆရာဖြစ်ကြောင်းပြောတော့ သူတို့ဘက်က မသင်္ကာ အပိုင်းတွေ ဖြစ်သွားတယ်။ ပျက်ဆီးမှုကတော့ တံခါးဂျက် တွေ ပျက်တာတော့ ရှိတယ်။ ကျနော်တို့ ရုံးခန်းထဲက ဘုရားစင် ၊ အောက်ဘက်မှာ ဗီရို အဲ့တာတွေ လည်း ပျက်ဆီးလိုက်ကြတယ်။ ရှာဖွေမှုအပိုင်းမှာ ဆရာနှစ်ယောက်ကိုတော့ မေးမြန်းမှုတော့ ရှိတယ်။ ဆရာတွေက ပလောင်တပ်သားတွေ ဒီမှာ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ဆေးတယ်။ အကြောင်းပြချက်တွေ ပေးပြီး ရှာဖွေတာတွေ ရှိတယ်” ဟု တအာင်းပညာရေးဘော်ဒါဆောင် ၊ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘော်ဒါဆောင်အတွင်း ကျောင်းဆရာ နှစ်ဦးကိုစစ်ဆေးမေးမြန်းချိန်တွင် ကျောင်းတာဝန်ရှိသူများဘက်က အာမခံ ပြောဆိုမှသာ ကျောင်းဆရာနှစ်ဦးကို ညပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းထွဋ်လေးကို ရန်ကုန်ခေတ်သစ်က တအာင်းပညာရေးဘော်ဒါဆောင်ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရန် ဖုန်းခေါ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမပြုပေ။

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကွက်ခိုင်မြို့ အဝင်တွင် ဖွင့်လှစ်ထားသော တအာင်းပညာရေးဘော်ဒါဆောင်ကို ၂၀၁၃ ခုနှစ် ၊ ဧပြီလက ဖွင့်လှစ်ခဲ့ခြင်းဖစ်ပြီး နမ့်စမ်း ၊ သီပေါ ၊ ကျောက်မဲ ၊ ကွတ်ခိုင် ၊ နမ့်ခမ်း ၊ကျုဂုတ် စတဲ့ ဒေသတွေမှ တအာင်းကျောင်းသူ / ကျောင်းသား ၇၀ ကျော်ခန့် လာရောက်ပညာသင်ကြားနေခြင်းဖြစ်သည်။

လက်ရှိတွင် ကွက်ခိုင်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲအခြေအနေကြောင့် ကျောင်းအတွင်းရှိ ကလေးများ နှင့် ဆရာ / ဆရာမ စုစုပေါင်း ၈၀ ကျော်ခန့်သည် ကွက်ခိုင်မြို့ပေါ်ရှိ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင့်နေရကြောင်း၊ ကျောင်း ဆက်လက်ရပ်တည် လည်ပတ်နိုင်ရေး မလွယ်ကူကြောင်း တအာင်းပညာရေးဘော်ဒါဆောင် တာဝန်ရှိသူက ပြောသည်။

“ လက်ရှိ ဒေသမတည်ငြိမ်မှုကြောင့် ကျောင်းမှာ မနေရဲဘဲ မြို့ပေါ်မှာ ပြေးပြီး ခိုလှုံနေရတယ်။ ကျောင်းမှာ ဘယ်သူမှ မရှိတော့ဘူး။ အကုန်လုံး စစ်ရှောင်နေရတယ်။ ဒေသမှာ တိုက်ပွဲဖြစ်နေတော့ ကလေးတွေ ပညာရေးမသင်ကြားရဘူး။ ကျောင်းကလည်း ပိတ်ထားရတယ်။ သူတို့ရဲ့ လက်ရှိ ပညာရေး နှင့်စားဝတ်နေရေး အရမ်းအခက်အခဲဖြစ်နေတယ် “ ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားအခြေအနေကြောင့် ကျေးရွာများတွင် စာသင်ကျောင်းများ ယာယီပိတ်ထားရပြီး ကျောင်းသူကျောင်းသားများ၏ ပညာရေးထိခိုက်နစ်နာမှု ရှိနေကြောင်း ရှမ်းပြည်နယ်အရပ်ဖက်လူမှုအဖွဲ့အစည်းများက ပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts