All News interview

“နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံက ရေဘေးကို ကြုံတွေ့နေရတယ်”

“နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံက ရေဘေးကို ကြုံတွေ့နေရတယ်”

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ၊ ညွန်ကြားရေးမှူး – ဒေါ်ဖြူလဲ့လဲ့ထွန်း နှင့် ဆက်သွယ်မေးမြန်းချက်

လတ်တလော နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေသော ရေဘေးသင့်မှု အခြေအနေများနှင့်ပတ်သက်ပြီး လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ၊ ညွန်ကြားရေးမှူး – ဒေါ်ဖြူလဲ့လဲ့ထွန်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ လက်ရှိ မြန်မာနိုင်ငံအတွင်း တိုင်း နှင့် ပြည်နယ် ရေကြီးမှု ကြုံတွေ့နေရတဲ့အပေါ် သက်ဆိုင်တဲ့ ဝန်ကြီးဌာနကနေ တာဝန်ယူဆောင်ရွက်နေတဲ့ အခန်းကဏ္ဍ နဲ့ ထောက်ပံ့ရေး အစီအစဉ်တွေ ပြောပြပေးပါ။

ဖြေ။ ။ အခုဖြစ်နေတဲ့ လက်ရှိအခြေအနေမှာ မြစ်ရေတက်နေတာက ပဲခူးတိုင်း ဒေသကြီး ၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် မြစ်ရေတက်တယ် ၊ မိုးများတယ်။ မနေ့က အခြေအနေကတော့ ပဲခူးတိုင်းထဲမှာ ကျောက်ကြီး ၊ ရွှေကျင်မြို့မှာ အိမ်ထောင်စု ၆၈၀ လောက် ၊ လူဦးရေ ၃၃၀၀ လောက် ယာယီရေဘေးရှောင်စခန်းမှာ ပြောင်းရွေ့နေထိုင်ကြရတယ်။

ကရင်ပြည်နယ်မှာ ကြာအင်းဆိပ်ကြီး ၊ ကော့ကရိတ် ၊ မြဝတီ ၊ လှိုင်းဘွဲ့ မှာ အိမ်ထောင်စု ၄၉၈၀ ကျော် ၊ လူဦးရေ ၂၀၀၀ ကျော်လောက် ပြောင်းရွေ့နေထိုင်တယ်။ မနေ့က ညနေအထိ မွန်ပြည်နယ် ၊ ဘီးလင်းမှာ အိမ်ထောင်စု ၄၈၀ ၊ လူဦးရေ ၂၃၀၀ လောက် ပြောင်းရွေ့နေထိုင်တာ ရှိတယ်။ ဒါကတော့ အခုလက်ရှိဖြစ်တဲ့ အခြေအနေ/

ဒါပေမဲ့ ပြီးခဲ့တဲ့ ၂ ပတ် အတွင်း ဖြစ်ခဲ့တဲ့ နေရာတွေလည်း ရှိတယ်။ စစ်ကိုင်း ၊ မုံရွာ ၊ မကွေးတိုင်း ရှိတယ်။ အခုတော့ အဲ့မှာ ရေတွေက ထပ်တက်ပြီး ရေကြီးတာ မရှိဘူး။ ဒါပေမဲ့ အရင်ဖြစ်တဲ့ နေရာတွေက ကိုယ်အိမ်ကိုယ်ယာ ပြန်လို့မရတဲ့ အခြေအနေတွေ ရှိနေတော့ စခန်း ၊ ဘေးလွတ်ရာ ဆွေမျိုးတွေ အိမ်မှာ လျှောက်ပြီးနေတာ လည်းရှိတယ်။

အဲဒါက အခုဖြစ်နေတာ မဟုတ်ဘူး။ အရင်က အကျန် ၊ စစ်ကိုင်းမှာ အိမ်ထောင်စု ၂၀၀၀ ကျော် ၊ လူဦးရေ ၉၀၀၀ လောက်ရှိတယ်။ မန္တလေးတိုင်းမှာဆိုရင် အိမ်ထောင်စု ၂၀၀၀ ၊ လူဦးရေ ၁၀၀၀၀ လောက် ရှိတယ်။ မကွေးမှာဆိုရင် အိမ်ထောင်စု ၁၀၀၀ ၊ လူဦးရေ ၃၀၀၀ လောက် ရှိတယ်။ သူတို့ ဆက်ပြီးနေတုန်း ၊ ကိုယ်အိမ်ကိုယ်ယာ ပြန်လို့မရသေးဘူး ၊ အဲ့တာက အရင်ဖြစ်ခဲ့တဲ့ တိုင်း ၃ တိုင်း ၊

အခု လက်ရှိဖြစ်နေတာက ပဲခူး ၊ ကရင် ၊ မွန် ဖြစ်နေတယ်။ ကျမတို့ ဦးစီးဌာနအနေနဲ့ ပြောင်းရွေ့ရတဲ့ ပြည်သူတွေကို ဆန် ၊ ရိက္ခာဖိုးတွေ ထောက်ပံ့ပေးတာ ရှိတယ်။ ဒါကတော့ ပုံမှန်အားဖြင့် ဆန် ၊ ရိက္ခာဖိုးတွေ ထောက်ပံ့ပေးတယ်။ သေဆုံးတဲ့သူတွေ ရှိခဲ့တယ်ဆိုရင် သေဆုံးတဲ့သူ တစ်ယောက်ကို ၃ သိန်းနှုန်းနဲ့ ထောက်ပံ့ပေးတယ်။

အခု ဖြစ်စဉ် ရေဘေးမှာ ဇူလိုင် ကနေ သြဂုတ်လ ကာလအတွင်း ၊ ဇူလိုင်လမှာ စဖြစ်တယ် ၊ သြဂုတ်လအတွင်း စုစုပေါင်း အဲဒီကာလအတွင်းမှာ ၃ ယောက်တော့ သေဆုံးတာ ရှိတယ်။ ဒါပေမဲ့ ၃ ယောက်သေဆုံးတာက မကွေးတိုင်း ၂ ယောက်က ရေတက်လာ ၊ ရေကြီးရေလျံှမှုတွေ ၊ ရပ်ကွက်တွင်းမှာ ဖြစ်နေတဲ့အချိန် မဟုတ်ဘူး။

သေဆုံးတဲ့သူက သူကကျတော့ မိုးရွာလို့ တောင်ကျချောင်းရေ စီးတဲ့အချိန် ချောင်းကို ဖြတ်ကူးရင်းနဲ့ သေဆုံးတဲ့သူတွေ ၊ ရေကြီးရေလျံှမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တဲ့ အချိန်တော့ မဟုတ်ဘူး။ ဒါပေမဲ့ သူကတော့ မိုးရွာတဲ့အချိန် ချောင်းကို ဖြတ်ကူးရင်း သေဆုံးတာက ၂ ယောက် ရှိတယ်။ နောက် ကချင်ပြည်နယ်မှာ မိုးပြင်းထန်းစွာ ရွာတဲ့အချိန် တောင်ကျချောင်းရေကြောင့် မျောပါ သေဆုံးတာက ကချင်မှာ တစ်ယောက် ၊ သေဆုံးခဲ့သူ ၃ ယောက်ရှိခဲ့တယ်။

တချို့နေရာတွေမှ တောင်ကျချောင်းရေကြောင့် အိမ်တွေ မျောပါ ပျက်စီးသွားတာတွေမျိုးဆိုရင် ကျမတို့က အိမ်ဆောက်ပစ္စည်းဖိုးတွေ ထောက်ပံ့ပေးတယ်။ ထောက်ပံ့ပေးတော့ အဲ့ဒီ အိမ်ဆောက်ပစ္စည်း ၊ ဆန် ၊ ရိက္ခာတွေ ပါတယ်။ ဆန် ၊ ရိက္ခာတွေကိုတော့ ပြောင်းရွေ့ရတဲ့ ပြည်သူတစ်ယောက်ချင်းစီ ( လူဦးရေအရ ပေးတာ ) ဆန် ၊ ရိက္ခာ ၊ အိမ်ဆောက်ပစ္စည်းဖိုး ၊ သေဆုံးတဲ့သူ ထောက်ပံ့တာ ကျမတို့က ဇူလိုင် နှင့် သြဂုတ်လ အတွင်း အခုထိ ကျပ်သိန်းပေါင်း ၂၂၃၇ သိန်း ကျော် ထောက်ပံ့ထားတယ်။ ကျမတို့ ဝန်ကြီးဌာနအနေနဲ့ ပြည်နယ် နှင့် ရုံးတွေကနေ ထောက်ပံ့မှုတွေကို ချက်ချင်း သူရဲ့ ဒေသမှာ ရှိတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်။

လိုအပ်လာရင် ကျမတို့နေပြည်တော် ရုံးချုပ်ကနေ ပြည်ထောင်စုဝန်ကြီးတွေကလည်း လိုအပ်ရင် သွားပြီး ပြည်သူတွေကို ထောက်ပံ့ကူညီတာတွေ လုပ်တယ်။ အခုဆိုရင် ကရင်ပြည်နယ်ဆိုရင် ဒု ညွန်ကြားရေးမှူးက သွားနေပြီ ။ ကျမတို့ကတော့ ကချင်တို့မှာ စဖြစ်တဲ့ အချိန် တုန်းက ကျမတို့က ဒီရေဘေးနှင့် ပတ်သက်ပြီး တုံပြန်မှု လုပ်ငန်းတွေ မှ အသုံးပြုပြီး ပြည်သူတွေကို ပြောင်းတာ ရွေ့တာ သုံးနိုင်ဖို့ နှစ်စဉ်ဖြစ်တဲ့ အလှူငွေတွေ အပေါ် မူတည်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်တွေကို စက်လှေ ၊ ဖိုင်ဘာ ၊ အသက်ကယ်အင်္ကျီတွေ ကြိုပြီး ထောက်ပံ့ပေးထားတာ ရှိတယ်။

အခုဖြစ်တဲ့ ပြဿနာဆိုရင် ကချင်မှာ ဖြစ်တုန်းက ကျမတို့ လှေ ၊ အသက်ကယ်အင်္ကျီတွေ ပို့ပေးတယ်။ ဒီလို့ပစ္စည်းမျိုးကို သက်ဆိုင်ရာနဲ့ ပူးပေါင်းပြီး ဖြည့်ဆည်းပေးရမယ့် အရာတွေ လုပ်တယ်။

မေး ။ ။ ရေကြီးရေလျံှတာနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်တဲ့ အပိုင်း လုပ်ဆောင်ပေးထားတာ ရှိလား။

ဖြေ။ ။ ကျမတို့ကတော့ ကြိုတင်ပြင်ဆင်မှု ၊ ကာကွယ်မှုအပိုင်းကတော့ ဒီလိုမျိုးထောက်ပံ့နိုင်ဖို့ အတွက် ဆန် ၊ ရိက္ခာ ၊ ကယ်ဆယ်ရေးပစ္စည်းတွေကတော့ ကိုယ်ဘက်က အမြဲ အဆင်သင့် ပြင်ထားတယ်။ ကြိုတင်ကာကွယ်မှု အပိုင်းကတော့ သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်တယ်။ ဥပမာ – ချောင်းတွေ ၊ မြောင်းတွေ တူးဖော်တာ ရှိမယ်။ တာတမံဘောင်တွေ လုပ်တာမျိုး ၊ အဲ့တာက ကျမတို့ ဦးစီးဌာနက လုပ်ငန်းတာဝန်မဟုတ်ဘူး။
ကျမတို့က သက်ဆိုင်တာ ဦးစီးဌာနနဲ့တော့ ပူးပေါင်းဆောင်ရွက်တယ်။ အဲ့လို့မျိုး ကြိုတင်ကာကွယ်ရေး လုပ်ငန်းတာဝန် အဓိကလုပ်တာတော့ အသိပညာပေးလုပ်ငန်း ဖြစ်တယ်။ ဒါမျိုးက ရေဘေးဖြစ်မှ ထလုပ်တာ မဟုတ်ဘူး။ တစ်နှစ်ပတ်လုံး လုပ်နေတဲ့အလုပ်တွေ ၊ ကျမတို့က ပြည်သူတွေကို အသိပညာပေးတယ်။ ဟောပြောပွဲ ၊ ဆွေးနွေးပွဲ လုပ်တယ်။ အဲ့မှာ ရေဘေးတစ်ခုတည်း မဟုတ်ဘူး ၊ ဘေးအန္တရာယ် မျိုးစုံ အတွက် အသိပညာပေးတွေ လုပ်တယ်။ ဇာတ်တိုက်လေ့ကျင့်ခန်း တွေ လုပ်တယ်။

သင်တန်းလေးတွေ ဖွင့်ပေးတယ်။ ဒါကတော့ ပြည်သူအတွက် အသိပညာတိုးစေဖို့ ၊ နောက်တစ်ခါကျတော့ သဘာဝစီမံခန့်ခွဲမှုမှာ ထဲထဲဝင်ဝင် လုပ်နေတဲ့သူတွေ စွမ်းဆောင်ရည် တိုးစေဖို့ ဟင်္သာတမှာ ရှိတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်းဆိုတာ ရှိတယ်။ ဒီသင်တန်းကျောင်းမှာ စဉ်ဆက်မပြတ် သင်တန်းတွေ ဖွင့်တယ်။ အခု မိုးတွင်း ဘေးဖြစ်တဲ့ကာလဆိုရင် ခေတ္တနားထားတယ်။ အဲ့တာမျိုး နှင့် ကျမတို့က သင်တန်းတွေ ဖွင့် ၊ ပြည်သူတွေကြားမှာ ဟောပြောပွဲတွေ ၊ လက်ကမ်းစာစောင်ဝေဌာတာ ၊ ဇာတ်တိုက်လေ့ကျင့်ခန်းတွေ လုပ်တယ်။

အဓိက ကတော့ အသိပညာပေး ၊ ထောက်ပံ့နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်တယ်။ ကျမတို့ ရုံးတွေရှိတဲ့ နေရာတွေမှ ပစ္စည်းသိုလှောင်ရုံ အကုန်ရှိတယ်။ အဲ့မှာ ပစ္စည်းတွေ အဆင်သင့် ရှိဖို့ အကုန်လုပ်တယ်။ တခြားလုပ်ငန်းတွေကတော့ ကျမတို့ ဝန်ကြီးဌာနက သက်ဆိုင်ရာဌာနတွေနဲ့ အကုန်ပူးပေါင်းဆောင်ရွက်တယ်။

ဒါပေမဲ့ သဘာဝဘေးအန္တရာယ်ကြောင့် မမျှော်လင့်ဘဲ ဖြစ်လာခဲ့ရင် ကျမတို့မှာ အမျိုးသားသဘာဝဘေး ရန်ပုံငွေ ဆိုတာ ရှိတယ်။ ဒီရန်ပုံငွေကနေ ထောက်ပံ့မှုတွေ လုပ်ပေးတယ်။ ညှိနှိုင်းဆောင်ရွက်ရမယ့် ဝန်ကြီးဌာနအချင်းချင်း ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရချင်း ညှိနှိုင်းဆောင်ရွက်မှုအပိုင်း ၊ ထောက်ပံ့မှုတွေ လုပ်နိုင်ဖို့ ကျမတို့က ညှိနှိုင်းဆောင်ရွက်တဲ့ အပိုင်းမှာပါဝင်ပြီး ဆောင်ရွက်တယ်။ တစ်ခါတစ်လေ့ ကျမတို့ ဝန်ကြီးဌာနတွေက ဘတ်ဂျက်တွေ ထောက်ပံ့ပေးတာ ရှိတယ်။

ပြီးခဲ့တဲ့ နှစ်က ရေကြီးမှုကြောင့် လယ်ယာမြေတွေ ပျက်ဆီးသွားတာတွေ အမျိုးသားသဘာဝ ရန်ပုံငွေကနေ လယ်ယာမြေတွေပြန်လည်ဖော် ၊ စိုက်ပျိုးနိုင်ဖို့ လုပ်ပေးတယ်။ ရေဘေး ကြိုတင်ကာကွယ်ရေးကတော့ ကျမတို့ ဝန်ကြီးဌာနတစ်ခုတည်းမဟုတ်ဘဲ တခြားဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတွေကလည်း အများကြီး ပါဝင်တယ်။

မေး။ ။ လက်ရှိဖြစ်ပေါ်နေတဲ့ ရေဘေးအန္တရာယ်အပေါ် ပြည်သူတွေကို အသိပညာပေး ပြောပြပေးချင်တာ ဘာရှိလဲ။

ဖြေ။ ။ အခုကတော့ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံက ရေဘေးကို ကြုံတွေ့နေရတယ်။ သက်ဆိုင်ရာဌာနတွေ ၊ တာဝန်ရှိသူတွေကလည်း ကိုယ်ဒေသမှ ဖြစ်တဲ့ ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ဒီနှစ် ဒီလိုဖြစ်ခဲ့တော့ နောက်နှစ်ကျရင်ဖြစ်နေရင် ထိခိုက်ဒဏ်ရာရ လွတ်ကင်းအောင် အကုန်လုံးတော့ လုပ်နေကြတယ်။ ကိုယ် စွမ်းဆောင်ရည် ၊ နည်းပညာ ၊ရှိသမျှ အကုန်လုံး လုပ်နေတယ်။ ဌာနဆိုင်ရာတွေကလည်း လုပ်နေသလို တစ်ကယ်ဘေးအန္တရာယ် ကြုံလာရင်တော့ တစ်ကယ်ဒေသမှာ ရှိတဲ့ ပြည်သူကပဲ ကြုံရတာ။ ပြည်သူတွေအနေနဲ့ ဖြစ်တဲ့အချိန် ကိုယ့်ကိုကိုယ် အရင်ဆုံး ကာကွယ်ဖို့အတွက် အသိပညာ ၊ ဗဟုသုတ ရှိရမယ်။

ဒီလိုအချိန်ဆိုရင် ရေဘေးအန္တရာယ် ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေက ထုတ်ပြန်တဲ့ မိုးလေဝသသတင်းအချက်အလက် ၊ သတိပေးချက်တွေ ၊ ပညာရှင်တွေ ပြောတဲ့ သုံးသပ်ချက်အချက်အလက်တွေကို အမြဲတမ်း နားစွင့်နေဖို့ ၊ လေ့လာနေဖို့ လိုအပ်တယ်။ ရေဘေးနှင့် ပတ်သတ်ရင် တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းတွေလည်း ဆောင်ထားဖို့ လိုအပ်တယ်။ တချို့နေရာတွေဆိုရင် အမြဲတမ်း ရေကြီးရင် အိမ်တွေမှ လှေတွေဆောင်ထားတွေ ရှိတယ်။

တချို့ကျတော့ နှစ်တိုင်း မဖြစ်ဘူး ရုတ်တရက် ဖြစ်လာချေရှိတဲ့ သတင်းအချက်အလက်အရ ကိုယ်ဘာသာပြင်ဆင်ထားဖို့ လုပ်နိုင်တယ်။ ကိုယ်တိုင်လည်း သဘာဝဘေး နှင့် ပတ်သက်ပြီး အသိပညာလေးတွေ ရှိဖို့ ၊ သူသိထားတဲ့ အရာတွေ မျှဝေဖို့ လိုအပ်တယ်။

ရာသီဥတုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနက ထုတ်ပြန်တဲ့ သုံးသပ်ချက်တွေကို နားထောင်ဖို့ ၊လေ့လာဖို့ လိုပါတယ်။ နှစ်ဖက်ပေါ့ ၊ ကြိုတင်ကာကွယ်ရေးကို သက်ဆိုင်ရာဌာနက လုပ်သလို ပြည်သူတွေကလည်း တကယ်ရင်ဆိုင်တဲ့အခါ ရင်ဆိုင်နိုင်ဖို့ ၊ ရင်ဆိုင်တတ်ဖို့ လိုအပ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts