All News Local News Peace

နမ့်ခမ်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲပြင်းထန်၊ ကျေးရွာများအတွင်းသို့ ကျည်များကျနေ

နမ့်ခမ်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲပြင်းထန်၊ ကျေးရွာများအတွင်းသို့ ကျည်များကျနေ

ရန်ကုန်၊ သြဂုတ် ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ၊ ကောင်းဝိုင်းကျေးရွာ နှင့် အွယ်လောကျေးရွာအကြားရှိ တောင်ကုန်းပေါ်တွင် တပ်မတော် နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ တို့အကြား ယနေ့ နံနက် ၉ နာရီအချိန်ခွဲမှစတင်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ကောင်းဝိုင်းကျေးရွာသားတွေအချို့ အနီးအနားရှိ ဘုန်းတော်ကြီးကျောင်းများတွင် ထွက်ပြေး ခိုလှုံနေရကြောင်း ၊ တိုက်ပွဲဖြစ်ပွားနေသည့် အနီးအနားရှိ စာသင်ကျောင်းများပါ ပိတ်ထားရကြောင်း သိရသည်။

“အခြေအနေကတော့ တိုက်ပွဲဖြစ်တဲ့ နေရာက ရွာနဲ့ သိပ်မဝေးဘူး။ အနီးကပ်မှ ဖြစ်နေတယ်။ ပြီးတော့ မြို့သွားတဲ့ လမ်းဖြစ်တော့ အခုလောလောဆယ် ကျောင်းမှာ ဒေသခံ ၅၀ ၊ ၆၀ က ကျောင်းမှာ လူစုထားတယ်။ ကျန်တဲ့လူတွေကလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်။ တိုက်ပွဲအတွင်းမှာ ထိခိုက်မှုအခြေအနေတော့ မသိရသေးဘူး။ ဒါပေမဲ့ လက်နက်ကြီးတွေ ရွာပတ်ပတ်လည် ကျနေတာ အများကြီး ၊ အခုလောလောဆယ်တော့ တစ်ဖက်နဲ့ တစ်ဖက် ခဏ နားနေတယ်။ နားနေပေမဲ့ တိုက်ပွဲက မပြီးသေးဘူး။ တပ်မတော်က စစ်ကူတွေ တက်လာတယ်။ မဟာမိတ်သုံးဖွဲ့က ဒီမှာအရန်သင့် ရှိနေတယ်။ အခုလောလောဆယ် ပြောရရင် နှစ်ဖက်စလုံးက အင်အား များနေ တယ်။ တစ်ခါတစ်လေ့ ကျည်ဆံအသေးတွေ ကျောင်းတိုက်ဘက် ကျလာတာ ရှိတယ်။ ရွာထဲကို မကျသေးဘူး။ ရွာဘေးနားတော့ ကျနေတယ်။ ဒီဘက်မှ တိုက်ပွဲဖြစ်လို့ ကျောင်းတွေ ပိတ်ထားရတယ်” ဟု ကောင်းဝိုင်းကျေးရွာ ဆရာတော်က မိန့်ဆိုသည်။

နမ့်ခမ်းမြို့နယ် ၊ ကောင်းဝိုင်းကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော် ၊ အိမ်ထောင်စု လူဦးရေ ၁၅၀၀ ကျော်ရှိပြီး လက်ရှိတိုက်ပွဲဖြစ်နေသည့် နေရာ နှင့် ကီလိုမီတာ ၃၀၀ ကျော်ခန့် ကွာဝေးနေကြောင်း သိရသည်။

သြဂုတ် ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ သိန်းနီ၊ လားရှိုးမြို့နယ်များတွင် ဒေသခံ ၂ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

Photo Credit – Sai Sai Han Herk

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com