Local News political news

ဒုသမ္မတ ဦးမြင့်ဆွေ၊ တပ်ချုပ်၊ ဦးပိုင်၊ MEC နှင့် ခရိုနီများကို ရာဇဝတ်မှုဖြင့် စစ်ဆေးရန် ကုလသမဂ္ဂတောင်းဆို

ဒုသမ္မတ ဦးမြင့်ဆွေ၊ တပ်ချုပ်၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးထွန်းမြင့်နိုင်၊ ဦးချစ်ခိုင်၊ ဦးတေဇ၊ ဦးကျော်ဝင်း ၊ ဦးအောင်သောင်း၏ သားများ ၊ ဦးပိုင်၊ MEC၊ CB ဘဏ် တို့ကို ရာဇဝတ်မှုဖြင့် စစ်ဆေးရန် ကုလသမဂ္ဂတောင်းဆို

ရန်ကုန်၊ သြဂုတ် ၅

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူနည်းစု မွတ်စလင်များအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သော တပ်မတော်ကို လှူဒါန်းထောက်ပံ့ခဲ့ကြသည့် ဒုတိယသမ္မတဦးမြင့်ဆွေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မိသားစု၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးထွန်းမြင့်နိုင်၊ ဦးချစ်ခိုင်၊ ဦးတေဇ ၊ ဦးအောင်သောင်း၏ သားများ အပါအဝင် ခရိုနီကုမ္ပဏီများ၊ ဦးပိုင်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို ရာဇဝတ်မှုဖြင့် စစ်ဆေးရန် ကုလသမဂ္ဂက တောင်းဆိုလိုက်သည်။

သြဂုတ်လ ၅ ရက်နေ့ ထုတ်ပြန်လိုက်သောကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာတွင် ဒုတိယသမ္မတဦးမြင့်ဆွေ၊ တပ်ချုပ်မိသားစု၊ ဦးဇော်ဇော်ပိုင် မက်စ်မြန်မာ၊ ဦးအောင်ကိုဝင်းပိုင် KBZ ၊ ဦးထွန်းမြင့်နိုင်ပိုင် Asia World ၊ ဦးချစ်ခိုင်ပိုင် ဧဒင်ကုမ္ပဏီ၊ ဦးတေဇပိုင် ထူးကုမ္ပဏီ၊ ဦးအောင်သောင်း၏သားများ ပိုင်ဆိုင်သော IGE ၊ ဦးခင်မောင်အေး၏ CB ဘဏ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သော Sky One Construction ၊ ချွေးမဖြစ်သူ မမျိုးရတနာထိုက် ပိုင်ဆိုင်သော အောင်မြင်သူ အုပ်စုကုမ္ပဏီ အပါအဝင် ခရိုနီစီးပွားရေးကုမ္ပဏီများကို လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သော တပ်မတော်သို့ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ထောက်ပံ့လှူဒါန်းမှုအတွက် ရာဇဝတ်မှုဖြင့် အရေးယူပေးရန် တောင်းဆိုထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်၏ ရှင်းလင်းစစ်ဆင်ရေးအတွက် ထောက်ပံ့ရန် ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ကုမ္ပဏီ အဖွဲ့အစည်းပေါင်း ၄၅ ခုက အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ သန်းတန် ငွေကြေးများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ဖော်ပြထားသည်။

ငွေလှူဒါန်းမှုများသည် လူသားတမျိုးနွယ်လုံးအပေါ် သက်ရောက်သည့် ရာဇဝတ်မှုများ ဖြစ်သော အခြားလူမဆန်သည့် လုပ်ရပ်များနှင့် လူမျိုးခြား၊ ဘာသာခြားများကို ခွဲခြားနှိမ့်ချဆက်ဆံမှုတို့ အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေလက်အောက်ရှိ ရာဇဝတ်မှုများ ကျူးလွန်မှုသို့ သိသိသာသာနှင့် တိုက်ရိုက်အလှူငွေ ပေးအပ်နိုင်ခဲ့သောကြောင့် အဆိုပါ ကုမ္ပဏီများ၏ အရာရှိများကို ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေးပေးရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

စစ်တပ်သို့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ထောက်ပံ့လှူဒါန်းရာတွင် ဦးဇော်ဇော်၏ မက်စ်မြန်မာ ဧရာဝတီဖောင်ဒေးရှင်းက နယ်စပ်ခြံစည်းရိုး ၂ မိုင် ကာရံခြင်းအတွက် ငွေကျပ်၁၂၆၇၆ သိန်း၊ ရွှေသံလွင် Sky Net ကုမ္ပဏီမှ လှူဒါန်းငွေကျပ်သိန်း ၁၀၀၀ အားလည်းကောင်း၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီးဒေါ်ခင်သက်ဌေးမိသားစုမှ လှူဒါန်းငွေကျပ် ၂၅ သိန်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိသားစုက သိန်း ၅၀ ကိုလည်းကောင်း လှူဒါန်းခဲ့သည်။

ဦးထွန်းမြင့်နိုင်၏ Asia World က ငွေသိန်း ၁၀၀၀ ကျပ်ကိုလည်းကောင်း၊ Htoo Group မှလှူဒါန်းငွေကျပ်သိန်း ၅၀၀၊ Amazing Group လှူဒါန်းငွေကျပ်သိန်း ၃၀၀၊ ကြယ်နီလာကုမ္ပဏီမှ ငွေကျပ်သိန်း ၅၀၀၊ အောင်မြင်သူ ကုမ္ပဏီမှလှူဒါန်းငွေကျပ်သိန်း ၃၀၀ လှူဒါန်းကြောင်း သိရှိရသည်။

Sky One, Lucky man ကုမ္ပဏီမှ လှူဒါန်းငွေကျပ်သိန်း ၃၀၀၊ Authentic Construction Co.Ltd ကလှူဒါန်းငွေကျပ်သိန်း ၃၀၀၊ KT Group မှ လှူဒါန်းငွေကျပ်သိန်း ၃၀၀၊ ဦးစိုင်းတစ်အောင်မှ လှူဒါန်းငွေကျပ်သိန်း ၁၀၀၊ တိုယိုထိုင်းပါဝါမြန်မာကုမ္ပဏီမှ လှူဒါန်းငွေကျပ် ၂၂ သိန်းနှင့် ဦးဝင်းထွန်း International Language & Business Center(ILBC) မှလှူဒါန်းငွေကျပ်သိန်း ၅၀၀ လှူဒါန်းကြောင်း သိရှိရသည်။

အလားတူ ဦးအောင်ကိုဝင်း၏ KBZ အုပ်စုက ငွေကျပ် ဘီလီယံ ၃ ဒသမ ၄၇ ၊ ဦးအောင်သောင်း၏သားများ ပိုင်ဆိုင်သော IGE ကုမ္ပဏီက သိန်း ၅၀၀ ကျပ်၊ ၊ ဦးခင်မောင်အေး၏ CB ဘဏ်က သိန်း ၅၀၀ ၊ ဦးချစ်ခိုင်၏ ဧဒင်ကုမ္ပဏီက သိန်း ၃၀၀ ကျပ် အသီးသီးလှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

အလားတူ ဦးပိုင်လက်အောက်ရှိ ကုမ္ပဏီများ၏ လှူဒါန်းမှု စုစုပေါင်းငွေကျပ်သိန်း ၂၆၅၁ ကျော်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက ငွေကျပ် ၁၈၂ သိန်း လည်းကောင်း လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

Photo Credit – MOI , Tamataw , AP , Asia Nikkei , GNLM , Agencies

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts