All News Local News

တောင်ကိုရီးယားတွင် မြေအောက် ရေပိုက်လိုင်းစစ်ဆေးစဉ် မြန်မာလုပ်သားကိုဇွဲလင်းမောင် ရေစီးဖြင့် မျောပါ ပျောက်ဆုံးနေ

တောင်ကိုရီးယားတွင် မြေအောက် ရေပိုက်လိုင်းစစ်ဆေးစဉ် မြန်မာလုပ်သားကိုဇွဲလင်းမောင် ရေစီးဖြင့် မျောပါ ပျောက်ဆုံးနေ

By ဇော်မင်း/ ရန်ကုန်ခေတ်သစ်

တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့၊ ယန်ချွန်းမြို့နယ် မုတ်ဒုန်အရပ်တွင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ မြန်မာလုပ်သား ကိုဇွဲလင်းမောင်သည် ယမန်နေ့က မြေအောက် ရေပိုက်လိုင်းစစ်ဆေးစဉ် ရေစီးဖြင့် မျောပါ ပျောက်ဆုံးနေကြောင်း သိရှိရသည်

ကိုဇွဲလင်းမောင်နှင့် ကိုရီးယားနိုင်ငံသား(၂)ဦးတို့သည် ဇူလိုင် ၃၁ ရက် မနက် ၇ နာရီ ၃၀ မိနစ်တွင် မြေအောက် မီတာ ၄၀ ရှိ ရေပိုက်အတွင်းစစ်ဆေးစဉ်၊ မြေအောက်ရေထိန်းတံခါးပွင့်သွားပြီး ရေစီးအတိုင်း မျောပါနှစ်မြုပ် ပျောက်ဆုံးနေခြင်းကို ညနေပိုင်းအထိ ကယ်ဆယ်ရေးပြုလုပ်နေဆဲဖြစ်ကြောင်း ကိုရီယားရှိ မြန်မာအလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းထင်ထံမှ သိရသည်။

လက်ရှိအချိန်အထိ ကိုရီယားနိုင်ငံသား၁ ဦး ဆယ်ယူရရှိခဲ့ပြီး ဆေးရုံတွင် ကွယ်လွန်ခဲ့ကြောင်း၊ မြန်မာလုပ်သား ကိုဇွဲလင်းမောင် နှင့် ကိုရီယားနိုင်ငံသား ၁ ဦးတို့အတွက် ကယ်ဆယ်ရေးအဖွဲ့ အင်အား ၁၇၀ ဦးဖြင့် ကယ်ဆယ်ရေးယာဉ် ၄၀ စီး၊ ရေပိုက်များနှင့်ရေများစုပ်ထုတ်ကာ ကယ်ဆယ်နေသော်လည်း အသက်ရှင်ရန်မျှော်လင့်ချက်မရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာသံရုံးအနေဖြင့် မြန်မာပြည်ရှိ ကိုဇွဲလင်းမောင်၏ မိဘများထံသို့ ဖုန်းဆက်အကြောင်း ကြားထားပြီး ကိုရီးယားနိုင်ငံသို့ လာရောက်နိုင်ရန် ဗီဇာကိစ္စများကို မြန်မာပြည်ရှိ ကိုရီယားသံရုံးနှင့် ချိတ်ဆက် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

“သူတို့(၃)ယောက်က ကျန်နေတာ၊ ကျန်တဲ့သူတွေက လွတ်တယ်၊ အသက်ရှင်ရန်ပြန်ရဖို့တော့ မျှော်လင့်ချက်မရှိတော့ပါဘူး၊ ကိုရီးယားတစ်ယောက်က Dead Body ပြန်တွေ့တယ်၊ ကိုရီယားတစ်ယောက်နဲ့ မြန်မာတစ်ယောက်ရဲ့ Dead Body တွေ့ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက ရာဘာလှေတွေနဲ့ရှာနေတယ်၊ သူ့မိသားစုတွေနဲ့ သူ့အဖေနဲ့ဖုန်းရတယ်၊ (၃)ယောက် လောက်လာမယ်ပြောတယ်၊ ပတ်စ်ပို့အမြန်ရဖို့ လုပ်ခိုင်ထားတယ်၊ ဆိုလ်းမြို့တော်က တာဝန်ရှိသူတွေကို ရန်ကုန်က ကိုရီယားသံရုံးကို အမြန်ဆုံးအကြောင်းကြားထားပေးဖို့ ဗီဇာလုပ်ပေးဖို့ ပြောထားတယ် ” ဟု မြန်မာအလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းထင် ကပြောသည်။

မြန်မာလုပ်သား ကိုဇွဲလင်းမောင်နှင့် ကိုရီယားနိုင်ငံသား ၂ဦးတို့သည် မြေအောက် မီတာ ၄၀ တွင် ရှိသော ရေပိုက်လိုင်းကို စစ်ဆေးရန်အတွက် ဆင်းသွားခဲ့စဉ်၊ မိုးများအဆက်မပြတ်ရွာသွန်း သည့်အတွက် ရေထိန်းတံခါးပွင့်သွားပြီး မျောပါနစ်မြုပ်ခဲ့ကြောင်း၊ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ပြန်တက်မလာသည့် အတွက် အရေးပေါ်ကယ်ဆယ်ရေး ၁၁၉ သို့ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြေအောက် ရေပိုက်လိုင်းအတွင်း ဖွင့်ပိတ်လုပ်တဲ့ ရေတံခါးတွေဟာ ရေတွေများလာမယ်ဆိုရင် အလို လို ဖွင့်ချပေးတဲ့ စနစ်တွေနဲ့ပြုလုပ်ထားတာပါ၊ မနက်က မိုးကရုတ်တရက်ရွာလိုက်တဲ့အတွက် မိုးရေတွေက ပြည့်လာလို့ တံခါးက အလိုအလျောက် ပွင့်သွားပြီး အလုပ်သမားတွေ ရေနစ်မြုပ်ခံလိုက်ရတာပါ”ဟု တာဝန်ရှိသူက ပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင် ပျောက်ဆုံးနေသူ မြန်မာလူမျိုး ကိုဇွဲလင်းမောင်သည် ဆောက်လုပ်ရေးလုပ်သားအဖြစ် လုပ်ကိုင်ဆောင်ရွက်နေပြီး မကွေးတိုင်း ရေစကြိုမြို့နယ်မှ လာရောက်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts