All News Local News

တာဝန်ခံမှုအရ စက်မှုဝန်ကြီး ဦးခင်မောင်ချို နုတ်ထွက်ဟုဆို၊ လျှပ်စစ်ဝန်ကြီးနှင့်ဒုဝန်ကြီးကို အဂတိကော်မရှင် စစ်ဆေးမှု အစိုးရဝင်မစွက်

တာဝန်ခံမှုအရ စက်မှုဝန်ကြီး ဦးခင်မောင်ချို နုတ်ထွက်ဟုဆို၊ လျှပ်စစ်ဝန်ကြီးနှင့်ဒုဝန်ကြီးကို အဂတိကော်မရှင် စစ်ဆေးမှု အစိုးရဝင်မစွက်

နေပြည်တော်၊ သြဂုတ် ၂

ရုံးပိုင်းဆိုင်ရာလုပ်ထုံးလုပ်နည်းလွဲမှားခြင်းများကြောင့် စက်မှုဝန်ကြီး ဦးခင်မောင်ချိုသည် တာဝန်ယူမှုတာဝန်ခံမှုအရ နှုတ်ထွက်စာတင်ရခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောခွင့်ရဦးဇော်ေ ဌးက ပြောသည်။

ယနေ့ နေပြည်တော်တွင်ပြုလုပ်နေသည့် Press Briefing တွင် ၎င်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးခင်မောင်ချိုကိစ္စကို အစိုးရကကိုင်တွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကိုင်တွယ်ခြင်းမဟုတ်ကြောင်း၊ ဦးခင်မောင်ချိုနှင့်ပတ်သက်၍ တိုင်စာ သည် နိုင်ငံတော်သမ္မတထံသို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအတွက် နိုင်ငံတော်သမ္မတက ဝန်ကြီးအဆင့် ၃ ဦးပါသော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးစေခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

စုံစမ်းစစ်ဆေးချက်အရ ဦးခင်မောင်ချိုသည် ရုံးပိုင်းဆိုင်ရာလုပ်ထုံးလုပ်နည်းလွဲမှားကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် ၎င်း၏ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် နှုတ်ထွက်ခွင့်တင်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စက်မှုဝန်ကြီးဌာနကို စီမံဘဏ္ဍာ ဝန်ကြီး အား ပူးတွဲတာဝန်ယူရန်အစိုးရက တာဝန်ပေးထားလျက်ရှိသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ကြီး ၂ ဦးနှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းနေမှုအပိုင်းကိုမူ အစိုးရက ဝင်ရောက်စွက်ဖက်ခြင်းတစ်စုံတစ်ရာပြုလုပ်မည်မဟုတ်ကြောင်း၊ ယင်းအတွက် အဆိုပါကိစ္စနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကသာ လုပ်ငန်းပြီးစီးလျှင် သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts