China Watch Editorial political news

တရုတ်အာဏာရှင်စနစ်ကို တော်လှန်သော ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားမှုကို မြန်မာလူထုနှင့်အစိုးရက ထောက်ခံရန် အရေးကြီးသည်

အယ်ဒီတာ့အာဘော်

တရုတ်အာဏာရှင်စနစ်ကို တော်လှန်သော ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားမှုကို မြန်မာလူထုနှင့်အစိုးရက ထောက်ခံရန် အရေးကြီးသည်

ဟောင်ကောင်တွင် ဖြစ်ပွားနေသော ဒီမိုကရေစီ အရေးလှုပ်ရှားမှုသည် သီတင်းပတ် ၁၀ ပတ်ကျော် ကြာမြင့်လာပြီး တရုတ်ပြည်မကြီးအစိုးရက စစ်တပ်သုံးပြီး အင်အားသုံးဖြေရှင်းမည့် အရိပ်လက္ခဏာများ ပြလာနေပြီဖြစ်သည်။ တရုတ်အစိုးရ အာဘော် Global Times သတင်းစာက စစ်ကားများ တရုတ်နှင့်ဟောင်ကောင် နယ်စပ်သို့ ရောက်ရှိလာပုံကိုပြသခြင်း၊ အကြမ်းဖက်နှိမ်နင်းသည့် သင်တန်းရုပ်သံဖိုင်များကို ပြသနေသည်။

အမှန်တကယ် ဟောင်ကောင်၏ ဒီမိုကရေစီ လှုပ်ရှားမှု အရေးတော်ပုံသည် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု အရေးတော်ပုံများနှင့် နေရာတော်တော်များများတွင် သွားရောက် တူညီနေသည်။ ဗြိတိသျှ ကိုလိုနီ လက်အောင်တွင် နှစ်ပေါင်း ၁၅၀ နေခဲ့ရသော ဟောင်ကောင်သည် ၁၉၉၇ ခုနှစ်တွင် ဗြိတိသျှက တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ သို့ရာတွင် ပြန်လည်လွှဲပြောင်းချိန်တွင် ကတိကဝတ်များစွာရှိခဲ့ပြီး နှစ်ပေါင်း ၅၀ ဗြိတိသျှတို့ ပြဋ္ဌာန်းကျင့်သုံးခဲ့သော ဥပဒေနှင့် ဒီမိုကရေစီ အခွင့်အရေးများကို တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုပါ ဆိုသော ကတိကဝတ်များပင်ဖြစ်သည်။

ဟောင်ကောင်၏ အခြေခံဥပဒေတွင် ဒီမိုကရေစီ အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဆန္ဒပြပိုင်ခွင့် အပါအဝင် ဒီမိုကရေစီ အခွင့်အရေးများကို အာမခံထားသည်။ ယင်းဟောင်ကောင် အြခေခံဥပဒေကို တရုတ်ကို လွှဲပြောင်းပေးပြီးနောက် နှစ်ပေါင်း ၅၀ အတွင်း ဝင်ရောက်စွက်ဖက်ခြင်းမပြုပါဟု အတိအလင်းကတိပြုမှုပင်ဖြစ်သည်။

ဗြိတိသျှက ဟောင်ကောင်ကျွန်းကို တရုတ်ထံ လွှဲပြောင်းပေးပြီးနောက် တရုတ်အာဏာပိုင်များက ဟောင်ကောင်ကို “One Country , Two Systems ” ဖြင့် အုပ်ချုပ်မည်ဖြစ်ပြီး ဟောင်ကောင်အနေဖြင့် ၎င်း၏ စီးပွားရေး၊ နိုင်ငံရေး ကိုယ်ပိုင်ပတ်ဝန်းကျင်ကို သက္ကရာဇ် ၂၀၄၇ ခုနှစ်အထိ နှစ်ပေါင်း ၅၀ အထိ လွတ်လပ်စွာ ကျင့်သုံးခွင့်ရရှိမည်ဖြစ်သည်။

သို့ရာတွင် တရုတ်ပြည်မအစိုးရသည် ကတိမတည်မှုများစွာကို ပြုလာခဲ့ကြပြီး ဟောင်ကောင် ဒီမိုကရေစီ လှုပ်ရှားမှုများကလည်း ပုံစံအမျိုးမျိုးဖြင့် ထွက်ပေါ်လာခဲ့သည်။ တက်သစ်စ ဒီမိုကရက်တစ် လူငယ် ခေါင်းဆောင်များလည်း ပေါ်ထွန်းလာသည်။ အဓိကအားဖြင့် ဟောင်ကောင်၏ ဒီမိုကရေစီ အရေး လှုပ်ရှားမှုများတွင် ဦးဆောင်ကြသူများမှာ ကျောင်းသားများနှင့် လူငယ်များဖြစ်နေခြင်းပင်ဖြစ်သည်။

ဟောင်ကောင်အစိုးရနှင့် လွှတ်တော်ဆိုသည်မှာလည်း လုံး၀ ဒီမိုကရေစီဆန်သော လွှတ်တော်နှင့် အစိုးရမဟုတ်ပေ။ ဟောင်ကောင်တွင် အမတ်နေရာ ၄၃ ရာခိုင်နှုန်းကို ပြည်သူလူထုက ရွေးချယ်ခြင်းမဟုတ်သော ခန့်အပ်ခံ မိုးကျရွှေကိုယ်များဖြစ်သည်။ အမတ်နေရာ ၇၀ ရှိသည့်အနက် ပြည်သူလူထုက ၄၀ ကိုသာ ရွေးချယ်နိုင်ပြီး ၃၀ မှာ ခန့်အပ်ခံများဖြစ်သည်။

ဟောင်ကောင် အုပ်ချုပ်ရေးမှူးသည်လည်း လူဦးရေ ၁၂၀၀ ပါဝင်သော ရွေးကောက်ပွဲကော်မရှင်က ရွေးချယ်ခြင်းဖြစ်ပြီး ပြည်သူလူထုက တိုက်ရိုက် တင်မြှောက်ခြင်းမဟုတ်ပေ။ ထို့ကြောင့် လွှတ်တော်နှင့် အစိုးရဆိုသည်မှာလည်း လူထု၏ အသံကို ကိုယ်စားမပြုဟုဆိုရပေမည်။ ဟောင်ကောင်သည် ပြည်မကြီး၏ အုပ်ချုပ်မှုအောက်တွင် အကန့်အသတ်များဖြင့် ရပ်တည်နေရပြီး ဒီမိုကရေစီ ဆိတ်သုန်းရေး ဦးတည်လျက်ရှိသည်ကို ဟောင်ကောင် ပြည်သူများက သဘောပေါက်ကြသည်။

၂၀၁၉ ခုနှစ် ဟောင်ကောင်အစိုးရသည် သံသယတရားခံ လွှဲပြောင်းနိုင်သော ဥပဒေကြမ်းတစ်ရပ်ကို တင်သွင်းရန်ပြင်ဆင်လာသည်။ အမှုအခင်းများနှင့်ဆက်စပ်သော သံသယတရားခံများကို တရုတ်ပြည်မကြီးသို့ လွှဲပြောင်းနိုင်သော အဆိုပါ ဥပဒေကြမ်းကြောင့် ဟောင်ကောင်ဒီမိုကရေစီအရေး စိတ်ပူအားလုံး ပြည်သူ သန်းချီ လမ်းမပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်။

အာဏာရှင်များသည် နိုင်ငံရေး ရည်မှန်းချက်ပါသော ဥပဒေများကို ပြဋ္ဌာန်းခြင်းဖြင့် လွတ်လပ်ခွင့်များကို ထိန်းချုပ်လေ့ရှိရာ တရုတ်ပြည်မကြီး၏ အာဏာသက်ရောက်မှု သြဇာ မကင်းသော ဟောင်ကောင်အစိုးရသည် သံသယတရားခံ လွှဲပြောင်းနိုင်သော ဥပဒေကြမ်း ပြဋ္ဌာန်းရန် ကြိုးပမ်းခြင်းဖြင့် လူထုကို စတင်စိန်ခေါ်လိုက်သည်။ ယင်းဥပဒေပြဋ္ဌာန်းလိုက်ပါက နိုင်ငံရေးလှုပ်ရှားသူများကို ပုဒ်မအမျိုးမျိုးတပ်၍ တရုတ်ပြည်မကြီးသို့ လွှဲပြောင်း အရေးယူနိုင်မည့် အခွင့်အရေး ရှိလာမည်လာလည်း အသေအချာဖြစ်သည်။

ဇွန်လမှစတင်ပြီး သန်းနှင့်ချီသော ပြည်သူများက လမ်းမများပေါ်တွင် လှည့်လည်ဆန္ဒပြခဲ့ကြသည်။ ရဲများက အကြမ်းဖက်နှိမ်နင်းသော်လည်း ဦးဆောင်သော ကျောင်းသားများ၊ လူငယ်များ၏ စုစည်းမှုကြောင့် ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားမှုများက အရှိန် မလျှော့ဘဲ ဆက်လက်မြင့်တက်နေသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရ ကျင့်သုံးသည့် နည်းလမ်းများအတိုင်း ဟောင်ကောင်တွင်လည်း ရှပ်ဖြူ စွမ်းအားရှင် အကြမ်းလူဆိုးအုပ်စုများ ပေါ်ပေါက်လာပြီး ဆန္ဒပြသူများနှင့် ပြည်သူများကို အကြမ်းဖက် ရိုက်နှက်မှုများ လုပ်ဆောင်စေမှုများ ရှိလာသည်။ ရဲများက ရှပ်ဖြူ စွမ်းအားရှင်များကို အရေးမယူသည့်အပြင် ရိုက်နှက်မှုများကိုလည်း မျက်စိစုံမှိတ်ထားခဲ့ကြသည်။

ယခုနောက်ဆုံး ဟောင်ကောင်နှင့် နယ်စပ်နေရာများတွင် စစ်ကားများ ချထားပြီး အကြမ်းဖက်နှိမ်နင်းမည့် အခြေအနေများ ရှိနေရာ ဟောင်ကောင် ဒီမိုကရေစီ လှုပ်ရှားမှုကို မြန်မာပြည်သူလူထုများနှင့် အစိုးရက ထောက်ခံ ကြောင်းပြသရန် အလွန်အရေးကြီးသည်။

မြန်မာနိုင်ငံသည်လည်း ဟောင်ကောင်လူထု ကြုံတွေ့ခဲ့ရသော အခြေအနေများ ကြုံတွေ့ရပြီး နောက်ဆုံးတွင် အာဏာရှင်ကို လူထုအုံကြွမှုဖြင့် တွန်းလှန်ခဲ့သော သမိုင်းဖြစ်စဉ်များကို ဖြတ်ကျော်ခဲ့ရပြီး ဖြစ်သည်။ လူငယ်နှင့်ကျောင်းသားများ ဦးဆောင်သော ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားမှုသည် မြန်မာနိုင်ငံတွင် ကျောင်းသားလူငယ်များ ဦးဆောင်ပြီး ပြည်သူလူထု အားလုံးပါဝင်ခဲ့သော ရှစ်လေးလုံး အရေးတော်ပုံနှင့် များစွာ တူညီနေသည်။

ဒီမိုကရေစီ ခရီးလမ်းကို ဖြတ်သန်းခဲ့ကြသူချင်းအတူတူ ဟောင်ကောင်ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှု အောင်မြင်မှုသည် ဒီမိုကရေစီကူးပြောင်းနေသော နိုင်ငံများအတွက် အင်အားတစ်ရပ် သမိုင်းဖြစ်စဉ်တစ်ရပ် သင်ခန်းစာတစ်ရပ် ဖြစ်လာမည်ဖြစ်ရာ မြန်မာပြည်သူလူထုနှင့် မြန်မာအစိုးရက ဟောင်ကောင်ပြည်သူများနှင့် တစ်သားတည်း ရပ်တည်၍ ဒီမိုကရေစီအရေး ထောက်ခံရမည့် အရေးကြီးအချိန် ရောက်ရှိနေပြီဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်က မီးမောင်းထိုးပြလိုက်ပါသည်။

ဓာတ်ပုံ- ပုံ ၁ – ဟောင်ကောင်ဒီမိုကရေစီ လွတ်လပ်ခွင့်ပေးရန် တောင်းဆိုစဉ်။

ပုံ ၂ – ပြည်သူ သန်းချီ ပါဝင်သော ဟောင်ကောင်ဒီမိုကရေစီ အရေး လှုပ်ရှားမှု။

ပုံ ၃ – ဟောင်ကောင် ဆန္ဒပြသူတချို့က တရုတ်အလံကို ရေထဲ လွှင့်ပစ်ခဲ့ကြသည်။

Photo Credit-Getty Image, AP ,Agencies

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com