All News Local News

တမန်တော်မိုဟာမက်ကို အကြမ်းဖက်ဗုံးခွဲမည့်သူဟု ဆိုသော ဘူးလက်လှဆွေကို သာသနာညိုးနွမ်းစေမှုဖြင့် တရားစွဲမည်

တမန်တော်မိုဟာမက်ကို အကြမ်းဖက်ဗုံးခွဲမည့်သူဟု ဆိုသော ဘူးလက်လှဆွေကို သာသနာညိုးနွမ်းစေမှုဖြင့် တရားစွဲမည်

ရန်ကုန်၊ သြဂုတ် ၆

အစ္စလမ်ဘာသာဝင်များ၏ အထွဋ်အမြတ်ကိုးကွယ်ရာဖြစ်သော တမန်တော် မိုဟာမက်ကို အကြမ်းဖက် ဗုံးခွဲမည့်သူဟု ပြောဆိုခဲ့သော ဘူးလက်လှဆွေကို သာသနားညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအစ္စလမ်ဘာသာရေးအဖွဲ့မှ ဦးဇော်မင်းလတ်က ပြောဆိုသည်။

ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် သြဂုတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သော တပ်မတော်ခေါင်းဆောင်များကို အမေရိကန်ပိတ်ဆို့မှု ရှုတ်ချပွဲတွင် ဘူးလက်လှဆွေက အမေရိကန်သံရုံးသည် ဗုဒ္ဓပုံရိပ်တွင် မျက်နှာဖုံးတပ်ခဲ့သော်လည်း အစ္စလမ်ဘာသာကို မလုပ်ရဲကြောင်း၊ တမန်တော်မိုဟာမက်သည် အကြမ်းဖက် ဗုံးခွဲမည့်သူဖြစ်၍ ကြောက်လန့်၍ မလုပ်ရဲကြောင်း ပြောဆိုခဲ့သည်။

အစ္စလမ်ဘာသာဝင်တစ်ဦးဖြစ်သူ ဦးဆန်းအောင်က ဘူးလက် လှဆွေကို ယနေ့ မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့ထံတွင် သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့်ခဲ့သော်လည်း လက်မခံဘဲ ရဲတပ်ဖွဲ့က တရားရုံးဦးတိုက်လျှောက်ရန် ပြောဆိုခဲ့ကြောင်း၊ လတ်တလော တရားရုံးတွင် ဦးတိုက်တရားစွဲဆိုထားသော်လည်း တရားရုံးက လက်ခံ၊ မခံ ပြောဆိုခြင်းမရှိသေးကြောင်း သိရှိရသည်။

“သူက တမန်တော် မိုဟာမက် သာ ရှိခဲ့မယ်ဆိုရင် အခု ကျနော် အမေရိကန်သံရုံးကို အကြမ်းဖက်ပြီး ဗုံးခွဲမယ်ဆိုတဲ့ သတင်းက ကမ္ဘာပေါ်မှာ ဒုတိယလူဦးရေ အများဆုံး ဖြစ်တဲ့ အစ္စလာမ်ဘာသာဝင် တွေရဲ့ အမြတ်တနိုးထားတဲ့ တမန်တော်ကို အကြမ်းဖက်တယ် ၊ ဗုံးခွဲတယ် ပြောခြင်းက အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့ စိတ်ညှိးငယ်မှု ဖြစ်ရပါတယ်။ ဒီအချက်ကြောင့် တရားစွဲဆိုဖို့ ဆောင်ရွက်ရတာပါ” ဟု ဦးဆန်းအောင်က ပြောသည်။

ဦးလှဆွေသည် မွတ်စလင်များနှင့် အစ္စလမ်ဘာသာဝင်များကို စော်ကားကြောင်း ၎င်းက ဆိုသည်။

“ဘာသာတရားတစ်ခုရဲ့ တမန်တော်ကို စော်ကားတာက ဘာသာတရားတစ်ခုကို စော်ကားတယ်လို့ မြင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ချိုးဖောက်တယ်လို့ မြင်တယ်လေ။ ဒါကြောင့်ကိုယ်မှာ ရှိတဲ့ အခွင့်အရေးအရ ၊ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့ တရားစွဲဆိုဖို့ Rights ရှိတာကြောင့် တရားစွဲဆိုတာပါ။ တခြား သူ့ကို အာဃာတ မရှိဘူး ၊ ကိုယ်နဲ့ လည်း စကားလည်း မပြောဖူးဘူး။ သိလည်း မသိဘူး။ သူက ဒီလိုလုပ်တဲ့အတွက် တရားရုံးက သူ အပြစ်ရှိကြောင်း ပြစ်ဒဏ်တစ်ခု ချလိုက်ရင်တော့ ဒါမျိုး ဖြစ်ရင် လုံလောက်ပြီ” ဟု ဦဆန်းအောင်က ဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကမူ ဘာသာတစ်ခုကို စော်ကားခြင်းသည် ပုဒ်မ ၂၉၅ မြောက်ပြီး ရဲအရေးပိုင်သော အမှုဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့က အမှုပေးမဖွင့်ပါက တရားရုံး ဦးတိုက်လျှောက်ထားနိုင်ကြောင်း ပြောဆိုသည်။

လတ်တလော ဘူးလက်ဦးလှဆွေကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း ပုဒ်မ ၂၉၅ဖြင့် အမှုဖွင့်ပြင်ဆင်နေကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts