All News Local News Peace

တပ်မတော်က ဖမ်းဆီးထားသော မီးဝကျေးရွာသား ၂ ဦးကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်

တပ်မတော်က ဖမ်းဆီးထားသော မီးဝကျေးရွာသား ၂ ဦးကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်

ရန်ကုန်၊ သြဂုတ် ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာမှ ဦးထွန်းထွန်းလင်းနှင့် ဦးဇော်ဇော်တို့ကို တပ်မတော်က ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ကျောက်တော်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်လိုက်ကြောင်း သိရှိရသည်။

တပ်မတော်က သြဂုတ်လ ၁၁ ရက်နေ့တွင် ဦးထွန်းထွန်းလင်းနှင့် ဦးဇော်ဇော်တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၁၆ ရက်နေ့ ညပိုင်းတွင် ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ လွှဲပြောင်းကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း၊ ယနေ့တွင် ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ် ချုပ်ရက်ရမန်ယူကြောင်း သိရှိရသည်။

ဦးထွန်းထွန်းလင်း၏ဇနီးဖြစ်သူ ဒေါ်ခိုင်သန်းနုက “ကျမယောကျ်ားမှာ ဘာမှအပြစ်မရှိပါဘူး။ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့သူပါ။ ဟုတ်မဟုတ်ကို တစ်ရွာလုံးအသိဆုံးပါ။ အပြစ်မရှိတဲ့သူကို အမြန်ဆုံးလွှတ်ပေးစေချင်တယ်”ဟုပြောဆိုသည်။

ဆယ်အိမ်မှူးတစ်ဦးလည်းဖြစ်၊ ကျောင်းကော်မတီဝင်တစ်ဦးလည်းဖြစ်သူ ဦးထွန်းထွန်းလင်း ဖမ်းဆီးခံရပြီး အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရမှုအပေါ် စိတ်မကောင်းဖြစ်မိဟု ကျေးရွာ ရပ်မိရပ်ဖများကလည်း ပြောဆိုသည်။

ဦးထွန်းထွန်းလင်းသည် သြဂုတ်လ ၁၁ ရက်နေ့က ညနေ ၆ နာရီခန့်တွင် လိပ်ခေါင်းကျေးရွာတွင်နေထိုင်သူ ဦးနိုင်ဝင်းက ချောင်းတဖက်ကမ်းကို ပို့ဆောင်ရန် ပြောကြားလာကြောင်း၊ ဦးနိုင်ဝင်း ဦးဇော်ဇော်တို့ကို ဟွန်ဒါစက်လှေဖြင့်သွားရောက်ပို့ဆောင်ခဲ့စဉ် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ဦးနိုင်ဝင်းမှာ ထွက်ပြေးလွှတ်မြောက်သွားကြောင်း၊ ဦးထွန်းထွန်းလင်းနှင့်ဦးဇော်ဇော်တို့ ၂ ဦးတို့မှာမူ တပ်မတော်၏ ဖမ်းဆီးခံလိုက်ရပြီးနောက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

Photo Credit – Narinjara

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts