All News Local News Peace

တပ်မတော်က ဖမ်းဆီးထားသော ရခိုင်အမျိုးသား ၂ ဦး အပြစ်မရှိဟု မိသားစုနှင့်ရပ်မိရပ်ဖများ ပြောဆိုသော်လည်း စစ်တပ်က ပြန်မလွှတ်

တပ်မတော်က ဖမ်းဆီးထားသော ရခိုင်အမျိုးသား ၂ ဦး အပြစ်မရှိဟု မိသားစုနှင့်ရပ်မိရပ်ဖများ ပြောဆိုသော်လည်း စစ်တပ်က ပြန်မလွှတ်

By ကျော်လှမြင့်/ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မီးဝ ကျေးရွာမှ ဦးထွန်းထွန်းလင်းနှင့် ဦးဇော်ဇော် ဆိုသူတို့ကို သြဂုတ် ၁၁ ရက်နေ့က တပ်မတော်က ဖမ်းဆီးလိုက်ပြီး ဖမ်းဆီးခံရသော အမျိုးသား ၂ ဦးသည် ရိုးရိုးသားသားလုပ်ကိုင်စားသောက်ခြင်းဖြစ်ပြီး အပြစ်တစ်စုံတစ်ရာ ကျူးလွန်ခြင်းမရှိကြောင်း မိသားစုနှင့် ရပ်မိရပ်ဖများက ပြောဆိုလိုက်သည်။

အသက် ၃၅ နှစ်အရွယ် ဦးထွန်းထွန်းလင်းနှင့် အသက် ၃၀ အရွယ် ဦးဇော်ဇော်တို့သည် သြဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသူ ဦးထွန်းထွန်းလင်း၏ဇနီးဒေါ်ခိုင်သန်းနုက “သြဂုတ်လ ၁၁ ရက်နေ့ ညနေဖက်မှာ ကျမတို့အိမ်ကို ဦးနိုင်ဝင်း နဲ့အတူ ဦးဇော်ဇော်တို့ ရောက်လာခဲ့ပါတယ်။ ကျမတို့နဲ့ ရင်းနှီးတော ဟိုဖက်ကမ်းမှာ သူတို့ ဈေးဆိုင်ရောင်းတဲ့နေရာကို ခဏပို့ပေးပါ။ သူ့မိန်းမလည်း နေမကောင်းပါဆိုတော့ ကျမယောကျ်ားက ဟွန်ဒါစက်လှေနဲ့ ညနေ ၅း၃၀ နာရီမှာသူတို့ကို လိုက်ပို့တာပါ။ အဲဒါနဲ့ပြန် မရောက်တော့စုံစမ်းကြည့်တဲ့အချိန်မှာ တပ်မတော်က ဖမ်းဆီးထားတယ်ဆိုတာ သိရပါတယ်။ ကျမယောကျ်ားမှာ ဘာအပြစ်မှ မရှိပါဘူး။ ရိုးရိုးသားသား ကျေးရွာမှာ လုပ်ကိုင်စားသောက်နေတဲ့သူဖြစ်ပါတယ်”ဟု ပြောသည်။

ဖမ်းဆီးခံထားရသော ဦးထွန်းထွန်းလင်းသည် ဆယ်အိမ်မှူး ၁ ဦးဖြစ်ပြီး ကျေးရွာ နာရေးကူညီမှု အသင်းဝင်လည်းဖြစ်ကြောင်း၊ ရပ်ရွာအရေးကို တက်ကြွစွာ လှုပ်ရှားသူဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးခံထားရသည့် ဦးထွန်းထွန်းလင်းနှင့်အကိုတော်စပ်သူ ဦးသိန်းဝေအောင်က “ဦးထွန်းထွန်းဟာ ဆယ်အိမ်မှူး ၁ လည်းဖြစ်ပါတယ်။ ကျေးရွာနာရေးအသင်းဝင်လည်းဖြစ်သလို လက်ရှိကျောင်းကော်မတီ တာဝန်ကို ထမ်းဆောင်နေတဲ့သူပါ။ ဦးထွန်းထွန်းလင်းဟာ ကျေးရွာမှာ အမြဲနေထိုင်ပြီး ကျေးရွာမှာ သာရေး နာရေး အဖွဲ့အစည်းမှာ လုပ်ကိုင်နေတဲ့သူဖြစ်ပါတယ်။ အေအေ အဖွဲ့နှင့်လည်းပတ်သတ်မှုလုံးဝမရှိပါဘူး”ဟုပြောဆိုသည်။

ဦးထွန်းထွန်းလင်း ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ရပ်မိရပ်ဖများနှင့် မိသားစုဝင်များက တပ်မေတာ်စစ်ကြောင်းထံသွားရောက်၍ ရှင်းလင်းပြောဆိုခဲ့သော်လည်း ပြန်လည် လွှတ်ပေးခြင်းမရှိဟု သိရှိရသည်။

မီးဝကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်၊ ရပ်မိရပ်ဖတစ်ဦးလည်းဖြစ်သူ ဦးမောင်ကျော်ညွှန့်က “ဦးထွန်းထွန်းလင်းနှင့်ဦးဇော်ဇော်တို့ကို ဖမ်းဆီးထားတယ်ကြားလို့ ရွာကဆယ်အိမ်မှူး ရာအိမ်မှူးရပ်မိရပ်ဖ ကျောင်းဆရာကြီးကအစ တပ်မတော်စစ်ကြောင်း စခန်းချနေတဲ့နေရာကို သြဂုတ်လ ၁၂ ရက် နေ့မှာ သွားပြီး သူ့မှာ အပြစ်မရှိဘူးလို့ အကျိုးအကြောင်းကို သွားပြောပါတယ်။ ဒါပေမဲ့ လွှတ်မပေးပါဘူး ဦးထွန်းထွန်းလင်းလွတ်မြောက်လာအောင် နောက်ထပ်ပြီးတော ကြိုးစားသွားမှာပါ”ဟု ပြောသည်။

တပ်မတော်က ရခိုင်အမျိုးသား ၂ ဦးကို ဖမ်းဆီးထားမှုနှင့်ပတ်သက်ပြီး တပ်မတော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမပြုပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com