All News Local News

တင်ဒါအကြိမ်ကြိမ် ရှုံးနိမ့်ခဲ့တဲ့ စစ်တပ်ဦးပိုင်ကုမ္ပဏီရဲ့ Ever တံဆိပ်လျှပ်စစ်မီတာတွေ အဆုံးသတ်တော့မလား

တင်ဒါအကြိမ်ကြိမ် ရှုံးနိမ့်ခဲ့တဲ့ စစ်တပ်ဦးပိုင်ကုမ္ပဏီရဲ့ Ever တံဆိပ်လျှပ်စစ်မီတာတွေ အဆုံးသတ်တော့မလား

By ရန်ကုန်ခေတ်သစ်

တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ပြည်တွင်းမှာ ထုတ်လုပ်တဲ့ Ever အမှတ်တံဆိပ် ဒီဂျစ်တယ်မီတာတွေဟာ လျှပ်စစ်ဝန်ကြီးဌာနက ခေါ်ယူတဲ့ တင်ဒါတွေမှာ ၂၀၁၆ ခုနှစ်ကစလို့ အကြိမ်ကြိမ်ရှုံးနိမ့်နေတာ ၊ တင်ဒါ ပယ်ဖျက်ခံရတာတွေကြောင့် ဆယ်စုနှစ်တစ်ခုကျော် မင်းမူခဲ့တဲ့ ဦးပိုင်ထုတ် မီတာတွေ အဆုံးသတ်တော့မလားလို့ မေးခွန်းထုတ်မှု တွေရှိလာပါတယ်။

လျှစ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က သြဂုတ်လ ၂၁ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ လာရောက်ရှင်းလင်းစဉ် ဝန်ကြီးဌာနက ခေါ်ယူတဲ့ တင်ဒါတွေ အကြောင်း အသေးစိတ်ရှင်းလင်းသွားပါတယ်။ အဲဒီလို ရှင်းလင်းရင်းနဲ့ စစ်တပ် ဦးပိုင် လီမိတက် ရဲ့ တင်ဒါ ရှုံးနိမ့်မှု အခြေအနေတွေကိုပါ ထည့်သွင်းဆွေးနွေး တင်ပြခဲ့ပါတယ်။

စစ်တပ်ဦးပိုင်ရဲ့ လျှပ်စစ်မီတာထုတ်လုပ်မှုအစ

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က Myanmar Machinery Manufacturing ကုမ္ပဏီအမည်နဲ့ ၂၀၀၃ ခုနှစ်ကစလို့ ဆင်တဲမီတာစက်ရုံ၊တောင်ဒဂုံစက်မှုဇုန်မှာရှိတဲ့ မီတာစက်ရုံတွေမှာ က.စ.လ တံဆိပ် Analog မီတာတွေ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၀၃ လောက်စလို့ စစ်အစိုးရခေတ်တစ်လျှောက်လုံးမှာ အဲဒီ က.စ.လ အမှတ်တံဆိပ် လျှပ်စစ်မီတာတွေကိုပဲ အသုံးပြုခဲ့ကြရပါတယ်။

အဲဒီနောက် ၂၀၁၂ ခုနှစ်မှာတော့ Ever အမှတ်တံဆိပ်နဲ့ ဒီဂျစ်တယ်မီတာတွေကို စတင်ထုတ်လုပ်ခဲ့တာပါ။ သမ္မတဦးသိန်းစိန်လက်ထက်မှာတော့ Ever တံဆိပ် ဒီဂျစ်တယ် လျှပ်စစ်မီတာတွေ ဟာ ပြိုင်ဘက်မရှိဘဲ တစ်ဦးတည်း ဝန်ကြီးဌာနကေ ဝယ်ယူသုံးစွဲခဲ့ရတဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။

NLD အစိုးရ အာဏာရလာသောအခါ

NLD အစိုးရအာဏာရလာပြီးတဲ့နောက် ၂၀၁၆ ခုနှစ်အတွင်းမှာ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းဟာ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ထံမှ အိမ်သုံးမီတာအလုံးရေ နှစ်သိန်းနဲ့ စက်မှုသုံးမီတာ (၆၀၅၀၀) လုံးကို တိုက်ရိုက်စာချုပ်ချုပ်ဆိုဝယ်ယူရန်နှင့် ဆက်စပ်ပစ္စည်းများကို အိပ်ဖွင့်တင်ဒါဖြင့်ဝယ်ယူရန် ဝန်ကြီးဌာနအမှုဆောင်အစည်းအဝေးသို့ တင်ပြလာပါတယ်။ ဒါပေမယ့်လည်း ဝန်ကြီးဌာနရဲ့ အမှုဆောင်အစည်းအဝေးက အိတ်ဖွင့် တင်ဒါ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာမို့ တင်ဒါခေါ်ယူခဲ့ပါတယ်။

အဲဒီအခါမှာ မြန်မာ့စီးပွားရေးဦးပိုင်က Same Sky Trading ဆိုတဲ့ နာမည်နဲ့ ဝင်ရောက် တင်ဒါပြိုင်ခဲ့ပြီး ဦးပိုင် တစ်ဖြစ်လည်း Same Sky Trading နဲ့ ပုဂ္ဂလိက Alpha Power Engineering ကုမ္ပဏီ ၂ ခုပဲ တင်ဒါ ပြိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် မီတာကို ဖတ်နိုင်တဲ့ အဝေး လက်ကိုင်စက်တွေက Ever မီတာ ထုတ်လုပ်တဲ့ ဦးပိုင်က ပစ္စည်းတွေ စက်တွေဖြစ်တာမို့ အဲဒီစက်တွေနဲ့ ကိုက်ညီတဲ့ ဦးပိုင်ကုမ္ပဏီပဲ တင်ဒါ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို တင်ဒါ အနိုင်ရရှိမှုကို ပြန်လည် သုံးသပ်တဲ့အခါမှာ သတ်မှတ်ချက် Specification တွေ ရှိနေတာမို့ တရားမျှတမှုမရှိနိုင်တဲ့အတွက် ဦးပိုင်လက်အောက်မှာရှိတဲ့ Same Sky တင်ဒါကို ဝန်ကြီးဌနာက ပယ်ဖျက်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်တွင် တင်ဒါ မအောင်မြင်ခြင်း

၂၀၁၇ ခုနှစ်အတွင်းမှာ ပါဝါမီတာ အလုံး ၃၀၀ တင်ဒါ ခေါ်ယူခဲ့ပါတယ်။ ဒီတစ်ခါတော့ ဦးပိုင်ရဲ့ Same Sky ၊ Alpha Power နဲ့ Titan Source ကုမ္ပဏီ ၃ ခု တင်ဒါ ဝင်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ကုမ္ပဏီ ၃ ခုလုံးက အရည်အသွေးမီတဲ့ မီတာ မတင်ပြနိုင်တဲ့အတွက် ၂၀၁၇ ဒုတိယအကြိမ် တင်ဒါလည်း ဝန်ကြီးဌာနက တင်ဒါကို ထပ်မံ ပယ်ဖျက်ခဲ့ပြန်ပါတယ်။

၂၀၁၇ ခုနှစ်တွင် တတိယအကြိမ် မီတာ တင်ဒါခေါ်ယူခြင်း

၂၀၁၇ ခုနှစ်အတွင်းမှာ တတိယအကြိမ် မီတာတင်ဒါခေါ်ယူခဲ့ပြီး ယှဉ်ပြိုင်သူ ၆ ဦး အထိရှိလာပါတယ်။ အဲဒီမှာ နည်းပညာစိစစ်လိုက်တဲ့အခါ ၂ ဦးကပဲ နည်းပညာအောင်မြင်ပါတယ်။ အဲဒါကတော့ ဦးပိုင်ရဲ့ Same Sky နဲ့ Alpha power တို့ပဲဖြစ်ပါတယ်။

နည်းပညာအောင်မြင်ပြီး ကုမ္ပဏီ ၂ ခုဆီ မီတာဈေးနှုန်း အဆိုပြုမှုတွေ တောင်းခံတဲ့အခါမှာ Alpha power ရဲ့ဈေးနှုန်းစုစုပေါင်းဟာ ၈ ဒသမ ၁ ဘီလီယံခန့်ဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်ရဲ့ဈေးနှုန်းဟာ ၁၃ ဒသမ ၄ ဘီလီယံခန့်ဖြစ်ပါတယ်။ ထိုအခါမှာ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ရဲ့ အမည်နဲ့ဝင်ပြိုင်တဲ့ Same sky Ever မီတာဟာ ယှဉ်ပြိုင်သော ယှဉ်ပြိုင်ဘက်ထက် ဈေးနှုန်း ကျပ် ၅၃၄၃ သန်းပိုများနေတဲ့အခါမှာ တင်ဒါရှုံးတယ်ဆိုတာကို သဘောပေါက်သွားပြီးတော့ ပြည်ထောင်စုဝန်ကြီးထံကိုတော့ Myanmar Machinery Manufacturing ကုမ္ပဏီအမည်နဲ့ ထိုတင်ဒါကိုပြန်လည်စီစစ်ပေးပါရန် ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။

အဆိုပါကန့်ကွက်စာပေးပို့တဲ့အပေါ်မှာ Alpha power ကုမ္ပဏီ ကလည်း ပြည်ထောင်စုဝန်ကြီးထံကို ယှဉ်ပြိုင်မှုရလဒ်အတိုင်း အတည်ပြုပေးပါရန်ဆိုပြီး ပေးပို့ခဲ့ပါတယ်။ (၇)လပိုင်းမှာကျတော့ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်က ၎င်းတို့ရဲ့မီတာများကိုဦးစားပေးရွေးချယ်ပေးပါဆိုပြီး ထပ်မံအကြောင်းကြားလာပါတယ်။

၂၀၁၈ ဇန်နဝါရီလ ဝန်ကြီးဌာနရဲ့ အမှုဆောင်ကော်မတီအစည်းအဝေးမှာ မိမိတင်ဒါအောင်မြင်မှုအတွက် အစိုးရအရာရှိများထံမှာ၎င်း သြဇာရှိသောပုဂ္ဂိုလ်များထံမှ၎င်း အကူအညီရယူရန်ကြိုးစားလျှင် တင်ဒါအားပယ်ဖျက်သွားမည်ဟုပါရှိပြီး တင်ဒါဈေးနှုန်းဖွင့်ဖောက်ပြီးနောက် ကုမ္ပဏီအသီးသီးက ပြည်ထောင်စုဝန်ကြီးထံ ၎င်းတို့ရဲ့ တင်ဒါအားရွေးချယ်ရန်အကြိမ်ကြိမ်တင်ပြခဲ့ကြမှုအတွက် သမ္မတရုံးရဲ့တင်ဒါနဲ့ပတ်သက်တဲ့ညွှန်ကြားချက်အရ ပယ်ဖျက်ခဲ့ပြန်ပါတယ်။

မီတာ အလုံးရေ ၃ သိန်း ၆ သောင်းကျော် တင်ဒါတွင် ဦးပိုင်ရှုံးနိမ့်ခြင်း

လျှပ်စစစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် ၊ အောက်တိုဘာလ ၁၆ ရက်နေ့မှာ မီတာ အလုံးရေ ၃ သိန်း ၆ သောင်းကျော်အတွက် တင်ဒါခေါ်ယူခဲ့ပြန်ပါတယ်။ ကျေးလက်သုံးမီတာ ၁ သိန်း၊ မြို့ငယ်သုံး မီတာ ၁ သိန်းခွဲ ၊ မြို့ကြီးသုံး မီတာ အလုံးရေ ၁ သိန်း ၊ လုပ်ငန်းသုံး မီတာ အလုံးရေ ၁ သောင်း ၊ လုပ်ငန်းသုံး ဒုမီတာ အလုံးရေ ၃၇၀၀ စုစုပေါင်း ၃ သိန်းခြောက်သောင်း သုံးထောင်ခုနစ်ရာအတွက် တင်ဒါ ခေါ်ယူခဲ့တာပါ။ ဒီတစ်ခါတော့ ကုမ္ပဏီ ၉ ခုက အပြိုင်အဆိုင် တင်ဒါ ဝင်ပြိုင်ခဲ့ကြပါတယ်။

စီးပွားရေးဦးပိုင်က နည်းပညာအောင်မြင်တဲ့ ကုမ္ပဏီမှာ တင်ဒါ ရခဲ့ပေမယ့် ဈေးနှုန်းကြီးမြင့်လို့ အဲဒီ တင်ဒါကို သူမရလိုက်ပါဘူး။ ကျေးလက်သုံး မီတာ အလုံးရေ ၁ သိန်းအတွက် Junction River က တင်ဒါ အောင်မြင်ခဲ့ပြီး မြို့နယ် သုံး မီတာ ၁ သိန်းခွဲအတွက် Titan Source ၊ မြို့ကြီးသုံး မီတာ ၁ သိန်း အတွက် Titan Source ၊ လုပ်ငန်းသုံးမီတာတင်ဒါအတွက် Alpha Power က တင်ဒါ အောင်မြင်ခဲ့တာပါ။

လျှစ်စစ်ဝန်ကြီးဌာနကတော့ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီတွေရဲ့ ဈေးနှုန်းသက်သာမှုကြောင့် ပြည်သူ့ငွေ ၃၁၂၁ ဒသမ ၅ ကျပ်သန်း သက်သာ သွားတယ်လို့ ဆိုပါတယ်။

မီတာလုံးရေ ၅ သိန်း ၇ သောင်း တင်ဒါတွင် ဦးပိုင် ထပ်မံ ရှုံးနိမ့်ခြင်း

လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ ကျေးလက်မီတာ ၂ သိန်းခွဲ ၊ မြို့ငယ် မီတာအလုံးရေ ၁ သိန်း၊ မြို့ကြီးမီတာ အလုံးရေ ၂ သိန်း ၇ သောင်းအတွက် တင်ဒါ ထပ်မံ ခေါ်ယူခဲ့ပါတယ်။ ဒီတင်ဒါမှာ ကုမ္ပဏီ ၁၃ ဖွဲ့ ယှဉ်ပြိုင်ခဲ့ပြီး နည်းပညာအောင်မြင်တဲ့ ကုမ္ပဏီ ၉ ခုရှိခဲ့ရာမှာ ဦးပိုင်လည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဈေးနှုန်း အဆိုပြု တင်ပြခိုင်းတဲ့အခါမှာ ဦးပိုင်ရဲ့ Ever မီတာတွေဟာ ဈေးကြီးလွန်းတဲ့အတွက် တင်ဒါ ထပ်မံ ရှုံးနိမ့်ခဲ့ပါတယ်။ Junction Over က ကျေးလက်မီတာ တင်ဒါ အားလုံး ရရှိပြီး Supreme Trading က မြို့ငယ်နဲ့ မြို့ကြီး မီတာ အားလုံးကို တင်ဒါ ရရှိသွားခဲ့ပါတယ်။

သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အဂတိထံ တိုင်ကြားခြင်း

ဦးပိုင်ကုမ္ပဏီက တင်ဒါ ရှုံးနိမ့်မှုတွေ ပယ်ဖျက်ခံရ မှုတွေနဲ့ပတ်သက်လို့ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ သက်ဆိုင်ရာအကြီးအကဲတွေကို တိုင်စာတွေပို့ခဲ့ပါတယ်။

ဒီတိုင်ကြားမှုတွေရဲ့ နောက်ဆက်တွဲ ဝန်ကြီးနဲ့ ဒုဝန်ကြီး စစ်ဆေးခံရတဲ့ သတင်းတွေလည်း အတိအကျ ထွက်ပေါ်ခဲ့ပါတယ်။

လျှပ်စစ်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်ကတော့ သြဂုတ်လ ၂၁ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ တင်ဒါတွေကို တစ်ဦးတည်းကို ပေးခဲ့တာမဟုတ်ဘဲ စည်းကမ်းစည်းမျဉ်းတွေနဲ့ အညီ ရွေးချယ်ခဲ့တာလို့ ပြောဆိုထားပါတယ်။

လက်ရှိအခြေအနေမှာတော့ နှစ်ပေါင်းများစွာ မင်းမူခဲ့တဲ့ က.စ.လ တံဆိပ် မီတာတွေနဲ့ Ever ဒီဂျစ်တယ် မီတာတွေ ပျောက်ကွယ်တော့မလားဆိုတဲ့ မေးခွန်းတွေက ထွက်ပေါ်နေပါတယ်။

“နည်းပညာလည်းအောင်ပေမယ့် သူတို့က ဈေးနှုန်းက များနေလို့ပါ။ နောက်တင်ဒါတွေမှာ ဈေးနှုန်းကို သူများထက်သက်သာအောင် လုပ်နိုင်ရင် သူတို့လည်း တင်ဒါ အောင်နိုင်တာပဲ ။ အဲဒါဆိုရင် သူတို့ တံဆိပ်တွေက ဆက်ပြီး တည်ရှိနေဦးမှာပဲလေ” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ သုံးသပ်ပြောဆိုပါတယ်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com