interview Peace political news

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က လွယ်တော့မလွယ်ကူဘူး။ သို့သော်လည်း အလုပ်ကိုတော့ လုပ်ဖြစ်အောင်တော့ လုပ်ကြရမှာပေါ့”

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က လွယ်တော့မလွယ်ကူဘူး။ သို့သော်လည်း အလုပ်ကိုတော့ လုပ်ဖြစ်အောင်တော့ လုပ်ကြရမှာပေါ့”

By နန့်အိသူ/ ရန်ကုန်ခေတ်သစ်

ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်း နှင့် ဆက်သွယ်မေးမြန်းချက်

လက်ရှိဖြစ်ပေါ်နေသော ငြိမ်းချမ်းရေး အခြေအနေအပါအဝင် PPST အစည်းအဝေး အပြီး အခြေအနေများနှင့်ပတ်သက်ပြီး PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။အစိုးရကနေ အဆိုပြုထားတဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းစဉ်များအပါအဝင် ငြိမ်းချမ်းရေးအဆိုပြုချက် အချက် ၄ ချက်အပေါ် ဘယ်လိုနားလည်ပါသလဲ။

ဖြေ။ ။ အစိုးရက အဆိုပြုတဲ့ အဆိုပြုချက် ၄ ချက်က တကယ်တော့ ဒီဟာတွေကို စတင်အဆိုပြုတဲ့သူက ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေက အဆိုပြုတဲ့ အဆိုပြုချက်တွေကို အစိုးရဘက်က အမြင်နဲ့ ပြန်ပြီးမှ အဆိုပြန်ပြုတာ ဖြစ်ပါတယ်။

မေး။ ။ ။ PPST အစည်းအဝေးကနေ ညှိနှုှုှိုင်းရေးအဖွဲ့ နှစ်ဖွဲ့ ဖွဲ့စည်းခဲ့တယ်။ ဒီနှစ်ဖွဲ့က ဘာတွေ စပြီး ဘာတွေ လုပ်နိုင်မလဲ။

ဖြေ။ ။ အဓိက ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေက ပြောခဲ့တာ ရှိတယ်။ အစိုးရ ကလည်း ပြန်ပြီး အဆိုပြုတာလည်း ရှိတယ်။ အဆိုပြုချက် လုပ်ငန်းစဉ် ၄ ရပ်ထဲမှာ ကျနော်တို့ အရင် NCA အကောင်အထည်ဖော်မှုနှင့် ပတ်သက်ပြီးတော့ တစ်ဆို့နေတာ ၊ လုပ်စရာရှိတာတွေကို အဲ့တာကို အရင်ဆွေးနွေးကြမယ်။ ဆွေးနွေးမယ်ဆိုတော့ တပ်ပိုင်းဆိုင်ရာကိစ္စ ၊ပူးတွဲစောင့်ကြည့်ရေးကော်မတီ ကိစ္စ ၊ ကြားကာလ ကိစ္စ အဲဒါမျိုးတွေပေါ။ အဲဒီကိစ္စရပ်တွေကို ရှိတယ်။ အဲဒါတွေ ကျနော် မပြောသေးဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချက်တွေကို မဖြေရှင်းနိုင်သေးရင် အပစ်အခတ်ရပ်စဲရေးက ခိုင်မာမှု အားနည်းမှာပေါ့။ ကျန်တာတော့ ကိုယ်စားလှယ်တစ်ဦးစီနဲ့ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဦးဆောင်တာတော့ ဗိုလ်မှူးကြီး စိုင်းငင်းပါ။

မေး။ ။ PPST မှာ မွန်ပြည်သစ်ပါတီ ( NMSP ) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU ) က တင်းပြည့် အဖွဲ့ဝင်အဖြစ် ပါဝင်လာတဲ့အပေါ် ဘာပြောချင်တာ ရှိလဲ။

ဖြေ။ ။ အခုတော့ အဓိက NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံး တင်းပြည့် ကြပ်ပြည့် အင်ပြည့်အားပြည့် ပါဝင်လာတာပေါ့။ အရင်တုန်းက လားဟူနဲ့ မွန်ပြည်သစ်တို့ကတော့ သူတို့က PPST မှာအဖွဲ့ဝင် အနေနဲ့တော့ ချက်ချင်း မပါဝင်နိုင်သေးဘူး။ လက်မှတ်ထိုးပြီးပြီးချင်း ၊ ဒါပေမဲ့ ၁ နှစ်လောက်ကြာတဲ့အချိန်မှာ သူတို့ကိုယ်တိုင် PPST နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ တင်းပြည့်အဖွဲ့ဝင် မဟုတ်ပေမဲ့ ပူးပေါင်းပြီး အစည်းအဝေးတက် ၊ ညှိနှိုင်းဆောင်ရွက်ခဲ့တာ ၊ အခုတော့ သူတို့က တင်းပြည့်အဖွဲ့ဝင် ထဲ ဝင်လိုက်ပြီး ဖြစ်တဲ့အတွက် အလုပ်တွေက ပိုပြီးတော့ ကျနော်တို့ ကြားထဲမှာ ပိုပြီးညှိနှိုင်းဖို့ အားကောင်းလာမှာ ဖြစ်ပါတယ်။

မေး။ ။ အစိုးရက အဆိုပြုထားတဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းစဉ်များအပါအဝင် အချက် ၄ ခုကို တပ်မတော်ဘက်က သဘောတူနိုင်လား။

ဖြေ။ ။ ကျနော်တို့ နားလည်တာက လွှတ်တော် ၊ အစိုးရ ၊ တပ်မတော် ၊ အဲဒါက ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ လာရောက် ဆွေးနွေးတာဖြစ်တဲ့အတွက် အစိုးရ ၊ တပ်မတော် ၊ လွှတ်တော် ကိုယ်စားပြု ပြီး လာရောက်ဆွေးနွေးတယ်ဖြစ်တယ်လို့ မှတ်ယူထားပါတယ်။

မေး။ ။ ၂၀၂၀ မတိုင်ခင် နှင့် ၂၀၂၀ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စရပ်များ ဘယ်လို့ဖြစ်လာနိုင်လဲ ။

ဖြေ။ ။ အဓိကကတော့ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ် ကလည်း ပြောတယ်ဗျာ ၊ ၂၀၂၀ မတိုင်ခင်မှာ ငြိမ်းချမ်းရေး ပြည်သူလက်ထဲ အပ်မယ်ဆိုတော့ ၊ နောက်တစ်ခါ နိုင်ငံတော်အတိုင်ပင်ခံ ပြောတာ ရှိတယ်။ ၂၀၂၀ မတိုင်ခင် အခြေခံမူတွေ ရအောင်လုပ်မယ်ဆိုတော့ တစ်ဖက်မှာ စကားတွေ ရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတော့ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အတင်း ဆွဲခေါ်သွားမလား ၊ ဒရွတ်တိုက် ဖြစ်သွားမလား ဆိုတာ စိုးရိမ်ချက်တွေ ကလည်း ရှိတယ်။ အဲဒါကြောင့် နိုင်ငံရေးဆွေး နွေးမှုတွေနဲ့ ၂၀၂၀ မတိုင်ခင် နိုင်ငံရေးဆွေးနွေးမှု ကျနော်တို့ လုပ်ပြီးတော့ မပြီးသတ်သေး တော့ ၂၀၂၀ အလွန်မှာ အပြီးသတ်ဖို့ သဘောတူညီချက်ရဖို့ ပြောဆိုတာ ဖြစ်ပါတယ်။

မေး။ ။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် တစ်ဆို့နေတာ ဘာကြောင့်လဲ။

ဖြေ။ ။ အဓိက က ယုံကြည်မှုပဲ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလည်ယုံကြည်မှု ၊ အခြေခံ အကြောင်းကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ကြာလာတဲ့အခါတော့ အီလာတယ်။ အီလာတဲ့အပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် ၊ တစ်ဖက်နဲ့ တစ်ဖက် အထင်အမြင် လွဲမှားတာတွေ ဒါတွေကတော့ ဆက်ပြီးတော့ ညှိနှိုင်းသွားရမှာပဲ။

မေး ။ ။ တပ်ဘက်ကပြောတော့ ငြိမ်းချမ်းရေး မူ ၆ ချက်ကို ကိုင်စွဲထားတယ်။ ဒီငြိမ်းချမ်းရေး မူ ၆ ချက်ကိုင်စွဲနေပါက လက်ရှိ ငြိမ်းချမ်းရေးက အဆင်ပြေပါမလား။

ဖြေ။ ။ တပ်မတော်ကတော့ မူ ၆ ချက်ကတော့ သူဘာသာ ပြောတာပဲ။ ကျနော်တို့ကတော့ NCA လက်မှတ်ထိုးတဲ့အခါ အဲ့ မူ ၆ ချက်က မပါဘူး။ သူသဘောထား သူပြောခွင့် ရှိတာပေါ့။ ကျနော်တို့ကလည်း ကျနော်တို့ သဘောထားပြောခွင့် ရှိတာပေါ့။ သို့သော် နှစ်ဖက် သဘောတူထားတဲ့ အချက်တော့ မဟုတ်ပါဘူး။ ဒါကြောင့်မို့ တပ်မတော်က သူ မူ စွဲကိုင် တာက သူအပိုင်း ၊ ကျနော်တို့ကတော့ ကျနော်တို့ NCA သဘောတူညီချက်အတိုင်း ကျနော်တို့က ဆက်လက်ဖော်ဆောင်မှာ ဖြစ်ပါတယ်။

မေး ။ ။ NCA လုပ်ငန်းစဉ်ကို အစကနေ ပြန်စနေရသလို ဖြစ်နေလား။

ဖြေ။ ။ မဖြစ်ပါဘူး။ အခုလက်မှတ်ရေးထိုးပြီးတဲ့ ကာလ ၃ ၊ ၄ နှစ် ကာလအတွင်းမှ NCA အကောင်အထည်ဖော်တဲ့ ယန္တရားတွေ ၊ အလုပ်တစ်ခုလုပ်လိုက်တဲ့အခါကျတော့ အရင်က ဒီလိုအလုပ်မျိုး က မြန်မာပြည် နှစ် ၇၀ သမိုင်းမှာ မရှိခဲ့ဘူး။ အခုတော့ ဒီလိုအလုပ်မျိုး အခုမှ စလုပ်ကြတာအခါကျတော့ လုပ်တဲ့အခါ ကိုယ်ရဲ့ အတွေ့အကြုံတွေ ၊ ပိုပြီးတော့ အမှားအမှန်တွေ ၊ အခြေအနေနဲ့ ကိုက်ညီမှုမရှိ ၊ ပိုသိလာတဲ့အခါ ကျနော်တို့ ကျန်တဲ့အချိန်မှာ ဒီအတွေ့အကြုံတွေကို သင်ခန်းစာယူ ပြီး အရှေ့ကို ဆက်သွားနိုင်မှာပါ။

မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပြန်စဖို့ လွယ်ကူနိုင်ပါမလား ။

ဖြေ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က လွယ်တော့မလွယ်ကူဘူး။ သို့သော်လည်း အလုပ်ကိုတော့ လုပ်ဖြစ်အောင်တော့ လုပ်ကြရမှာပေါ့ ။

မေး။ ။ NCA က အခုချိန် အလုပ်မဖြစ်တဲ့ သဘောဖြစ်နေတယ်ဆိုပြီး တချို့တိုင်းရင်းသားရေးရာ သုံးသပ်သူတွေက ပြောဆိုနေတော့ လက်ရှိ ငြိမ်းချမ်းရေးအပေါ် သွေဖယ်နေတဲ့သဘောလား၊ ဘာများ ပြောဆိုချင်တာ ရှိလဲ။

ဖြေ။ ။ အဓိက NCA သမိုင်းက မြန်မာပြည်သမိုင်းမှာ သူတို့ သဘောတူညီချက် ရတာမျိုးဖြစ်တယ်။ တစ်ခုတော့ ရှိတယ်။ ကျနော်တို့က အလုပ်မဖြစ်တာလား ၊ မလုပ်တက်တာလား ၊ အဲ့တော့ NCA က ကျနော်တို့ အလုပ်မဖြစ်တာ မဟုတ်ဘူး။ ကျနော်တို့ စပြီး လုပ်စဉ် လုပ်တက်ကိုင်တက် အားနည်းမှု ၊ ချို့ယွင်းမှု ၊ ဒီအပေါ်တွေမှ အခြေခံပါတယ်။ အဓိက NCA က အလုပ်မဖြစ်တာ မဟုတ်ပါဘူး။

မေး။ ။ လက်ရှိ တပ်မတော် နှင့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့တို့ တိုက်ပွဲတွေ လျော့ချပြီး နိုင်ငံရေးဆွေးနွေးမှု တဆင့် အဖြေရှာနိုင်ပါလား ဆိုတဲ့အချက်အပေါ် ဘာများ ဆွေးနွေးခဲ့တာရှိလဲ။

ဖြေ။ ။ အဲဒါက ကျနော်တို့က နှစ်ဖက်စလုံးကို တိုက်တွန်း တာပါ။ အဓိက ကျနော်တို့တိုင်းပြည်မှာ အဖြေကတော့ ကျနော်တို့ နိုင်ငံရေးပြဿနာတွေ ရှိတယ်ဆိုတာ လက်ခံဖို့ လိုတယ်။ နိုင်ငံရေးပြဿနာဆိုတာ အမျိုးသားရေးပြဿနာတွေ ဖြစ်တယ် ။ အဲဒီပြဿနာတွေ ဖြေရှင်းဖို့က အင်အားသုံးဖြေရှင်းနည်းနဲ့တော့ ဖြေရှင်းလို့မရဘူး။ ဒါကြောင့် နိုင်ငံရေးညှိနှိုင်းဆွေးနွေးရအောင် NCA မှာ ကျနော်တို့က သဘောတူထားပြီးသား ဖြစ်တယ်။ အဲ့ဒီအခြေခံကနေ ကျနော်တို့က နှစ်ဖက်စလုံးကို ပန်ကြားတာ ဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com