Local News Peace political news

ကွတ်ခိုင်တွင် တိုက်ပွဲများကြောင့် လသားအရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာပြင်းထန်

ကွတ်ခိုင်တွင် တိုက်ပွဲများကြောင့် လသားအရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာပြင်းထန်

ရန်ကုန်၊ သြဂုတ် ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားပြီး လသားအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ကလေးငယ် ၂ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း အရပ်သား ၅ ဦးသေဆုံးသွားကြောင်း ကွတ်ခိုင်မြို့နယ် စစ်ဘေးရှောင် အရေးပေါ် ကယ်ဆယ်ရေးကွန်ရက်မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ နံနက် မှ စတင်၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ယခုအချိန်အထိ ပစ်ခတ်သံများကြားနေရဆဲဖြစ်ကြောင်း၊ နေ့လယ်ပိုင်းတွင် ကွတ်ခိုင်မြို့မှ မူဆယ်ဘက်သို့ အထွက် ၂ ရပ်ကွက် အနီး မော်ဟီစုစည်း ကျေးရွာမှ အရပ်သား ၅ ဦး လက်နက်ကြီးကျည်ကျရောက်၍ သေဆုံးသွားကြောင်း သိရှိရသည်။

“မနက်ပိုင်းက ဖြစ်တာက ရပ်ကွက် ၈ မှာ ။ နောက် နေ့လယ်လောက်မှာ ပြန်ဖြစ်တာက ရပ်ကွက် ၂ ဘက်မှာ။ ကွတ်ခိုင်က အထွက် မူဆယ် ဘက်အသွား။ တိုးဂိတ်နားမှာ။ မော်ဟီစုစည်းကျေးရွာဘက်မှာက ၅ ယောက်သေတယ်။ အလောင်းတွေ သွားသယ်ပြီးပြီ။ ကွတ်ခိုင်ဆေးရုံကို ပို့လိုက်တယ်။ ဒဏ်ရာရတာက ၃ ဦး။ ၃ ဦးမှာ ၂ ဦးက လားရှိုးဆေးရုံကို ပို့လိုက်ပြီ။ ၁ ဦးကတော့ သိပ်ပြီး မစိုးရိမ်ရလို့ ကွတ်ခိုင်ဆေးရုံမှာပဲ ” ဟု ကွတ်ခိုင်မြို့ စစ်ဘေးရှောင် အရေးပေါ် ကယ်ဆယ်ရေးကွန်ရက်မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ယနေ့ နံနက်ပိုင်း စတင်သော တိုက်ပွဲများကြောင့် ကွတ်ခိုင်တစ်မြို့လုံးမှ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြပြီး ဈေးဆိုင်များ အားလုံးပိတ်ထားကြောင်း၊ မြို့တစ်ခုလုံး လူအသွားအလာမရှိဘဲ တိတ်ဆိတ်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts