All News Local News Peace

ကျောက်တော်မှ ဆင်အိုးချိုင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး တို့ကို ဓားဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်တွေ့ရှိ

ကျောက်တော်မှ ဆင်အိုးချိုင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး တို့ကို ဓားဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်တွေ့ရှိ

By ကျော်လှမြင့်/ ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မှ ဆင်အိုးချိုင်ကျေးရွာအုပ်စုမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးတို့ကို ကုလားတန်မြစ်ကမ်းကမ်းသောင်စပ်တွင် ထိုးသွင်းဓါးဒဏ်ရာများနှင့်သေဆုံးလျက်တွေ့ရှိရကြောင်း သိရှိရသည်။

ဆင်အိုးချိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းမောင်နှင့် ရာအိမ်မှူး ဦးမောင်ဝင်းနိုင်တို့သည် သြဂုတ်လ ၃ ရက်နေ့က ဆင်အိုးပေါက်တော ရွာဘက်သို့ သွားရောက်ကြကြောင်း၊ သြဂုတ်လ ၅ ရက်နေ့တွင် မြစ်ကမ်းစပ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးလျက်ပြန်လည်တွေ့ရှိရကြောင်း မိသားစုဝင်များက ပြောဆုသိည်။

သေဆုံးသွားသူ ဆင်အိုးချိုင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးသန်းမောင်၏သမီးဖြစ်သူဒေါ်မစောမော်မှ”ကျမတို့အဖေဟာ သြဂုတ်လ ၃ ရက်နေ့မှာ ဆင်အိုးပေါက်တော မွတ်စလင် ရွာကို စာရင်းဇယားလုပ်စရာရှိတယ်သွားပါတယ်။ နေ့လည် ၂ နာရီခန့်မှာ အဲဒီရွာက မွတ်ဆလင်လူငယ် တစ်ဦးက ဦးလေးတို့ကို ဖမ်းသွားပါတယ်ဆိုပြီးလာပြောတယ်။ ဘယ်သူဘယ်ဝါ ဖမ်းသွားတယ်ဆိုတာကို မပြောဘူး။ သြဂုတ်လ ၅ ရက်နေ့ ညနေ ၃ နာရီခန့်မှာ ထိုးသွင်းဓါးဒဏ်ရာများနဲ့ မြစ်ကမ်းသောင်စပ်မှာ သေ
ဆုံးနေတာကိုတွေ့ရပါတယ်။ အရင်တုန်းက အဲဒီရွာနဲ့ကျမတို့ရွာ မင်းလမ်းမြေယာကိစ္စနဲ့ အငြင်းပွားမှု ရှိခဲ့ပါတယ်”ဟု ပြောဆိုသည်။

သေဆုံးသွားသူ ဆင်အိုးချိုင်ကျေးရွာ အုပ်စု သာဒါဆိပ်ကျေးရွာမှ ရာအိမ်မှူးဦးမောင်ဝင်းနိုင်၏ ညီမဖြစ်သူ ဒေါ်မဆန်းနွယ်မှလည်း”ကျမတို့အကိုဟာ သြဂုတ် ၃ ရက်နေ့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးဆိုသူနဲ့ ဆင်အိုးပေါက်တောမွတ်စလင် ရွာကိုသွားတယ်။ အဲဒီရွာမှာ ပျာက်ဆုံးသွားတယ် သြဂုတ် ၄ ရက် နေ့မှာ ထိုးသွင်းဓားဒဏ်ရာများနဲ့ မြစ်ကမ်းသောင်စပ်မှာ သေဆုံးနေပြီး အလောင်းရောက်လာပါတယ် ဒီလောက်ပဲသိပါတယ်”ဟု ပြောဆိုသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးသန်းမောင်နှင့်ရာအိမ်မှူးဦးမောင်ဝင်းနိုင်တို့ သေဆုံးမှုနှင့်ပတ်သက်ပြီး ကျောက်တော်မြို့မရဲစခန်းတွင် ဆင်အိုးပေါက်တောကျေးရွာမှ ရွာသားတစ်ချို့ကို ခေါ်ယူစစ်ဆေး မှုများ ရှိနေသော်လည်း အဓိက တရားခံလက်သည်ကို ဖမ်းဆီးရမိခြင်းမရှိသေးဟု သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts