All News Local News Peace

ကျောက်တော်တွင် စစ်တပ်က လမ်းပြခေါ်သွားသည့် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး မိုင်းထိ၍ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာအပြင်းအထန်ရ၊ ရခိုင်လူငယ် ၂ ဦး လည်း အဖမ်းခံထားရ

ကျောက်တော်တွင် စစ်တပ်က လမ်းပြခေါ်သွားသည့် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး မိုင်းထိ၍ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာအပြင်းအထန်ရ၊ ရခိုင်လူငယ် ၂ ဦး လည်း အဖမ်းခံထားရ

By ကျော်လှမြင့်/ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် တပ်မတော်က လမ်းပြ အဖြစ် ခေါ်ဆောင်သွားသူ ၂ ဦးအနက်မှ ၁ ဦးမှာ မိုင်းထိ၍ ၁ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

ကျောက်တော်မြို့နယ်၊ မာလာအုပ်စု၊ အထက်ခပေါ် ကျေးရွာမှ ဦးလှမောင် ရာအိမ်မှူး အသက် ၃၅ နှစ်နှင့် ဆယ်အိမ်မှူး ဦးသောကြာအောင် အသက် ၅၁ နှစ်တို့ကို မြန်မာစစ်တပ် တပ်ရင်း ၃၇၅ က သြဂုတ်လ ၆ ရက်နေ့က လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ကြောင်း၊ လမ်းပြ အဖြစ် ခေါ်ဆောင်သွားပြီးနောက် ၂ ဦးစလုံး မိုင်းထိ၍ ရာအိမ်မှူး ဦးလှမောင်သည် ဘယ်ဘက်ခြေထောက်ပြတ်၍ သေဆုံးသွားကြောင်း၊ ဆယ်အိမ်မှူး ဦးသောကြာအောင်မှာ မူ တစ်ကိုယ်လုံးဒဏ်ရာရရှိခဲ့ပြီး တပ်ရင်း ၃၇၅ အတွင်းတွင်ပင် ဆေးကုသမှု ပေးလျက်ရှိကြောင်း သိရှိရသည်။

“မိုင်းထိ သေသွားတဲ့ရာအိမ်မှူးအတွက်ကတော့ စစ်တပ်က ထောက်ပံ့မှု လုပ်ပေးမယ်လို့ကြားပါတယ်။ တကယ် ထောက်ပံ့မှု ပေးသလား၊ မပေးဘူးလားကတော့ သေချာမသိဘူး။ ဒဏ်ရာရသွားတဲ့ ဆယ်အိမ်မှူး ဦးသောကြာအောင်ကိုတော့ ဆေးရုံမပို့ဘဲ အဲဒီတပ်ရင်းထဲမှာပဲ ဆေးကုသမှု ပေးနေတယ်လို့ ပြောတယ်။ ဘယ်လောက်အခြေအနေဆိုးလဲ ၊ အခြေအနေကောင်းလားလည်း မသိရဘူး” ဟု ဒေသခံ ကျေးရွာသားတစ်ဦးက ပြောသည်။

သြဂုတ် ၁၂ ရက်နေ့ ညပိုင်းကလည်း ကျောက်တော်မြို့နယ် မိန်းဝကျေးရွာမှ ကိုထွန်းထွန်းလင်းနှင့် ကိုဇော်ဇော် ဆိုသည့် လူငယ်နှစ်ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း၊ လက်ရှိအချိန်အထိ ကျောက်တော်ရဲစခန်းသို့ ပို့ဆောင်ခြင်းမရှိသေး၍ ဖမ်းဆီးစစ်ဆေးနေပုံရကြောင်း ဒေသခံကျေးရွာသားများထံမှ သိရှိရသည်။

တပ်မတော်က အရပ်သားများကို ဖမ်းဆီးခေါ်ဆောင် လမ်းပြမှုနှင့် ယမန်နေ့ညက လူငယ် ၂ ဦး ဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာ ဖုန်းကို လက်ခံ ဖြေဆိုခြင်းမပြုပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com